၂၁ ရာစုပင်လုံ ညီလာခံတွင် မွန်တိုင်းရင်းသားများအတွက် တင်ပြတောင်းဆိုမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးမည့် မွန်အမျိုးသားကွန်ဖရင့်ကို ကျင်းပရန်အချိန်ကား နီးကပ်လာပြီဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရသစ်၏ ပထမဆုံးခြေလှမ်းဖြစ်သော ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မွန်အမျိုးသားကွန်ဖရင့်ကိုမူ သြဂုတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊တောင်ပေါက်ကျေးရွာ တွင် ကျင်းပမည်ဖြစ်သည်။

မွန်အမျိုးသားကွန့်ဖရင့်တွင်  မွန်နိုင်ငံရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အားလုံးတက်ရောက် ရန်ရည်မှန်းထားပြီး ပွဲတွင် ၂၁ ရာစုပင်လုံညီလာခံတွင်အသံတစ်ခုတည်းထွက်ပေါ်ရေးအတွက် ဆွေးနွေးမည် ဖြစ်ကြောင်း ယင်းကွန့်ဖရင့်ကို စီစဉ်ကျင်းပသည့် မွန်ပြည်သစ်ပါတီ၏ တာဝန်ရှိသူများက ပြောကြားကြသည်။

20160809_121239-- copy

ကွန့်ဖရင့်တွင် အဓိကထားဆွေးနွေးမည့် အကြောင်းအရာနှင့်ပတ်သက်၍  “၂၁ ရာစု ပင်လုံညီလာခံနဲ့ နီးကပ်နေတဲ့အတွက် မွန်လူမျိုးတွေရဲ့အသံ တစ်သံတည်းထွက်ပေါ်နိုင်ဖို့အတွက် အဓိကထားပြီးတော့ ဆွေးနွေးမယ်”ဟု မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နိုင်ဝင်းလှက ရှင်းပြသည်။

၂၁ ရာစုပင်လုံညီလာခံတွင် မွန်တို့အတွက် အဓိကတောင်းဆိုရမည့် ကိစ္စကို သက်ဆိုင်ရာအင်အားစုများ ဆွေးနွေးရမည့် အချိန်ကားကျရောက်တော့မည်ဖြစ်သည်။
ယင်းအတွက် မွန်အမျိုးသားနိုင်ငံရေးတွင် အဓိကကျသော မွန်သံဃာတော်များ၊ မွန်ခရစ်ယာန်အဖွဲ့၊ မွန်ပြည် သစ်ပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်အမျိုးသားပါတီ နှင့် မွန်လူမှုအဖွဲ့ အစည်းများ အပြင် အမျိုးသားရေးကိစ္စများကို ဆောင်ရွက်နေသော ပုဂ္ဂိုလ်အချို့ကို ဖိတ်ကြားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP) ဒုတိယဥက္ကဋ္ဌ(၂) နိုင်ချမ်းတွဲ့နှင့် ဟင်္သာမီဒီယာ၏ ဆက်သွယ် မေးမြန်းမှုတွင်တော့ မွန်အမျိုးသားကွန်ဖရင့်ကို AMDP ပါတီက မတက်ရောက်ရန် သြဂုတ်လ ၉ ရက်နေ့က ကျင်းပသည့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ချမ်းတွဲ့က “ကွန်ဖရင့်ကို ပုဂ္ဂိုလ်ရေးအနေနဲ့ တက်ခွင့်ပေးတယ်။ ဒါပေမယ့် တက်ရောက်တဲ့ပုဂ္ဂိုလ်က ပြောတဲ့စကားကို ပါတီအနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူး”ဟု ထည့်သွင်းဖြေဆိုခဲ့သည်။

မျှော်လင့်ချက် ၂၁ ပင်လုံ

အစိုးရသစ်၏  ပြည်တွင်းငြိမ်းချမ်းရေးအတွက် ၂၁ ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသားများအားလုံးအတွက် အရေးပါနေသည်။
“၂၁ ရာစုပင်လုံဆိုတာက ကျွန်တော်တို့နိုင်ငံရဲ့ နှစ်ပေါင်း ၇၀ ပြည်တွင်းစစ်ဖြစ်ရာကနေ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ အတွက်တစ်ခုတည်းသောထွက်ပေါက်ပဲ။အဲဒီအတွက် ဒီ ၂၁ ရာစုပင်လုံက တိုင်းရင်းသားတွေအတွက် အရေးကြီးတယ် “”ဟု မွန်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မှာ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရယူခြင်းနှင့်အတူ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၇၀ နီးပါး ကြာမြင့်နေပြီဖြစ်သည်။
ဆယ်စုနှစ် ခုနစ်စုနီးပါးကြာမြင့်ခဲ့သည့် ကာလအတွင်း အုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်လက်ထက်များတွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ ၂၁ ရာစုပင်လုံညီလာခံမှာမူ ငြိမ်းချမ်းရေး အတွက်  လမ်းစ ထွက်ပေါက်ဖြစ်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေးအင်အားစုများက လက်ခံထားကြသည်။

” ၂၁ ပင်လုံက မွန်အမျိုးသားတွေအနေနဲ့ပဲပြောပြော အခြားတိုင်းရင်းသားတွေအနေနဲ့ပဲပြောပြော ထွက်ပေါက် တစ်ခုအနေနဲ့ ရှိနေတဲ့အရာပါ” မွန်လူငယ်ပညာပေးအဖွဲ့ MYEO မှ မင်းစိုက်ရော့ က သုံးသပ်ပြောဆိုသည်။

သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေးများတွင် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၏ ပြောကြားချက်အရ ၂၁ ရာစုပင်လုံ သို့တက်ရောက်မည့် ကိုယ်စားလှယ်ပေါင်း ၇၀ဝ ခန့်ရှိမည်ဟု မျှော်မှန်းထားပြီး ဖိတ်ကြားမှုစာရင်းအတိအကျကို ယခုလလယ်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီတွင် အတည်ပြုညှိနှိုင်းမည်ဖြစ်သည်။

ဖိတ်ကြားမှုစာရင်းအတိအကျမထွက်ပေါ်သေးသော်လည်း ယင်းကိုယ်စားလှယ်များတွင် မွန်ပြည်နယ်မှ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ရမည်ဖြစ်နေသည်။

MNP ၏ အထွေထွေအတွင်းရေးမှူး နိုင်လယီတမကမူ “ကျွန်တော်တို့ နှစ်နှစ်လလ မျှော်မှန်းခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဒီအခွင့်အရေးကလည်း ကျွန်တော်တို့ လက်လွဲလို့မရဘူး”ဟု ထက်လောင်းပြောဆိုလေသည်။

တောင်ပေါက်သို့ လားရာ

အစိုးရ က ၂၁ ရာစုပင်လုံညီလာခံကျင်းပမည်ဟု ကြေညာပြီးနောက် ဇွန်လဆန်းပိုင်းမှစ၍ မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီက ယင်းညီလာခံ၌  မွန်အမျိုးသားရေးကိစ္စများ ကိုယ်စားပြုတင်ပြရာတွင် အသံတစ်သံတည်းထွက်ပေါ်ရေးအတွက် ကြိုးပမ်းနေကြောင်း ထုတ်ပြန်ခဲ့သည်။

အမျိုးသားရေးအတွက် အသံတစ်ခုတည်းညီညွတ်စွာ ထွက်ပေါ်ရေးအတွက် ဇွန်လအတွင်း မော်လမြိုင်မြို့ပေါ်၌  မွန်နိုင်ငံရေးပါတီနှစ်ခုဖြစ်သော  MNP နှင့် AMDP ပါတီ နှစ်ခုတို့အပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့်ပါ မွန်ပြည်သစ်ပါတီ၏ ကိုယ်စားလှယ်အဖွဲ့ကတွေ့ဆုံခဲ့သည်။

ထိုသို့လုပ်ဆောင်ခြင်းကို မွန်နိုင်ငံရေးလှုပ်ရှားသူ အများအပြားနှင့် အရပ်ဘက် အဖွဲ့အစည်းလှုပ်ရှားသူများက လည်း ထောက်ခံခဲ့ကြပြီး လူမျိုးစုတစ်စုသာရှိသည့် မွန်တစ်မျိုးသားလုံးအတွက် တောင်းဆိုရာတွင် အသံတစ်ခုတည်း ထွက်ရန်ဆိုသည်မှာလိုအပ်သည့်ကိစ္စဖြစ်ကြောင်း နိုင်ငံရေးလှုပ်ရှားသူများနှင့် အရပ်ဘက်လှုပ်ရှားသူ အများအပြားက အသီးသီး ပြောဆိုကြသည်။

” မွန်လူထုအသံတွေ တစ်သံတည်း ထွက်ဖို့လိုအပ်တယ်လို့မြင်တယ်။ ဒါကလုံး ဝဖြစ်သင့်တဲ့ကိစ္စပါ” ဟု AMDP ပါတီဝင် မွန်ပြည်နယ်ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက သူ၏ အမြင်ကို ပြောဆိုသည်။

နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းအသီးသီးနှင့် တွေ့ဆုံမှုများပြုလုပ်ပြီးနောက် နှစ်လဝန်းကျင် အကြာတွင်တော့ မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေဖြစ်သော တောင်ပေါက်ကျေးရွာတွင် မွန်အမျိုးသားကွန်ဖရင့်ကျင်းပ၍ ယင်းတွင် ၂၁ ရာစုပင်လုံကိစ္စ နှင့် မွန်အမျိုးသားသွေးစည်းညီညွတ်ရေးများကို ဆွေးနွေးတော့မည်ဖြစ်သည်။

“၂၁ ရာစု ပင်လုံညီလာခံနဲ့ နီးကပ်နေတဲ့အတွက် မွန်လူမျိုးတွေရဲ့အသံ တစ်သံတည်းထွက်ပေါ်နိုင်ဖို့အတွက် အဓိကထားပြီးတော့ ဆွေးနွေးမယ်၊ မွန်အမျိုးသားစည်းလုံးညီညွတ်ရေးကလည်း လုပ်ရမယ်။ ဒါက အမြဲတမ်းလုပ်နေရမယ့် ကိစ္စဖြစ်တယ်”ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်ဝင်းလှက ဆို သည်။

အထူးသဖြင့် တိုင်းရင်းသား အခွင့်အရေးတွေနှင့်ပတ်သက်သည့် ဖက်ဒရယ်မူကိစ္စများအတွက် မွန်တိုင်းရင်းသား များ အကြား အသံတစ်သံတည်းစုစည်းထွက်ပေါ်နိုင်ရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကွန်ဖရင့်တက်ရောက်ရန် သဘောတူညီထားသည့် မွန်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ရှင်းပြသည်။

“ဒါကြောင့်မို့လို့ မွန်အမျိုးသားကွန်ဖရင့်ကလည်း မွန်အမျိုးသားရေးအသံကို သိရှိဖို့အတွက် ကွန်ဖရင့်ကလည်း အရေးကြီးတယ်”
မွန်အမျိုးသားကွန်ဖရင့် အောင်မြင်နိုင်ရေးအတွက် ဦးဆောင်ကျင်းပသော မွန်ပြည်သစ်ပါတီကနိုင်ငံရေးပါတီများ နှင့်  အရပ်ဘက်အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး အထူးသဖြင့် မွန်လူမျိုးများက ပေါင်းစည်းစေချင် သည့် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ကို  ညှိနှိုင်းမှုများပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၁၂ ရက်နေ့က မော်လမြိုင်မြို့၊ နိုင်ရွှေကျင်စာကြည့်တိုက်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မဟာမိတ်အဖြစ်ဖွဲ့နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ထုတ်ဖော်ပြောကြားခဲ့ပြီး AMDP ပါတီကိုလည်း  မွန်လူထုကို အကျိုးပြုသည့် နိုင်ငံရေးပါတီအဖြစ် မွန်ပြည်သစ်ပါတီက  ပြန်လည်အသိအမှတ်ပြုခဲ့သည်။

ကွန်ဖရင့် အသံစုံ၊မစုံ

မွန်အမျိုးသားပါတီ၏ တာဝန်ရှိသူများကမူ ကွန်ဖရင့်သို့တက်ရောက်မည်ဖြစ်ကြောင်း တရားဝင်ပြောကြား ထားပြီး အားလုံးကို စုံစုံလင်လင်တက်စေချင်ကြောင်းလည်း ပြောကြားထားပြီး မွန်လူမှုအဖွဲ့အစည်းအများစုမှာ လည်း တက်ရောက်မည်ဖြစ်သည်။

သို့သော်လည်း မွန်အမျိုးသားကွန့်ဖရင့်မှာ မွန်နိုင်ငံရေးပါတီနှစ်ခုစလုံး၏ အသံမပါဝင်နိုင်မည့် အနေအထားမျိုး ရင်ဆိုင်နေရသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)က  မွန်အမျိုးသားကွန်ဖရင့်သို့  မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်း ယင်းပါတီ၏ ဒုတိယ ဥက္ကဋ္ဌ (၂) နိုင်ချမ်းတွဲ့က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

မတက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်နှင့်ပတ်သက်၍ နိုင်ချမ်းတွဲ့က ” ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့ဝင်ဖြစ်နေတော့ သူတို့ရဲ့မူကို အခြေခံရမယ်။ နောက်တစ်ချက်က ၁၇/၁ (မတရားအသင်း ဥပဒေ) နဲ့ ပတ်သက်ပြီးတော့ ပြတ်သားမှုမရှိသေးတဲ့အတွက်ကြောင့် သူတို့(မွန်ပြည်သစ်ပါတီ)နဲ့ ပူးပေါင်းဆောင်ရွက်ဖို့က ကျွန်တော်တို့က တစ်ချက်စဉ်းစားရမယ်”ဟု ရှင်းပြသည်။

ယင်းသို့ AMDP ပါတီမတက်ရောက်ပါက  ၂၁ ရာစုပင်လုံညီလာခံတွင် တစ်သံတည်းထွက်ပေါ်ဖို့အတွက် အခက်တွေ့သွားမည်ဖြစ်ပြီး မွန်တိုင်းရင်းသားများ အင်အားတစ်စုတည်းဖြစ်ဖို့ ခက်ခဲမည်ဖြစ်ကြောင်း နိုင်ဝင်းလှက ထောက်ပြပြောဆိုသည်။

ထို့ပြင်  ၂၁ ရာစုပင်လုံညီလာခံတွင် အသံ သုံးလေးသံ ပေါ်ထွက်လာပါက အခြားတိုင်းရင်းသားများအကြား မျက်နှာငယ်စရာများဖြစ်လာနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းလှုပ်ရှားသူများကလည်း သုံးသပ်ကြသည်။

” ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လူမျိုးမှာ လူမျိုးတစ်မျိုးတည်းရှိနေတဲ့ အတွက်ကြောင့် ဒါကို အသံသုံးလေးသံ ထွက်မယ်ဆိုရင် ဒါက ကိုယ့်ရဲ့စုစည်းနိုင်တဲ့အားကို မပြသနိုင်တာပဲ” မွန်လူငယ် ပညာပေးအဖွဲ့မှ မင်းစိုက်ရော့က ရှင်းလင်းပြောဆိုသည်။

မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နိုင်ဝင်းလှက မတရားအသင်းအက်ဥပဒေနှင့်ပတ်သက်၍လည်း ” ကျွန်တော်တို့ လုပ်ဆောင်မယ်ဆိုရင် ၁၇/၁နဲ့ ဘာမှ အခက်ကြုံစရာမရှိပါဘူး”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

AMDP ပါတီ၏ ဒုတိယဥက္ကဋ္ဌ နိုင်ချမ်းတွဲ့ကမူ အချင်းချင်းတွေ့ဆုံပြီး အမြင်ဖလှယ်နိုင်ကြသော်လည်း အမြင်တစ်ထပ်တည်း ကျနိုင်ရန် ခက်ခဲပြီး ၂၁ ရာစုပင်လုံညီလာခံရောက်လျှင် ကိုယ့်အချင်းချင်းအမြင်တူသည့် တိုင်းရင်းသားအားလုံး ပူးပေါင်း၍ ရပ်တည်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ပါတီရဲ့အမြင်က အလုပ်တစ်ခုခုလုပ်ရင် ဖက်ဒရယ်ကအစပေါ့လေ အမြင်မတူတဲ့အတွက်ကြောင့် တစ်ပါတီနဲ့တစ်ပါတီ အဲဒီအတိုင်းပဲ ရှိနေကြတယ်။ မွန်လူမျိုးတို့အတွက် ဖက်ဒရယ်မူတစ်ခု အသံတစ်သံတည်းမထွက်လာနိုင်ဘူး”၎င်းက ရှင်းပြပြောဆိုသည်။

မွနြ့်ပည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်ပြီး AMDP ပါတီဝင်ဖြစ်သူ ဒေါက်တာအောင်နိုင်ဦးကမူ ကွန့်ဖရင့် မတက်ရောက်ရန် ပါတီ၏ ဆုံးဖြတ်ချက်မှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၏ အဆုံးအဖြတ်တစ်ခု တည်းနှင့်သာ လုပ်ဆောင်သည်ဟု ယူဆထားပြီး ကြီးမားသည့်ကိစ္စရပ်များတွင် မြို့နယ်အသီးသီးရှိ ပါတီဝင်များ၏ သဘောထားကို တောင်းခံသင့်ကြောင်း အကြံပြုပြောကြားသည်။

“လိုအပ်ရင် ကိုယ့်ပါတီဝင်တွေအားလုံးရဲ့ သဘောထားဆန္ဒကိုလည်း တစ်နည်းနည်းနဲ့ ရယူပြီးမှသာလျှင် ဆုံးဖြတ်ဖို့ သင့်တယ်လို့ ကျွန်တော်မြင်တယ်။ အခုဒီဆုံးဖြတ်ချက် မြို့နယ်အသီးသီးကဆုံးဖြတ်ချက် သဘောထား ရယူပြီးမှ ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်မဟုတ်ဘူး” ဟု ဒေါက်တာအောင်နိုင်ဦးက သူ၏ အမြင်ကို ပြောဆိုသည်။

အခြားတိုင်းရင်းသားများနည်းတူ မွန်လူမျိုးတို့အတွက်လည်း အရေးပါမည့် ၂၁ ရာစုပင်လုံညီလာခံက သြဂုတ်လ ၃၁ ရက်နေ့တွင်ကျင်းပတော့မည်ဖြစ်သည်။ ယင်းညီလာခံတွင် မွန်လူမျိုးတို့အရေးကိစ္စများအတွက် အသံတစ်ခုထွက်ပေါ်ရေးကို ဆွေးနွေးမည့် မွန်အမျိုးသားကွန့်ဖရင့်ကျင်းပရန်ကားနီးကပ်လာပြီဖြစ်သည်။
မင်းစိုက်ရော့ကမူ နိုင်ငံရေးပါတီများသည် မွန်လူထု၏ အသံကို နားထောင်၍ လူထု၏ သဘောထားဆန္ဒများကို လေးစားလိုက်နာပေးရန်လိုအပ်ကြောင်း အသိပေးပြောဆိုသည်။

” သူတို့ဘာတွေဖြစ်ချင်သလဲ၊ သူတို့ဘာတွေတောင်းဆိုနေလဲဆိုတာ အခုက အားလုံးသိနေပြီးသား အဲဒါ ကြောင့်  ပါတီအချင်းချင်းကြားထဲမှာ မာနတွေ ဘာတွေ လျှော့ချပေးဖို့ လူထုရဲ့ဆန္ဒကို လေးစားလိုက်နား ပြီးတော့ အကောင်အထည်ဖော်ဖို့ တောင်းဆိုချင်တယ်” ဟု ၎င်းက မွန်နိုင်ငံရေးပါတီများကို တောင်းဆိုလေသည်။

Leave a Reply