Advertisements

အမေရိကန်နိုင်ငံသားတစ်ဦးဟာ သူနာပြုတစ်ယောက်ကို ပြန်ပေးဆွဲ၊ အဓမ္မပြုကျင့်မှုနဲ့ တရားစွဲ ထောင်ချခံခဲ့ရပါတယ်။ နှစ်ပေါင်းငါးဆယ်လောက် ထောင်နန်းစံခဲ့ရပြီးမှ နောက်ဆုံး အမှုမှန်ပေါ်လို့ အပြစ်မရှိတဲ့အတွက် ပြန်လွတ်လာခဲ့ပါတယ်။

ဝဲဘာ့ဂျုံးဆိုတဲ့ အမျိုးသားဟာ ၁၉၇၁ ခုနှစ်က တရားစွဲထောင်ချခံခဲ့ရတာဖြစ်ပြီး အခုအခါမှာတော့ အပြစ်မရှိကြောင်း တရားသူကြီးက အမိန့်ချလိုက်တဲ့အတွက် ပြန်လွတ်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဒီအပတ်အစောပိုင်းမှာ ပြည်နယ်တရားသူကြီး ရစ်ချတ်အန်ဒါဆန်က ဒီအမှုဟာ အထောက်အထားအားနည်းကြောင်း၊ အာဏာပိုင်တွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက သူ့ကို လွတ်စေနိုင်မယ့် အထောက်အထားတွေကို ကွယ်ဝှက်ထားခဲ့တယ်လို့ သူက ပြောပါတယ်။

နိုင်ငံတော်တရားလိုရှေ့နေတွေကတော့ သူတို့အနေနဲ့ အမှုကို ပြန်စစ်ဆေးပေးဖို့ တောင်းဆိုမှာ မဟုတ်ပေမယ့် မစ္စတာဂျုံးကို လွှတ်ပေးဖို့ တရားသူကြီးရဲ့ အမိန့်ကို ပြန်လည်သုံးသပ်စေလိုကြောင်း ပြောဆိုခဲ့ကြပါတယ်။

မစ္စတာဂျုံးဟာ ၁၉၇၂ ခုနှစ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ညမှာ သူနာပြုတစ်ယောက်ကို သေနတ်နဲ့ချိန်ပြီး အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှုနဲ့ အဖမ်းခံရတာဖြစ်ပါတယ်။
၁၉၇၄ ခုနှစ်မှာ အပြစ်ရှိကြောင်းနဲ့ လျှော့ရက်မရှိ ပြစ်ဒဏ်ကျခံဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ အဓမ္မပြုကျင့်သူဟာ သူပါဆိုတဲ့ သူနာပြုရဲ့ ထွက်ဆိုချက် အထောက်အထားပေါ်မှာ ဒီအမှုကို တည်ဆောက်ထားတာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဲဒီ သူနာပြုအမျိုးသမီးဟာ အဓမ္မပြုကျင့်ခံရပြီး သုံးလအကြာမှာ သံသယရှိသူတွေကို တန်းစီပြီး ကျူးလွန်သူ ဘယ်သူလဲလို့ မေးတဲ့အခါမှာ မစ္စတာဂျုံးကိုပဲ လက်ညှိုးထိုးခဲ့ပါတယ်။

ဒါပေမဲ့ သူ့ကို အဓမ္မကျင့်တဲ့လူဟာ မစ္စတာဂျုံးထက်အရပ်ပိုရှည်သလို မစ္စတာဂျုံးရဲ့ အသံထက်လည်း ပိုမာတယ်လို့ ရဲတွေကို ပြောပါတယ်။ အခုအခါမှာ မစ္စတာဂျုံးဟာ အသက် ၆၅ နှစ်ရှိနေပါပြီ။

သူနာပြုရဲ့ အမျိုးသားကတော့ မစ္စတာဂျုံးကို ပြန်လွှတ်တဲ့အပေါ် ကန့်ကွက်ဖို့ မရှိဘူးလို့ ပြောပါတယ်။

Advertisements
<

Leave a Reply