Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်းသို့ လျှပ်စစ်ဓာတ်အား အဓိက ဖြန့်ဝေပေးနေသည့် ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ပြီးပါက လာမည့်နှစ်(၂၀၁၈)တွင် လျှပ်စစ်မီးပြတ်တောက်မှု ရှိတော့မည် မဟုတ်ကြောင်း ပြည်နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးသက်ပိုင်မျိုးက ပြောသည်။

လျှပ်စစ်ဓာတ်အား အလုံအလောက် ဖြန့်ဝေပေးနိုင်ရန် မော်လမြိုင် ငန်းတေးလျှပ်စစ်ဓာတ်အားခွဲရုံတွင် ၆၆/၃၃ ကေဗွီ၂၀ အမ်ဗွီအေ ထရန်စဖော်မာတစ်လုံး ထပ်မံတိုးချဲ့သွားမည်ဖြစ်ပြီး၊ တောင်ဝိုင်း ခွဲရုံတွင်လည်း ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ အစား ၃၀ အမ်ဗွီအေကို လဲလှယ်တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ကျိုက်ထိုမြို့နယ် တောင်စွန်းလျှပ်စစ်ဓာတ်အားပေးခွဲရုံနှင့် ကျိုက်မရောမြို့နယ်တွင် ၃၃/ ၁၁ ကေဗွီ ၅ အမ်ဗွီအေ တစ်လုံးကို တိုးချဲ့တပ်ဆင်သွားမည့့်အပြင် မုဒုံမြို့နယ်တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေအစား ၁၀ အမ်ဗွီအေကို လဲလှယ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“Main Transformer ကြီးတွေလဲလှယ်တာက ဝန်အားနိုင်နိုင်နင်းနင်း ပေးနိုင်ဖို့ ဖြစ်တယ်။
ပြီးသွားရင်တော့ နေရာ တော်တော်များများမှာ မီးအားပြည့်ပြည့်ဝဝ သုံးစွဲနိုင်မယ်၊ ဒီဟာတွေက ဒီနှစ်ထဲမှာပြီးသွားမယ်။ ဒါပြီးရင်တော့ မီးပျက်မှု ရှိတော့မှာမဟုတ်ဘူး”ဟု ဦးသက်ပိုင်မျိုးက ဆိုသည်။

ဓာတ်အားခွဲရုံများတွင် Main Transformer များတပ်ဆင်ပြီးပါက ဝန်အားမနိုင်ခြင်းကြောင့် ပိတ်လိုက်ရခြင်းမျိုး ဖြစ်လာတော့မည်မဟုတ်ကြောင်း၊ သို့သော် သဘာဝဘေးအန္တရာယ်များကြောင့် မီးကြိုးပြတ်တောက်ခြင်းနှင့် ဓာတ်အားပေးတိုင်ကို ယာဉ်ဖြင့် ဝင်တိုက်မိခြင်းကဲ့သို့သော မတော်တဆမှုဖြစ်စဉ်များကြောင့်သာ လျှပ်စစ်ဓာတ်အား ပြတ်တောက်နိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“မီးပျက်မပျက်ကို ကျွန်တော်တို့က စောင့်ကြည့်ရမယ်၊ အခုနောက်ပိုင်း ခဏခဏဘာဖြစ်လိုက် ညာဖြစ်လိုက်နဲ့ တစ်လျှောက်ပျက်နေတယ်”ဟု မော်လမြိုင်မြို့နေ ဦးအောင်မြင့်က ပြောသည်။

မော်လမြိုင်မြို့နယ်ကို လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝပေးနိုင်ရန်အတွက် ၁၁ ကေဗွီရှိသော ထရန်စဖော်မာ ၂၁ လုံးကို ထပ်မံတပ်ဆင်သွားမည်ဖြစ်ပြီး၊ အဆိုပါလုပ်ငန်းများ ပြီးစီးပါက မော်လမြိုင်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်တော့မည် မဟုတ်ကြောင်း၊ ယခုအခါ မွန်ပြည်နယ်အတွက် လိုအပ်သည့် ဓာတ်အား ၁၁၀ မဂ္ဂါဝပ်ကို အပြည့်အဝ ပို့လွှတ်ပေးလျက်ရှိကြောင်း ဦးသက်ပိုင်မျိုးက ဆိုသည်။

မွန်ပြည်နယ် လျှပ်စစ်ဓာတ်အား သုံးစွဲမှု ပမာဏမှာ တစ်လလျှင် ယူနစ် သန်း ၄၀ ကျော်ရှိပြီး၊ အိမ်တစ်အိမ်လျှင် တစ်လ ယူနစ် ၂၃၀ နှုန်းခန့်သုံးစွဲလျက်ရှိကြောင်း သိရသည်။

Written by – ဇော်ထိုက်

 

Advertisements
<

Leave a Reply