ခိုနူမ်းသုန်းသတင်း၊ ၆ ဧပြီ ၂၀၁၉

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ကလေးမြို့နယ် အမျိူးသားရေးအင်အားစုများမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်း ၈ နာရီက ကလေးမြို့တွင်ပြုလုပ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သည့် ကလေးမြို့နယ်အမျိူးသားရေးအင်အားစုမှ ဦးအောင်မိုးက “၅၉ (စ) မပြင်ဆင်ရေး ၊ ဒီဟာကဘာကြောင့် မပြင်ဆင်ချင်လဲဆိုတာ ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်တို့ကိုလမ်းညွှန်ခဲ့တာ။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ရေးပုံ မဆောင်ရွက်ခင် လမ်းညွှန်ခဲ့တဲ့စာရှိပါတယ်၊ ပြင်ဆင်လိုက်ခြင်းအားဖြင့် သမ္မတရာထူးကို တိုင်းရင်းသားစစ်စစ်မဟုတ်တဲ့ထဲက ကျန်တဲ့လူမျိုးတွေ နိုင်ငံခြားသွေးနှောတွေပါလာနိုင်တဲ့အတွက် ၊ ကျွန်တော်တို့ဒါကို ဗိုလ်ချုပ်အောင်ဆန်းစကားကို နားထောင်တဲ့အတွက် ၊ ပြင်ဆင်ဖို့လုပ်ရင်လည်း ကျွန်တော်တို့အခုလိုပဲ စတင်ကန့်ကွက်သွားမယ်ဖြစ်ပါတယ်” ဟုပြောသည်။

လူဦးရေ တစ်ထောင်ကျော်ခန့်ပါဝင်သော ဆန္ဒဖော်ထုတ်သူများသည် “၅၉ (စ) ဖျက်မည့်သူ ဒို့ရန်သူ၊ ပြည်ပ မထွေးမျှော် အဖေတော်သူများအား ချေမှုန်းကြ၊ တိုင်းရင်းသားမဟုတ်သူသမ္မတဖြစ်မည့်အကြံ ဒို့လက်မခံ” စသည့် ပိုစတာများကိုင်ဆောင်ကာ ကလေးမြို့ရွှေဘုံသာဘုန်းကြီးကျောင်းဘောလုံးကွင်းမှ စတင်၍ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူသည့်နေရာအထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၎င်းတို့အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆန့်ကျင်ကန့်ကွက်နေခြင်းမဟုတ်ဘဲ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို အမျိူးသားရေးရှုထောင့်မှ ဆန့်ကျင်နေခြင်းဖြစ်သည်ဟု ယနေ့ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဇေယျာကပြောသည်။

“ပုဒ်မ ၅၉ (စ) လေးတစ်ခုကိုပဲ အမျိုးသားရေးရှုထောင့်ကနေကန့်ကွက်ခြင်းဖြစ်ပါတယ်။ ကျန်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးကို ပြင်ချင်တယ်ဆိုလို့ရှိရင် သူတို့မကြိုက်တဲ့အချက်တွေကို သူတို့ဘာသာ မူဝါဒတွေချမှတ် ၊ သူတို့ဘာသာ သူတို့လမ်းကြောင်းကနေလုပ်ကြပါ ။ အပြင်မှာသွေးထိုးလှုံ့ဆော်နေသလို ဒီနေ့လုပ်တဲ့ပွဲက ၂၀၀၈ ဖွဲ့စည်းပုံကိုကာကွယ်တဲ့ပွဲမဟုတ်ပါဘူး ။ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) လေးတစ်ခုတည်းကိုပဲ လုပ်တာပါ” ဟု ဦးဇေယျာကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်းပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟုရေးသားထားသည်။

ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည်လည်း အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့သည့်အတွက် နိုင်ငံတော်သမ္မတဖြစ်ခွင့်မရှိခြင်းဖြစ်သည်။

By လားနွန်

Leave a Reply