ကယ်လီဖိုးနီးယား၊ ဧပြီ ၂၆

စတားဘတ်ကော်ဖီဟာ နှစ်နှစ်တာကာလအတွင်းမှာ ရောင်းအားအမြင့်ဆုံးဖြစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံငွေရဲ့ ၈၀ရာခိုင်နှုန်းအထိ အမြတ်ငွေရခဲ့တယ်လို့ အစီရင်ခံစာထုတ်ပြန်ပါတယ်။

ဒီဈေးကွက်အစီရင်ခံစာကိုတော့ ဈေးကွက်လေ့လာသုံးသပ်သူတွေကပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၁၇-၁၈ ကာလအတွင်းက ရောင်းအားနဲ့ဈေးကွက်တိုးချဲ့မှုတွေကို သုတေသနပြုသုံးသပ်ထားတာဖြစ်ပါတယ်။

ဒီလိုရလာဒ်အတွက် စတားဘတ်ကုမ္ပဏီအနေနဲ့အထူးစိတ်ကျေနပ်မိတယ်လို့ ကုမ္ပဏီရဲ့ စီအီးအို ကယ်ဗင်ဂျွန်ဆင်က ထုတ်ပြန်ချက်မှာထည့်တွင်းပြောကြားခဲ့ပါတယ်။

အစီရင်ခံစာတွေအရ စတားဘတ်ဟာ ၂၀၁၇ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၆၃ဒသမ၂သန်းအထိ ဝင်ငွေရှိခဲ့ပြီး ၂၀၁၈မှာတော့ ယခင်နှစ်ထက် ၄၇ရာခိုင်နှုန်းပိုတိုးလာတယ်လို့သိရပါတယ်။

ဒါ့အပြင် ကမ္ဘာအနှံ့မှာရှိတဲ့ စတားဘတ်ဆိုင်ခွဲတွေတိုင်းရဲ့ ရောင်းအားဟာလည်း တစ်နှစ်ကို ၃ရာခိုင်နှုန်းကနေ ၁၂ရာခိုင်နှုန်းအထိ တရိပ်ရိပ်တက်လာခဲ့ပါတယ်။

စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံမှာတောင်မှ စတားဘတ်ရဲ့ရောင်းအားဟာ တရုတ်အခြေစိုက် နာမည်ကျော် ကော်ဖီတံဆိပ်တွေကိုကျော်လွန်ပြီး သူတို့ ဝင်ငွေရဲ့ ၂၀ရာခိုင်နှုန်းကနေ ၂၅ရာခိုင်နှှုန်းအထိ မြင့်တက်နေတယ်လို့သိရပါတယ်။

တရုတ်နာမည်ကျော် အလီဘာဘာအွန်လိုင်းဝန်ဆောင်မှု ကုမ္ပဏီနဲ့လည်းချိတ်ဆက်ပို့ဆောင်နေတဲ့ စတားဘတ်ဟာ ၂၀၁၉ခုနှစ် လေးလအတွင်းမှာ စတိုးဆိုင် ပေါင်း ၂၁၀၀အထိ တိုးချဲ့နိုင်ခဲ့ပါတယ်။

အလီဘာဘာကပို့ဆောင်ပေးတဲ့ မိနစ် ၂၀အတွင်း အရောက်ပို့စနစ်ကလည်း ထုတ်ကုန်ကို ပိုမြင့်တက်စေလာတာဖြစ်ပြီး လာမဲ့ ၂၀၁၉နှစ်ကုန်မှာ တရုတ်ဈေးကွက်ကရရှိတဲ့ အမြတ်ငွေဟာ ယခင်နှစ်ရဲ့ စုစုပေါင်းအမြတ်ငွေလောက်ဖြစ်လာမယ်လို့ မျှော်မှန်းထားကြပါတယ်။

ဒါ့အပြင် ၂၀၁၉နှစ်ကုန်မှာ ကမ္ဘာ့နိုင်ငံအနှံ့မှာ ဆိုင်ခွဲပေါင်း ၂၅၀၀အထိ ထပ်တိုးချဲ့ဖို့ လုပ်ဆောင်နေတယ်လို့ လည်း ကုမ္ပဏီဘက်က ထုတ်ပြန်ထားပါတယ်။

Ref: CNBC

Leave a Reply