မော်လမြိုင်မြို့တွင် ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အစီခံစာ ထောက်ခံပွဲကို လာရောက်ပူးပေါင်းသူများ နည်းပါးခဲ့သည်။
ထိုကဲ့သို့ ဖြစ်ပွားရခြင်းအကြောင်းမှာ အခြေခံဖွဲ့စည်းပုံကို ပြင်ဆင်သင့်ကြောင်းကို လူတိုင်းနားမလည်တာကြောင့်ဖြစ်သည်ဟု ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကျိုက်မရောမြို့နယ် တာဝန်ခံ ဦးခင်မောင်သိန်းက ဆိုသည်။
ဇူလိုင်လ ၁၇ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ၄၅ ဦးကတင်သွင်းထားသည့် အစီရင်ခံစာ ထောက်ခံပွဲကို မော်လမြိုင်၊ကမ်းနားလမ်းတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လူတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖတ်ဖူးခြင်းနှင့် စားဝတ်နေရေးအတွက် တစ်ရက်တာလုပ်ငန်းကို မစွန့်လွှတ်နိုင်တာကြောင့် တက်ရောက်မှုအားနည်းနေခြင်းဖြစ်သည်ဟု ဦးခင်မောင်သိန်းက မှတ်ချက်ပြုသည်။
“ကျွန်တော် မေလ ၂၄ ရက်မှာ ပြောခဲ့ပါတယ်၊ ဒီစာအုပ်ကို ဖတ်ဖူးပါသလားဆိုရင် လူတိုင်းက မသိကြဘူး မဖတ်ဖူးကြဘူး”ဟု ဦးခင်မောင်သိန်းက ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေကို တိတိကျကျမဖတ်ဖူးပေမယ့်ပြင်ဆင်ချက်တွင်ပါဝင်သည့် အချက်များကို သိချင်တာကြောင့် လာရောက်ရခြင်း ဖြစ်သည်ဟု မော်လမြိုင်ဒေသခံ ဒေါ်စုစုတင်က ဆိုသည်။ “အဲ့ဒီမှာ ပါဝင်တဲ့အချက်တွေကိုလည်း ကြည့်ချင်တယ်ကိုကမသိထားဘူးဆိုတော့လေအဲ့ဒါကြောင့် အားတက်သရောနဲ့ လာခဲ့တာ” ဟု ဒေါ်စုစုတင်က ဆိုသည်။
ဖွဲ့စည်းပုံပြောင်းလဲသည်ကို သဘောကျပြီး သားသမီးနောင်ရေးအတွက်အဆင်ပြေရန်လာရောက်နားထောင်ရတာဖြစ်သည်ဟု တက်ရောက်ခဲ့သူဒေါ်ဝင်းကြည်က ဆိုသည်။
“ကိုယ့်အတွက်တော့မဟုတ်ဘူး၊ ကိုယ့်အတွက်တော့ မရှိတော့ပါဘူး၊ ကိုယ့်သားသမီး နောင်ရေးတွေအတွက်ကိုတိုင်းပြည်တိုးတက်ဖို့ ၊ ခေတ်ပညာတိုးတက်ဖို့၊ စီးပွားရေးလမ်းကြောင်းတွေတိုးတက်ဖို့၊ ဒါမျိုးလေးတွေ ဒါမျိုး အဆင်ပြေရင် ရပါပြီပေါ့နော်။ အဲ့ဒီမျိုးတွေအတွက်လည်း ကြားရအောင်နားထောင်လို့ ရအောင် လာတာ”ဟု ဒေါ်ဝင်းကြည်က ဆိုသည်။
ဒီမိုကရေစီလမ်းကို စတင်လျှောက်လှမ်းနေသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မလိုအပ်သည့်ပုဒ်မများကို ပြင်ကို ပြင်ဆင်ရမှာဖြစ်သည်ဟု ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းဦးက ဆိုသည်။
“အဓိကပြင်ဆင်ရမှာက၄၃၆ ပေါ့ခင်ဗျာ၊ ရွေးကောက်ခံ ရွေးကောက်ခံကိုယ်စားလှယ် ၇၅% က ထောက်ခံရင်တောင် ပြင်လို့မရဘူးလေ။ အနည်းဆုံးစစ်တပ်ကတစ်ယောက်ထောက်ခံမှပြင်လို့ရမယ်ဆိုတော့ ဒါကမဖြစ်သင့်ဘူး“ ဟု ဦးထွန်းထွန်းဦးက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက ပြည်သူများနှင့် သက်ဆိုင်ရမှာဖြစ်ပြီး ပြည်သူ့ဆန္ဒများ ပါဝင်ရမှာ ဖြစ်သည်ဟု ဦးခင်မောင်သိန်းက ဆိုသည်။
“အခြေခံဥပဒေဆိုတာ ပြည်သူတွေ ထောက်ခံရပါမယ်။သူတို့ လူတစ်စု ကောင်းစားဖို့ပဲ ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက် ပြင်ကို ပြင်ရမယ်၊ ဒါကို ထောက်ခံတဲ့အတွက်တက်ရောက်လာရတာဖြစ်ပါတယ်”ဟု ဦးခင်မောင်သိန်းကဆိုသည်။
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဇူလိုင်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။ထိုအစီရင်ခံစာတွင် ပြင်ဆင်ချက်ပေါင်း ၃၇၀၀ ကျော် ပါဝင်ပြီး တိုင်းရင်းသားပါတီများ၏ အကြံပြုချက် အများဆုံး တင်သွင်းထားသည်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ ၄၅ ဦးကတင်သွင်းထားသည့် အစီရင်ခံစာထောက်ခံပွဲကိုလူစုစုပေါင်း၈၀ ဝန်းကျင်ခန့် ပါဝင်ခဲ့သည်။
ရန်လင်းအောင်