မွန်ပြည်နယ်ရှိ အတ္ထရံမြစ်နှင့် သံလွင်မြစ်များတွင် သောင်ဆွဲငါးဖမ်းလုပ်ငန်းကို တင်ဒါစနစ် မပြုလုပ်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ စက်တင်ဘာလ ၁၉ ရက်နေ့က သောင်ဆွဲပိုက် ရေလုပ်သား ၅၀ ကျော်က လက်မှတ်ရေးထိုး၍ တင်ပြထားကြောင်း ငါးဖမ်းလုပ်ငန်းအစုအဖွဲ့ခေါင်းဆောင် ဦးလှကျင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

fisher

သောင်ဆွဲပိုက်ငါးဖမ်းလုပ်ငန်းကို ကိရိယာလိုင်စင် အခွန်ထမ်းဆောင်၍ ငါးဖမ်းခွင့်ပြုခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးဖြစ်ကြောင်း ကျောက်တန်းရပ်ကွက်မှ သောင်ဆွဲငါးဖမ်းသမား ဦးမောင်စိုးက ဆိုသည်။

သောင်ဆွဲပိုက်ငါးဖမ်းလုပ်ငန်းကို တင်ဒါစနစ်ပြုလုပ်မည်ဆိုပါက သောင်ဆွဲငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ရေလုပ်သားမိသားစု ၅၀ ဦးကျော်သည် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့ရမည်ဟု ရွှေမြိုင်သီရိရပ်ကွက်မှ သောင်ဆွဲငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ဒေါ်တင်တင်မာက ဆိုသည်။

“ဒီနေရာက အထိအမိကောင်းတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းဖို့လိုတယ်၊ ဒီနေရာတော့ ကိုယ်ဝန်ဆောင်ငါးကြီးတွေ ရှိတဲ့နေရာ ဖြစ်တယ်ဆိုရင်တော့ ငါးဖမ်းကိရိယာတစ်မျိုးမျိုး သက်မှတ်ပြီး တင်ဒါချက်ချရတာ ဖြစ်ပါတယ်”ဟုမွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသံချောင်းက ရှင်းပြသည်။

သံလွင်၊ အတ္ထံရံနှင့် ဂျိုင်းမြစ်တို့တွင် သောင်ဆွဲပိုက်ချက်လုပ်ကွက်နေရာ ၂၀ ခန့် ရှိသည့်အနက် ပိုက်ချက်လေးနေရာကို တင်ဒါစနစ်ဖြင့် ပြုလုပ်သင့်၊ မသင့် ရေလုပ်သားများ၏ သဘောဆန္ဒမေးမြန်း၍ ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

Leave a Reply