ဘားအံ ၊ ဇွန်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးတွင် ကရင်ပြည်နယ်မှ ဆွေးနွေး တင်ပြမည့် အဆိုများကို အတည်ပြုပြီးစီးခဲ့ကြောင်း ကရင်အမျိုးသမီးအစည်းအရုံး (KWG)၊ ရန်ကုန်မြို့မှ နော်အုံးလှက ဟင်္သာမီဒီယာသို့ ဇွန်လ ၁၅ရက်တွင် ပြောသည်။

ဇွန်လ ၁၀ရက်နေ့ကစ၍ ဘားအံခရိုင် လောခီလာ(လေးဝါး)စခန်းတွင် သုံးရက်တာကျင်းပခဲ့သည့် ကရင့်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ သဘောထားများ ပြန်လည်စုစည်းခြင်းနှင့် အတည်ပြုခြင်းအစည်းအဝေး၌ ယင်းသို့ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ဆွေးနွေးခဲ့သူ နော်အုံးလှက ဆိုသည်။

” ဆွေးနွေးမှုမှာ ကရင်အမျိုးသားအသံအားလုံးပါဖို့ လိုအပ်တယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

လောခီလာ အစည်းအဝေးပွဲတွင် တိုင်းဒေသကြီး ၄ ခု (ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ)နှင့် ပြည်နယ် ၃ခု(ကရင်၊ မွန်၊ ကယား)မှ ဒေသအလိုက် လူထုတွေ့ဆုံပွဲအသီးသီး၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာ၊ သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံရေး အစရှိသည့် ကဏ္ဍအလိုက် သဘောထားစာတမ်းများကို စုစည်းအတည် ပြုခဲ့ကြောင်း သိရသည်။ တတိယပင်လုံညီလာခံသို့ ကရင်တိုင်းရင်းသား ကိုယ်စားပြု တက်ရောက် ဆွေးနွေးမည့် ကိုယ်စားလှယ်များကိုလည်း ရွေးချယ်နိုင်ခဲ့ကြောင်း၊ ရှေ့ဆက် ဆောင်ရွက်ရန် လုပ်ငန်းစဉ် ဆုံးဖြတ်ချက်တို့ကိုလည်း ချမှတ်ခဲ့ကြောင်း သိရသည်။

လောခီလာ အစည်းအဝေးနှင့်ပတ်သက်၍ ဘားအံမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဆက်ဆံရေးရုံးသို့ ဟင်္သာမီဒီယာက ဇွန်လ ၁၅ရက် ညနေပိုင်း၌ သွားရောက်မေးမြန်းရာ၌ ဖြေကြားပေးနိုင်မည့် ပုဂ္ဂိုလ် ယင်းရုံး၌ မရှိသေးကြောင်း  တာဝန်ခံ စောအယ်ရှီက ပြောသည်။

Written by စောအယ်လ်ဒီး- ကရင်ပြည်နယ်

Leave a Reply