မော်လမြိုင်၊ မတ် ၁၆ ။ ။ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်အတွင်း မွန်ပြည်နယ်တရားလွှတ်တော်အနေဖြင့် လက်ခံရရှိခဲ့သည့် ရာဇဝတ်မှုဆိုင်ရာ အမှုပေါင်း ၁၁၁၄၈ မှုအနက်မှ ၁ဝ၈၃၈ မှုကို စစ်ဆေးပြီးမြောက်ခဲ့ပြီး အမှုအားလုံး၏ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးခဲ့ကြောင်း မွန်ပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးခင်မောင်ကြီးက ပြောကြားသည်။

မတ်လ ၁၅ ရက်က ပြုလုပ်ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပထမနေ့တွင် မွန်ပြည်နယ်တရားလွှတ်တော်၏ ၂ဝ၁၆ ခုနှစ်အတွက် နှစ်ချုပ်အစီရင်ခံစာကို တင်သွင်းရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

တရားစီရင်ရေးကဏ္ဍတွင် မွန်ပြည်နယ်တရားလွှတ်တော်က လက်ခံရရှိခဲ့သည့် အမှုပေါင်း ၂၂၄ မှုအနက်မှ အမှုပေါင်း၂ဝဝ ကိုလည်းကောင်း၊ မော်လမြိုင်ခရိုင်တရားရုံးက အမှုပေါင်း ၄၇၂ မှု လက်ခံရရှိသည့်အနက် ၄ဝ၈ မှုကိုလည်းကောင်း အသီးသီး စီရင်ချက်များချနိုင်ခဲ့ကြောင်း ဦးခင်မောင်ကြီးက လွှတ်တော်၌ တင်ပြသွားသည်။

တရားမမှုအနေဖြင့် ပြည်နယ်တစ်ခုလုံးမှ တရားမမှုဆိုင်ရာ အမှုပေါင်း ၁၆၇၇ မှု လက်ခံရရှိသည့်အနက်မှ ၁၅၃ဝ မှု၊ ပြည်နယ် တရားလွှတ်တော်က ၂၈၇ မှု လက်ခံရရှိခဲ့သည့်အနက်မှ ၂၄၈ မှု၊ မော်လမြိုင်ခရိုင်တရားရုံးက တရားမမှု ၃၈ဝ မှု လက်ခံရရှိခဲ့သည့် အနက်မှ ၃၅၃ မှု၊ သထုံခရိုင်တရားရုံးက တရားမမှု ၁၆၆ မှု လက်ခံရရှိခဲ့သည့် အနက်မှ ၁၅၉ မှုတို့ကို အသီးသီး စစ်ဆေးပြီးမြောက်ခဲ့ကြောင်း ၎င်းက ဆက်လက် တင်ပြသွားသည်။

မွန်ပြည်နယ်၏ မြို့နယ်ဆယ်မြို့နယ်မှ တရားရုံးများကလည်း ရာဇဝတ်မှုစုစုပေါင်း ၁ဝ၁၃၅ မှု လက်ခံရရှိခဲ့သည့် အနက်မှ ၁ဝဝဝ၇ မှုကို စီရင်ချက်ချနိုင်ခဲ့ပြီး တရားမမှု ၈၈၄ မှု အနက်မှ ၇၇ဝ မှုတို့ကို စစ်ဆေးပြီးမြောက်ခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရားရုံးများက စီရင်ချက်ချခဲ့သော အမှုများကို လူမှုရေးအမှု၊ စီးပွားရေးအမှုနှင့် လုံခြုံရေးဆိုင်ရာ ရာဇဝတ်မှုများဟူ၍ သုံးမျိုးခွဲခြားထားပြီး လူမှုရေးဆိုင်ရာ ရာဇဝတ်မှုတွင် လူသတ်မှု ၆၃ မှု၊ မုဒိမ်းမှု ၆၁ မှု၊ မူးယစ်ဆေးဝါးမှု ၂၉၃ မှု၊ ကလေးသူငယ်မှု ၈၈ မှု၊ လောင်းကစားမှု ၁၄၆ မှု၊ လုံခြုံရေးဆိုင်ရာရာဇဝတ်မှုတွင် လက်နက်မှု ၉၃ မှု၊ ဥပဒေအရတရားစွဲဆိုမှု ၉ မှုရှိခဲ့ပြီး စီးပွားရေးဆိုင်ရာရာဇဝတ်မှုများအဖြစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရတရားစွဲဆိုမှု ၈ မှုနှင့် ပို့ကုန်သွင်းကုန်ဥပဒေအရ တရားစွဲဆိုမှု ၄ဝ၈ မှုတို့ဖြစ်ကြောင်း ၎င်းက ဆက်လက်တင်ပြသည်။

လက်ရှိတွင် ပြည်နယ်တရားလွှတ်တော်လက်အောက်ရှိ တရားရုံးများက တရားစီရင်ချက်ချရာတွင် လွဲမှားမှု မရှိစေရန်နှင့် ကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် ကြီးကြပ်လျက်ရှိကြောင်း ဦးခင်မောင်ကြီးက ထပ်လောင်းပြောဆို သည်။

Written by – ဖိုးဝ

Leave a Reply