အခြေခံပညာ မူလတန်းအဆင့် ပထမတန်းသင်ရိုးကို လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ပြောင်းလဲ သင်ကြားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံပညာရေး သုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ပြောသည်။

အဆိုပါ သင်ရိုးသစ်တွင် လက်ရှိ သင်ကြားနေသော ပုံစံများနှင့် တူညီတော့မည် မဟုတ်ဘဲ ကလေးငယ်များ၏ ပေါင်းသင်းဆက်ဆံရေးနှင့် ကျွမ်းကျင်မှုများကို ဦးစားပေး သင်ကြားသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ပညာသင်ကြားရာ၌ အလွတ်ကျက် သဘောမျိုးသာ ဖြစ်နေသည့်အတွက် ကလေးငယ်များ၏ အတွေးအခေါ်များ ပိုမိုကောင်းမွန်လာစေရန် ပြောင်းလဲရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အလွတ်ကျက်တာ မကောင်းတဲ့အတွက် ပြောင်းလဲ သင်ကြားတာပါ”ဟု ၎င်းက ရှင်းပြသည်။

ပထမတန်း သင်ရိုးသစ် သင်ကြားနိုင်ရန်အတွက် ဗဟိုအဆင့်မှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆရာ၊ ဆရာမများကို သင်တန်းပေးမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

လာမည့် ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်များ သင်ရိုးများ ပြောင်းလဲမည် မဟုတ်ဘဲ အခြေခံပညာ မူလတန်းအဆင့်မှ ပထမတန်း တစ်ခုကိုသာ ပြောင်းလဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသန ဦးစီးဌာနထံမှ သိရသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply