မြန်မာနေရှင်နယ်လိဂ် MNL- 1 တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဆောက်သမ်းမြန်မာ (Southern Myanmar FC) အသင်းသည် လာမည့် ၂၀၁၇ ခုနှစ် တွင် မော်လမြိုင်မြို့၌ စတင်အခြေချ၍ ယှဉ်ပြိုင် တော့မည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

southen-myanmar

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကိုယ်စားပြုအသင်းဖြစ်သော ဆောက်သမ်းမြန်မာ အက်ဖ်စီက မော်လမြိုင်မြို့တွင် ၂၀၁၇ ခုနှစ်ဘောလုံးရာသီတွင် စတင်အခြေချတော့မည်ဖြစ်ပြီး ယခုအခါအသင်းကို ပြင်ဆင်မႈများပြုလုပ်လျက်ရှိကြောင်း အဆိုပါအသင်း၏ အုပ်ချုပ်သူ ဦးမြင့်ကျူးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ကျွန်တော်တို့က ဒီပြည်နယ်နဲ့ တိုင်းရဲ့ ကိုယ်စားပြု အသင်းဆိုတော့ ဒီမှာ ရှိတဲ့ ဘောလုံးအားကစားတိုးတက် ဖို့အတွက် အင်ပြည့်အားပြည့်နဲ့ကို လာမှာ”ဟု ၎င်းက ဆိုသည်။

မော်လမြိုင်မြို့သို့ ပြောင်းရွှေ့အခြေချလာရာတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းများရှိ အားကစားဌာနများနှင့် ပူးပေါင်း၍ ဘောလုံးအားကစား သမားကောင်းများ ပေါ်ထွက်လာနိုင်ရန် ဝိုင်းဝန်းကူညီသွားမည်ဖြစ်ကြောင်း အုပ်ချုပ်သူ ဦးမြင့်ကျူးက ဆက်လက်ပြောကြားသည်။

လတ်တလောတွင် လာမည့်ဘောလုံးရာသီတွင် အသင်းအင်အားတောင့်တင်းရန် အသက် ၂၅ နှစ်အောက် ကစားသမား ၁၀ ဦးခန့်၊ နည်းပြချုပ်တစ်ဦး(AFC A လိုင်စင်ရရှိထားပြီးသူ)နှင့် နည်ပြတစ်ဦး (AFC A သို့မဟုတ် B လိုင်စင်) ရရှိထားသူများကို ခေါ်ယူလျက်ရှိကြောင်း ဆောက်သမ်းမြန်မာအက်ဖ်စီထံမှ သိရသည်။

ကစားသမားသစ်များ အားဖြည့်ခေါ်ယူခြင်းကို မည်သူမဆိုလျှောက်ထားနိုင်ပြီး အသင်းကြီးအတွက် ရည်ရွယ်ခေါ်ယူခြင်းဖြစ်သော်လည်း အသက်အရွယ်နှင့် အရည်အချင်းကို ကြည့်၍ လူငယ်အသင်းများအတွက်ပါ ခေါ်ယူမည်ဖြစ်ကြောင်း အုပ်ချုပ်သူ ဦးမြင့်ကျူးက ထပ်လောင်းပြောဆိုသည်။

“အဓိကကတော့ အသင်းကြီးအတွက် ရည်ရွယ်ပြီးခေါ်တာပေါ့။ သက်တမ်းအလိုက် လူငယ်အသင်းတွေ အတွက်လည်း သူတို့ရဲ့ လျှောက်လွှာကို ကြည့်ပြီးတော့မှ လိုတဲ့သူကို ဆက်သွယ်မယ်”ဟု ၎င်းက ရှင်းပြသည်။

ဆောက်သမ်းမြန်မာအသင်းသည် ပြန်လည်အားဖြည့်ခန့်ထားမည့် ကစားသမားများကို အရည်အသွေးပေါ် မူတည်၍ လစာ ၅ သိန်းမှ ၁၀ သိန်းထိ ပေးမည်ဖြစ်ပြီး လျှောက်ထားသူများက တိုင်းနှင့်ပြည်နယ်၊ခရိုင် လက်ရွေးစင်များတွင် ကစားဖူးပါက သက်ဆိုင်ရာ အားကစားမှူးများထံမှ ထောက်ခံချက်ယူ၍ လျှောက်ထားရန်လိုအပ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

Leave a Reply