Advertisements

နိုင်ငံ့ဝန်ထမ်းများကို လစာတိုးမြှင့်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ စီစဉ် တွက်ချက်နေပြီဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဧပြီ ၁၇ ရက်နေ့ (နှစ်ဆန်းနှစ်ရက်) က နှစ်သစ်ကူး နှုတ်ခွန်းဆက် မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုလိုက်သည်။

ထို့သို့ ပြောဆိုလိုက်သည်နှင့် ပြည်သူများအကြားတွင် ကုန်ဈေးနှုန်း မြင့်တက်လာမည်ကို စိုးရိမ်သွားကြသည်။
ဝန်ထမ်းများ၏ လစာကို အနည်းဆုံး လုပ်အားခ တစ်ရက် ကြေးဖြစ်သည့် ကျပ် ၄၈၀၀ နှင့် အညီ လိုက်လျောညီထွေဖြစ်စေရန် အမှုထမ်းလစာ ၂၀ ရာခိုင်နှုန်း၊ အရာထမ်းလစာ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမည်ဟု သမ္မတက ဆိုသည်။

အမှုထမ်းတစ်ဦး၏ အနည်း ဆုံးလစာကို ၂၀ ရာခိုင်နှုန်းတိုးမြှင့် ပေးရာတွင် ကျပ် ၁၂၀,၀၀၀ မှ ၁၄၄,၀၀၀ အထိ တိုးမြှင့်မည်ဖြစ်ပြီး အရာထမ်းတစ်ဦး၏ အများဆုံးလစာ ကျပ် ၅၀၀,၀၀၀ မှ ၅၅၀,၀၀၀ အထိ တိုးမြှင့်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဝန်ထမ်း လစာတိုး တိုင် ကုန်ဈေးနှုန်း တက်လေ့ရှိသည့် အခြေနေက ပုံမှန် ဖြစ်သည့်အတွက် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကလည်း လွဲမှားမည် မဟုတ်ပေ။

“ဝန်ထမ်းတွေ လစာတိုးပြီဆိုတာနဲ့ သေချာတာကတော့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတက်လာမှာပါပဲ။ တကယ်တိုးမတိုးတော့ မသိသေးဘူး။ ကုန်ဈေးနှုန်းကတော့ တက်မှာပဲ”ဟု မော်လမြိုင်တွင် အငှားယဉ်မောင်းနှင်သည့် ဦးစိုးဝင်းမင်းက ဆိုသည်။

“ကုန်ဈေးနှုန်းမတက်စေချင်ဘူး တကယ်လို့လစာတိုးပြီးတော့ ကုန်ဈေးနှုန်းတိုးခဲ့ရင် အလကားပဲပေါ့”ဟု အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အမှုထမ်း ဝန်ထမ်း တစ်ဦးက ပြောသည်။

၎င်းတိုု့ မတက်စေခြင်းသည့် ကုန်ဈေးနှုန်းသည် သင်္ကြန်ကာလ မတိုင်ခင်က တရွေ့ရွေ့တက်လာပြီး သင်္ကြန်ပြီးနောက်လည်း ကျဆင်းလာခြင်း မရှိပေ။

သင်္ကြန်မတိုင်ခင်က တစ်ပိဿာလျှင် ကျပ် ၄၅၀၀ သာရှိခဲ့သည့် ကြက်သားဈေးသည် သင်္ကြန်ပြီးနောက် ကျပ် ၅၀၀၀ အထိ မြင့်တက်ခဲ့ပြန်သည်။

ထို့အတူ မော်လမြိုင် ဆန်ကွက်ရှိ ဆန်ဈေးနှုန်းမှာလည်း သင်္ကြန်ကာလအလွန်တွင်လည်း တစ်ပြည်လျှင် ပျှမ်းမျှ ကျပ် ၅၀၀ ကျော် မြင့်ခဲ့ပေသည်။

ကုန်ဈေးနှုန်း မြင့်တက်လာမှုကို တောင်သူ တစ်ဦးက အခုလို ညည်းညူးလိုက်သည်။

“ဝန်ထမ်းတွေကို လစာတိုးပေးတယ်။ လစာတိုးလာတာနဲ့ ကုန်ဈေးနှုန်းကလည်း လိုက်တက်လာတယ်။ အဲတော့ ဘယ်လောက်ငှတော့မလဲ။ စဉ်းစားကြည့်လေ သူတို့တောင် မလောက်ရင် ကျွန်တော်တို့လို့ လူတွေကရော ဘယ်လိုလုပ်ရမလဲ။ ကုန်ဈေးနှုန်းကလည်း တက်မယ်ဆိုတာကြီးပဲ။ ကျဖို့တော့ လုံးဝမမြင်ဘူး”ဟု ပေါင်မြို့နယ် သဲကုန်းကျေးရွာနေ တောင်သူ ဦးလှမြင့်က ဆိုသည်။

ကုန်ဈေးနှုန်း မြင့်တက်နေမှုကို အစိုးရအနေဖြင့် ထိန်းချုပ်ကိုင်တွယ်ပေးရန် ပြည်သူအများစုက မျှော်လင့်နေသည်။
“ကုန်ဈေးနှုန်းကို အစိုးရက ဝိုင်းထိန်းပေးလို့ရတယ်၊ သူတို့ ဝိုင်းထိန်းပေးရင် သိပ်တက်တော့မှာ မဟုတ်ဘူး”ဟု စည်ပင်သာယာရေးအဖွဲ့မှ အမှုထမ်း ဝန်ထမ်း တစ်ဦးက ဆိုသည်။

ပြည်သူများ၏ အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆေး၊ ဆား စသည်တို့၏ ဈေးနှုန်းများကို တော့မပြောတတ် စက်သုံးဆီ ဈေးနှုန်း ထိန်းချုပ်ရန်ကိုမူ အစိုးရက စီစဉ်နေ၏။

စက်သုံးဆီ ဈေးနှုန်း မြင့်မားမှုကို လျော့ချရန်အတွက် ဧပြီ ၁၂ ရက်က နေပြည်တော်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပုဂ္ဂလိကအသင်းအဖွဲ့များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အစည်းအဝေးတွင် ပြည်တွင်းထွက် ဓာတ်ဆီ ဂါလန် သုံးသန်းကျော်ကို စက်သုံးဆီဆိုင်များကို ရောင်းချပေးမည်ဟု ဆုံးဖြတ်ချက် ချထားသော်လည်း မည်သည့်ရလဒ်ထွက်ပေါ်မည်ကိုမူ မခန့်မှန်းနိုင်သေး။

မည်သို့ပင်ဖြစ်စေ အခြေခံလူတန်းစာအနေဖြင့် စားသောက်ကုန်ဈေးနှုန်း မြင့်မားမှုကို အစိုးရက ကြပ်မတ် ကိုင်တွယ်ရန် လိုလားနေကြသည်။

ကုန်ဈေးနှုန်းသည် ငွေကြေး ဖောင်းပွခြင်း၊ ကုန်စည် သယ်ယူ ပို့ဆောင်ရေး စရိတ်စက မြှင့်မားမှုများကြောင့် မြင့်တက်လေ့ရှိကြောင်း စီးပွားရေး ပညာရှင်များက ဆိုသည်။

ထို့အတူ ဝန်ထမ်း လစာ တိုးမြှင့်မှု အကျိုးဆက်အဖြစ် ငွေကြေး ဖောင်းပွတတ်သည့် အစဉ်အလာကို အစိုးရဖက်က မည်သို့ထိန်းချုပ်ရန် စီစဉ်ထားသည်ကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေး။

ယင်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ဟင်္သာမီဒီယာ မေးမြန်းရန် ကြိုးစားသော်လည်း တရားဝင်ထုတ်ပြန်ထားသည့် ပြောရေးဆိုခွင့်ရှိသူတို့မှာ တယ်လီဖုန်းပင်မကိုင်ခဲ့။

စီးပွားရေး ပညာရှင် အများစုက ဝန်ထမ်း လစာတိုးမြှင့် ပေးမှုကြောင့် ကုန်ဈေးနှုန်း တက်ရန် အလာလား နည်းသည်ဟု သုံးသပ်မှုမျာလည်း ရှိသော်လည်း အစိုးရ ဘတ်ဂျက် လိုငွေပြမည်ကို စိုးရိမ်ကြောင်း သုံးသပ်ပြကြသည်။

မွန်ပြည်နယ် ပဲနှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးကျော်ခိုင်က “ကုန်ဈေးနှုန်းက တက်လာမလားဆိုတဲ့ဟာက ဒီ ၂၀ရာခိုင်နှုန်းတိုးတဲ့အပေါ်မှာ တအားကြီးတက်ဖို့တော့ မမြင်ဘူး ကုန်ဈေးနှုန်းဆိုတာလည်း အရမ်းတက်လို့မရဘူးလေ ငွေလဲလှယ်နှုန်းတွေရှိတယ်”ဟု ဆိုသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ ခန့်မှန်းချက်အရမူ မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ဘဏ္ဍာနှစ် အကူးအပြောင်း ခြောက်လတာ ကာလအတွင်း ငွေကြေးဖောင်းပွမှုမှာ ၆ ဒဿမ ၂ ရာခိုင်နှုန်း အထိရှိမည်။

ထိုခန့်မှန်းမှုသည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှု ၁၀ ဒဿမ ၇ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်လျှင်မူ လျော့ကျသည်ဟုဆိုနိုင်သော်လည်း အဆိုပါကာလအတွင်း ဝန်ထမ်းလစာတိုးမည့်သတင်း မှာ ထွက်ပေါ်မလာသေး။

ပြည်သူများကတော့ ဝန်ထမ်း လစာတိုးလျှင် ကုန်းဈေးနှုန်း မြင့်တက်လာသည့် ဖော်မြူလာကို ကြောက်နေကြဆဲ။ အမည်မဖော်လိုသူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမှုထမ်းတစ်ဦးကတော့ ယခုလို ဆိုသည်။

“ကုန်ဈေးနှုန်းတက်မဲ့အတူတူ လစာမတိုးပါနဲ့ တော့ ကုန်ဈေးနှုန်းမတက်အောင်ပဲ ထိန်းပေးပါ”ဟူ၍။

Advertisements
<

Leave a Reply