Advertisements

ဘားအံ၊ အောက်တိုဘာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရလိုသည်ဆိုခြင်းမှာ နိုင်ငံရေးလုပ်စားလို၍ မဟုတ်ဘဲ မြန်မာ့ဒီမိုကရေစီအုတ်မြစ်ခိုင်မြဲသွားစေရန် ရည်ရွယ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( ပြည်နယ်ရုံး)အစည်းအဝေးခန်းမတွင် ကျင်းပသည့် ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပရေး ကော်မရှင်တွေ့ဆုံပွဲတွင် “ကျွန်မကတော့ ကိုယ့်ရွာ၊ ကိုယ့်မြို့နယ်၊ ကိုယ့်ပြည်နယ် ဖြစ်ထွန်းအောင် အကျိုးရှိမယ့်၊ အလုပ် လုပ်ပေးနိုင်တဲ့ အတိုင်းအတာကို ကြိုးစားဆောင်ရွက်မယ်။ အနစ်နာခံထားတဲ့သူတွေ ရှိတယ်။ နောက်လူတွေ အသာစံဖို့ ကျွန်မတို့ ဆောင်ရွက်ပေးနေခြင်းပဲ ဖြစ်တယ်ဆိုတာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခံယူထားတာပါ”ဟု ဝန်ကြီးချုပ်က ဆိုသည်။

အဆိုပါတွေ့ဆုံပွဲသို့ NLDပါတီဝင်များဖြစ်သည့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညီလာခံကျင်းပရေး(ဗဟို)မှ တာဝန်ရှိသူများနှင့် ပြည်နယ်အတွင်းမှ အဖွဲ့ဝင် ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

“ကျွန်မတို့ပါတီမှာ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိပါတယ်။ ကျွန်မတို့တွေနဲ့တင် မရပါဘူး။လူငယ်တွေ အများကြီးလိုအပ်ပါတယ်။ လူငယ်တွေကို လက်ဆင့်ကမ်းပြီး ကျွန်မတို့တိုင်းပြည်ကြီး ဒ့ီထက်ပိုမိုကောင်းမွန်တိုးတက်လာအောင်အတွက် လူငယ်တွေအနေနဲ့ ကျွန်မတို့ပါတီထဲ ဝင်ရောက်ပြီး တိုင်းပြည်အပြောင်းအလဲကာလ ပူးပေါင်းလုပ်ဆောင်ကြစေချင်ပါတယ်”ဟု ပြည်နယ် ပါတီအလုပ်အမှုဆောင် ဒေါ်မီမီထိုက်က ပြောသည်။

ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပရေးဗဟိုကော်မရှင်အနေဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်က လူငယ်ညီလာခံကျင်းပရေး ကော်မရှင်အဆင့်ဆင့်ကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အဖွဲ့ဝင် ၁၅ ဦးစီဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ရာဟု(ဖားအံ)

Advertisements
<

Leave a Reply