မွန်ပြည်နယ် ရေးမြို့နယ်တရားရုံး၏ လုပ်ငန်းစဉ်များကို မွန်ပြည်သစ်ပါတီ ဝင်ရောက်စွက်ဖက်မှုများ ပြု
လုပ်နေကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ဟင်္သာမီဒီယာသို့ပြောကြားသည်။

logo-copy

ရေးချောင်းဖျားတွင် ဖြစ်ပွားခဲ့သည့် ခြံမြေအရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍ မကျေနပ်သူများမှ ရေးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်တိုင်ကြားခဲ့ရာ မွန်ပြည်သစ်ပါတီမှ ၎င်းနယ်မြေတွင် ဖြစ်ပွားခဲ့သည့်အတွက် အခြားတရားရုံးသို့ တိုင်ကြားခြင်းကို ခွင့်မပြုဟုဆိုကာ ရေးမြို့နယ်တရားရုံးသို့ စာပို့အကြောင်းကြားခဲ့ကြောင်း စာထုတ်ကာ ပေးပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒါကဘာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ မဏ္ဍိုင်သုံးရပ်မှာ တရားစီရင်ရေးမဏ္ဍိုင်ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်တယ်၊ ဝင်ပြီးတော့ စွက်ဖက်တယ်၊ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်နေတယ်” ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောဆိုသည်။

မွန်ပြည်သစ်ပါတီသည် NCA လတ်မှတ်ထိုးရာတွင် ပါဝင်ခြင်းမရှိသော်လည်း ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုထားကြောင်း ၎င်းထံမှ သိရသည်။
အဆိုပါငြိမ်းချမ်းရေးစာချုပ်တွင် လူသစ်စုဆောင်းခြင်း၊ စစ်သင်တန်းဖွင့်လှစ်ခြင်း၊ အင်အားတိုးချဲ့ခြင်း၊ ပြည်သူလူထုကို ဆက်ကြေးကောက်ခံခြင်း၊ နယ်ဘက်အုပ်ချုပ်ရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းများ မပြုလုပ်ရန်ပါရှိကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါသဘောတူစာချုပ် မွန်ပြည်သစ်ပါတီက ချိုးဖောက်မှုများရှိနေကြောင်း ၎င်းက ဆိုသည်။
ရေးမြို့နယ်တရားရုံးသည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေနှင့်အညီ တည်ထောင်ဖွင့်လှစ်ထားသော တရားရုံးဖြစ်ပါ၍ ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ ရေးမြို့နယ်တွင် ဖြစ်ပွားသောမှုခင်းများကို လက်ခံစစ်ဆေး စီရင်ပိုင်ခွင့်ရှိကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

ရေးမြို့နယ်တရားရုံးသို့ မွန်ပြည်သစ်ပါတီမှ စာထုတ်ပေးပို့ခဲ့သည့်အတွက် အဆိုပါကိစ္စကို ကန့်ကွက်ကြောင်းနှင့် သတိပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောဆိုသည်။

အဆိုပါအမှုတွင် စွပ်စွဲသူများ လာရောက်ရန် စက်တင်ဘာ ၁၅ ရက်နေ့သို့ ချိန်းဆိုထားသော်လည်း စွပ်စွဲခံရသူများ တရားရုံးလာရောက်ခြင်းမရှိ၍ ၂၂ ရက်နေ့သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း ရေးမြို့နယ် တရားရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရေးမြို့နယ်နေ ဒေါ်ချမ်းလွင်က ဦးသောင်တင်နှင့် ဦးချစ်သန်းတို့အပေါ် ၎င်းအပိုင် ဥယျာဉ်ခြံမြေ(၃၀) ဧကခန့်အား ကာလတန်ဖိုးကျပ်(၁၆)သိန်းဖြင့် ရောင်းချမည်ဟု လိမ်လည်ပြောဆိုကာ တစ်ဦးလျှင် စရံငွေ ကျပ်၁၀ သိန်းစီ လိမ်လည်ရယူသဖြင့် ဒေါ်ချမ်းလွင်ကို အရေးယူပေးပါရန် ၈.၉.၂၀၁၆ ရက်နေ့တွင် ရေးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည့်အမှုဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရေးမြို့နယ်တရားရုံးမှ ရာဇဝတ်ကြီးမှုအမှတ်-၃၇၀/၂၀၁၆ဖြင့် လက်ခံအမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၄၁၇ အရ အရေးယူဆောင်ရွက်ခဲ့စဉ် မွန်ပြည်သစ်ပါတီမှ ၎င်းတို့နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် အခြားတရားရုံးတွင် တိုင်ကြားခြင်းခွင့်မပြုဟုဆိုကာ မွန်ပြည်သစ်ပါတီအတွင်းရေးမှူး လက်မှတ်ဖြင့် ရေးမြို့နယ်တရားရုံးထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply