ရန်ကုန် ၊ ဒီဇင်ဘာ ၊ ၅

၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်များကိုအခြေခံ၍ ၂၀၃၀ ပြည့်နှစ်တွင် အခြားပြည်နယ် နှင့် တိုင်းများထက် မွန်ပြည်နယ်လူဦးရေအများဆုံးလျော့ကျလာမည်ဟု ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA) က ထုတ်ပြန်အစီရင်ခံစာက ခန့်မှန်းထုတ်ပြန်ထားသည်။

၂၀၁၄ သန်းခေါင်စာရင်းများအရ မွန်ပြည်နယ်မှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် လုပ်သားဦးရေ ၄၂၆၅၈၆ ဦးရှိပြီး ပြည်နယ်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြောင်းသိရသည်။

“ယောက်ျားလေးတွေအများစုက အလုပ်အကိုင်ကြောင့့်သွားကြတာဖြစ်တယ်။ အစိုးရအနေနဲ့ ဘာလုပ်ဖို့ရှိလည်းဆိုတော့ မသိဘူး။ အကြမ်းဖျဉ်းပြောရရင် နိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကောင်းလာမယ်ဆိုရင် ပြည်တွင်းမှာ နေထိုင်မယ်လို့ ခန့်မှန်းရတာပဲလေ” ဟု UNFPA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

UNFPA ၏ ခန့်မှန်းချက်များအရ ၂၀၃၀ အတွင်းတွင် မွန်ပြည်နယ်တွင် နေထိုင်သူ ၇ ရာခိုင်နှုန်းခန့် လျော့ကျသွားနိုင်ကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

မွန်ပြည်နယ်မှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သည့်ကိစ္စနှင့် ပက်သက်၍ ပြည်နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တိုးတိုးချစ်က “အလုပ်အကိုင်ရှားပါးလို့တော့ မဟုတ်ဘူး။

သူတို့က ဒါ့ထက်ကောင်းတဲ့ အလုပ်ကိုလုပ်ချင်လို့။ နိုင်ငံခြားထွက်တယ်ဆိုတာ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေက ပြည်ပနိုင်ငံရောက်နေလို့။ ရောက်နေတဲ့အခါကျတော့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို သူတို့ကိုခေါ်တယ်သူတို့ိုကို ဒီမှာအလုပ်အကိုင်အခွင့်အလမ်းတွေကကောင်းတယ် ပြီးတော့ မြန်မာပြည်မှာလုပ်လို့ရှိရင် ဒီလောက်မရဘူဘာညာ သူတို့တွေနောက်လိုက်တာ” ဟု ပြောဆိုသည်။

မွန်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းများရှိနေခြင်းကြောင့် အခြားသော တိုင်း နှင့် ပြည်နယ်မှ အလုပ်သမားများ လာရောက်အလုပ်လုပ်ကိုင်နေကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်တွင် နေထိုင်သူ နှစ်သန်းကျော်တွင် အလုပ်အကိုင်မရှိသူ ၆၆၃၀၃ ဦးရှိနေပြီး တိုင်း နှင့် ပြည်နယ်အားလုံးတွင် မွန်ပြည်နယ်မှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်သူဦးရေအများဆုံးဖြစ်ကြောင်းသိရသည်။

“ပြည်တွင်းမှာ အလုပ်လုပ်ရင် ဘယ်လောက်ရလို့လဲ။ ဟိုမှာသွားလုပ်ရင် ပိုက်ဆံအများကြီးရတယ်။ အဲ့ဒါကြောင့် ဒီကလူငယ်တွေ တော်တော်များများက ထိုင်းမှာပဲ အလုပ်လုုပ်ကြတာများတယ်။ ဟိုနှစ်နည်းနည်းကြာလို့ အလုပ်လုပ်ပြီး ပြန်လာရင် ကားတွေ ဆိုင်ကယ်တွေနဲ့ ဖြစ်ကုန်ရော” ဟု မွန်ပြည်နယ် ဒေသခံ ဦးစိုးထွန်းကပြောသည်။

မွန်ပြည်နယ်အတွင်းတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ်လျှောက်ထားသူ တစ်ရက်လျှင် ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း မွန်ပြည်နယ် အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနမှသိရသည်။

Written by – ဆုမင်းကို

Leave a Reply