မော်လမြိုင်၊ ဇန်နဝါရီ

ပြီးခဲ့သည့် ၂၀၁၇ ခုနစ်အတွင်း၌ မွန်ပြည်နယ်ရှိ မူးယစ်ဆေးစွဲသူ ၆၁ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှုပေးနိုင်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့တွင် ၇ဦး၊ ကျိုက်မရောတွင် ၇ဦး၊ မုဒုံတွင် ၁၁ဦး၊ သံဖြူဇရပ်တွင် ၃၁ဦး၊ ကျိုက်ထိုတွင် ၄ဦး၊ သထုံမြို့နယ်တွင် ၁ဦး စုစုပေါင်း ၆၁ဦးကို ဆေးဖြတ်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ယခင် ၂ဝ၁၆ခုနှစ်ကလည်း ဆေးဖြတ်ကုသပေးခဲ့သည်မှာ ၄၈ဦးရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူတို့သဘောနဲ့ သူတို့ ဆေးဖြတ်ချင်တယ်ဆိုပြီး လာခဲ့ရင်တော့ ကျွန်တော်တို့က ဆေးရုံကြီးမှာပဲ ဆေးဖြတ်ကုသဖို့ လုပ်ဆောင်ပေးပါတယ်။ ကျွန်တော်တို့ဆီမလာဘဲ သူတို့ကိုယ်တိုင်ဆေးရုံမှာ သွားဖြတ်သူတွေလည်းရှိပါတယ်”ဟု ၎င်းက ပြောသည်။

အရပ်ဖက်အဖွဲ့အစည်းများမှလည်း ဆေးဖြတ်ကုသနိုင်ဖို့အတွက် ကူညီမှုများရှိနေပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။

ပြည်နယ်တွင် ၂ဝ၁၇ခုနှစ်အတွင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ယခင်နှစ်ထက် ၁၃မှု လျော့နည်းကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

၂၀၁၇ တွင် စိတ်ကြွဆေးပြား ၂၄၈မှု၊ ဘိန်းဆီခဲ ၁မှု၊ ice ၅မှု၊ ဆေးခြောက် ၆မှု၊ ဘိန်းစာရွက် ၉မှု၊ ဆေးဝါး ၁မှု စုစုပေါင်း ၂၇ဝမှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၄၄၄ဦး၊ အမျိုးသမီး ၃၆ဦး ဖမ်းဆီးခဲ့ကြောင်း၊၂ဝ၁၆ခုနှစ်ကမူ မူးယစ်ဆေးဝါးမှု ၂၈၃မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃၇၈ဦး၊ အမျိုးသမီး ၃၇ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စာရင်းအရ သိရသည်။

Written by ထိုက်ထိုက်

Leave a Reply