၂၀၂၀ အောင်နိုင်ရေး USDP ပြင်ဆင်နေပြီ

ပြည်ထောင်စု  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနေဖြင့် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် အနိုင်ရရန် ရည်မှန်းထားကြောင်း မွန်ပြည်နယ် USDP ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

 

ယင်းအတွက်ကြောင့် လက်ရှိလုပ်ငန်းစဉ်အနေဖြင့် ဖွဲ့စည်းထားသော ရေးရာကော်မတီအလိုက် ပါတီဝင်များ၏ နှီးနှောဖလှယ်ပွဲကို မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်၊ ဗဟိုအဆင့် စသဖြင့် လုပ်ဆောင်သွားရန်ရှိသည်ဟု ၎င်းက ဆိုသည်။

 

ထို့အပြင် တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်၊ အမျိုးသမီး၊ တိုင်းရင်းသား၊ စီမံ၊ ဘဏ္ဍာ၊ စီးပွားရေး၊ မီဒီယာ၊ ပညာရေးနှင့် သုတေသန၊ ပါတီစည်းကမ်းထိန်းသိမ်းရေးဟူသည့် ရေးရာကော်မတီများကို ဖွဲ့စည်းထားသည်။

 

“ဒီနှီးနှောဖလှယ်ပွဲတွေ လုပ်တဲ့အခါမှာ အောက်ခြေပါတီဝင်တွေက ပါတီမူဝါဒတွေ တာဝန်တွေကို ပိုသိလာပြီးတော့ လုပ်ငန်းတာဝန်တွေလုပ်ဖို့ ပိုတက်ကြွလာတယ်။ ပါတီဝင်အချင်းချင်းတွေ့ဆုံပြီး စုစည်းမိလာမယ်။ အဲကနေရတဲ့ အင်အားကို အခြေပြုပြီး ပါတီပြင်ပစည်းရုံးရေး တိုးချဲ့နိုင်မယ်” ဟု ဦးဝင်းမော်ဦးက ဆိုသည်။

 

ပြီးခဲ့သော နိုဝင်ဘာလ ၁၈ ရက်ကလည်း ပြည်နယ်အဆင့် ကျင်းပခဲ့သော အမျိုးသမီးနှီးနှောဖလှယ်ပွဲမှ အမျိုးသမီး ၂၈ ဦးကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကာ ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ဗဟိုအမျိုးသမီးညီလာခံကို တက်ရောက်စေမည်ဟု ဆိုသည်။

 

အလားတူ တောင်သူလယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား စသည့် အလွှာလိုက် တွေ့ဆုံပွဲများ လုပ်ဆောင်သွားမည့် အစီအစဉ်ရှိပြီး ကုန်ခဲ့သော နှစ်ဆန်းပိုင်းတွင် လူငယ်တွေ့ဆုံပွဲများ ကျင်းပခဲ့သည်ဟုဆိုသည်။

 

၂ဝ၂ဝ ရွေးကောက်ပွဲတွင် ကွက်ပြည့်နိုင်အောင် ရည်မှန်းထားသော်လည်း တိုင်းရင်းသားပါတီ အနေအထားကို ကြည့်ပြီး ရွေးကောက်ပွဲ ကွက်ပြည့်ဝင်၊ မဝင် ဗဟိုက ဆုံးဖြတ်မည်ဖြစ်ပြီး၊ ပြည်နယ်များတွင် တိုင်းရင်းသားပါတီများရှိသောကြောင့် ၎င်းတို့နှင့် လက်တွဲလုပ်ဆောင်နိုင်အောင် ကြိုးပမ်းသွားမည်ဟု ပြောသည်။

 

“ပါတီကတော့ သူ့ဟာသူ ပြိုင်ကြတာပေါ့။ သို့သော် တချို့နေရာတွေမှာ ပြည်နယ်အစိုးရတွေ ဗဟိုအစိုးရတွေ ဖွဲ့ကြမယ်ဆိုရင် သူတို့တွေနဲ့ မဟာမိတ်အနေနဲ့ ပေါင်းစည်းဖို့ အနေအထားမျိုးရှိတယ်။ တချို့နေရာတွေမှာ တူရာတူရာပေ့ါ နိုင်ငံနှင့် ပတ်သက်တဲ့ မူဝါဒနှင့် ပတ်သက်တဲ့အပိုင်းမှာ ပေါင်းလုပ်ကြမယ်” ဟု ၎င်းကဆက်ပြောသည်။

 

တဆက်တည်း “ပါတီတွေ ပြိုင်ဆိုင်တဲ့အပိုင်းမှာ အင်အားသိပ်ပြီးပြင်းထန်လာရင် ခက်ထန်လာရင် တိုင်းပြည်အတွက် မကောင်းဘူး။ သူ့ရဲ့တရားသော ယှဉ်ပြိုင်မှုဟာ စိုးရိမ်စရာအနေအထား ပါတီဝင်တစ်ဦးချင်းစီပေါ်မူတည်ပြီး ပါတီရဲ့အရည်အသွေးတိုးတက်မှ ပြည်သူတွေက လက်ခံမယ်။ အဲလိုပါတီမျိုးဖြစ်လာဖို့အတွက် ပါတီအနေနဲ့ ကြိုးစားသွားမယ်”ဟု ဦးဝင်းမော်ဦးက ဆိုသည်။

 

လက်ရှိအာဏာရပါတီသည် အုပ်ချုပ်မှုအာဏာ လက်ထဲရောက်လာသော်လည်း ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းမှုကြောင့် တိုးတက်မှုနည်းကာ တိုင်းပြည်အုပ်ချုပ်မှုနှင့် စီးပွားရေးပိုင်းတွင် ကျဆင်းလာသည်ဟု ၎င်းကပြောသည်။

 

“မူဝါဒ ဘယ်လောက်ကောင်းကောင်း အကောင်အထည်ဖော်သူ အရည်အသွေးညံ့ရင် ထိရောက်အောင်မြင်မှာ မဟုတ်ဘူး။ လူကိုရော မူကိုရောကြည့်ရမယ်။ ပါတီကိုပဲကြည့်ပြီး လူကိုမကြည့်ရင် နိုင်ငံအတွက် ဆုံးရှုံးမယ် နစ်နာမယ်” ဟု ဦးဝင်းမော်ကပြောသည်။

 

လက်ရှိတွင် မွန်ပြည်နယ်၌ ကြံ့ခိုင်ရေးပါတီဝင်အင်အား ၁၅ဝဝဝဝ ခန့်ရှိပြီး အမျိုးသမီးပါဝင်မှု ၃၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။

 

စန္ဒာဉာဏ်

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.