Advertisements

ဘားအံ ၊ ဖေဖော်ဝါရီ

၂၀၁၇ ခုနှစ်တွင် ကရင်ပြည်နယ်အတွင်း တရားစီရင်ရေးကဏ္ဍ၌ မူးယစ်ဆေးဝါးအမှုများ ၂၀၁၆ခုနှစ်ထက် ပိုမိုများပြားခဲ့သော်လည်း တရားစွဲဆို အမိန့်ချ အရေးယူနိုင်ခဲ့သော အမှုပေါင်း ၅၆၂မှုအထိ ရှိခဲ့ကြောင်း ပြည်နယ်တရားရေးဌာန စာရင်းများအရ သိရသည်။

၂၀၁၆ ခုနှစ်က တစ်ပြည်နယ်လုံးမှ လက်ခံစစ်ဆေးခဲ့သော ယင်းအမှု ၃၁၁ မှုတွင်အပြီးသတ် စီရင်နိုင်ခဲ့သောအမှု ၁၃၈ သာရှိခဲ့သည်။ သို့သော်လည်း ၂၀၁၇ခုနှစ်တွင်မူ လက်ခံစစ်ဆေးသည့် ၅၉၇ မှုတွင် အပြီးသတ် စီရင်နိုင်ခဲ့သော အမှုပေါင်း ၅၆၂မှုအထိ မြန်ဆန်စွာ တရားစီရင်ဆောင်ရွက်နိုင်ခဲ့ကြောင်း စာရင်းများအရသိရသည်။

“ကျွန်တော်တို့ ပြည်နယ်တွင်းအနေနဲ့ မူးယစ်ဆေးဝါးအမှုတွေအပြင်တခြားအမှုတွေလည်း ၂၀၁၇ အတွင်းမှာ မြန်မြန်ဆန်ဆန်လုပ်နိုင်လာပါတယ်။ ဒေသတွင်းအမှုတွေနဲ့ ပတ်သက်လို့ လက်နက်ကိုင် အပစ်ရပ် အဖွဲ့အစည်းတွေ အကူ အညီတောင်းတာတွေတော့ရှိတယ်။ သူတို့ကို လက်ခံတွေ့တယ်။ ဥပဒေနဲ့အညီ အကူအညီပေးတယ်။ နောက်ပြီး ကျွန်တော်တို့ တရားရေးဌာန အနေနဲ့ ဒေသခံတွေကို တိုင်းရင်းသား
ဘာသာစကားနဲ့ ဥပဒေအကြောင်း တရားစီရင်ရေးအကြောင်းတွေကို အသိပညာပေးစာစောင်တွေ ရိုက်နှိပ်ဖြန့်ဝေဖို့လည်း လုပ်ဆောင်နေပါတယ်”ဟု ပြည်နယ်တရားရေးဌာန ညွှန်ကြားရေးမှူးဦးကျော်စွာငြိမ်း ကပြောဆိုသည်။

ကရင်ပြည်နယ်တွင် ဘားအံမြို့နှင့် မြဝတီမြို့တို့မှာ မူးယစ်ဆေးဝါးမှုနှင့် ရာဇဝတ်မှုများ အထူပြောဆုံး မြို့နယ်များဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများတွဲလျက် ဖမ်းဆီးရမိမှုများတွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့နှင့် နီးစပ်သူများ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်လေ့ရှိသည်။

၂၀၁၇ တွင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်၍ ပြစ်မှု ၅၆၉မှု၌ လက်နက် ၄၈ လက်၊ ခဲယမ်း ၂၈၅ မျိုး၊ တရားမဝင် ယာဉ် ၄၆ စီးကို တရားခံ ၇၉၄ယောက်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“ဒေသတွင်းမှာက မူးယစ်ဆေးဝါး ပြဿနာက တော်တော်ဆိုးလာတယ်။ ဖမ်းဆီးနှုန်းကလည်း မြင့်လာတယ်။ လက်နက်ကိုင်ပြီးရောင်းဝယ်ဖောက်ကားတာတွေကြောင့် ဖမ်းဆီးရာမှာ အပြန်အလှန် ပစ်ခတ်မှုတွေအထိအောင် ဖြစ်တာတွေ ရှိနေတယ်။ ကိုယ့်ဒေသ အနီးဝန်းကျင်မှာ ရောင်းဝယ်နေရင်တောင် မပြောရဲကြဘူး။ အသက်ရန်ရှာခံရမှာ ကြောက်နေကြရတယ်” ဟု ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်နေ ဦးတရုတ်က ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း တရားစီရင်ရေးဆိုင်ရာတွင် ၂၀၁၆ က ရာဇဝတ်မှုပေါင်း ၂၄၆၃၆ မှုကို အပြီးသတ် စီရင်နိုင်ခဲ့ပြီး ၂၀၁၇ တွင် ၇၁၂၆ မှုအထိ အပြီးသတ် တရားစီရင်နိုင်ခဲ့ကြောင်း သိရသည်။

Written by ရာဟု(ဖားအံ)

Advertisements
<

Leave a Reply