ရန်ကုန်၊ ဖေဖော်ဝါရီ ။ ။ ဒုတိယအကြိမ်မြောက်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံ မတိုင်မီ တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးပြုလုပ်ရန် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ သဘောတူညီထားကြောင်း နှစ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်က အပစ်ရပ်အဖွဲ့များနှင့် အပစ်ရပ် လက်မှတ်ရေးထိုးခြင်း မရှိသေးသော UNFC အဖွဲ့ဝင်များ တွေ့ဆုံခဲ့ပြီးနောက် ယင်းကဲ့သို့ သဘောတူညီခဲ့ခြင်း ဖြစ်သည်။

၂၁ ရာစုပင်လုံတွင် ဖက်ဒရယ် အခြေခံမူများကို ဦးစားပေး ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ကြိုတင်ညှိနှိုင်းနိုင်ရန် ထိပ်သီးအစည်းအဝေး ပြုလုပ်ခြင်းဖြစ်ကြောင်း အပစ်ရပ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

“ဒီပင်လုံ မတိုင်မီမှာ UNFC နဲ့ အစိုးရနဲ့ သီးခြားတွေ့ဆုံမယ်ဆိုတဲ့ သတင်းကိုလည်း ရထားပါတယ်။ ဘယ်လို ပုံစံမျိုးနဲ့ တက်မလဲ၊ အထူးဧည့်သည်တော် အဖြစ်လား၊ လေ့လာသူအဖြစ်လား ဆိုတာတွေကို ဆွေးနွေးမယ် ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ယင်းဆွေးနွေးပွဲကို မည်သည်နေရာနှင့် အချိန်ကိုမူ ထပ်မံ အတည်ပြုရန် လိုအပ်သေးကြောင်း လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံ မတိုင်မီ KIO ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်တွင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံကို မူလက ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပရန် သတ်မှတ်ထား သော်လည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ရက်သတ္တပတ် နှစ်ပတ် ထပ်မံနောက်ဆုတ်ထားကြောင်း အစိုးရထံမှ သိရသည်။

Leave a Reply