14047274_1751259961797591_4771490131329521549_o

ရန်ကုန်၊ ဒီဇင်ဘာ ၂၈
လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို ဖိနှိပ်သည့် ပြဌာန်းချက်များပါဝင်သည်ဟုဆိုသော ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပြန်လည်ပြင်ဆင်ရမည့် အချက်များအား ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီထံသို့ ပေးပို့ထား ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းကပြောကြားသည်။
ယနေ့ နံနက်ပိုင်း က ပြည်ထောင်စုလွှတ်တော်ရှိ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်ရေးကော်မရှင် နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တို့ တွေ့ဆုံရာတွင် သူရဦးရွှေမန်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
အဆိုပါ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ပြဌာန်းချက်ပါ တရားစွဲဆိုခံရသူသည် အာမခံ လျှောက်ထားခွင့် မရသည့် အကြောင်းအရာကို ပြင်ဆင်ရေးအတွက် အဓိကထား သုံးသပ်ထားသည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
သို့သော်လည်း ကော်မရှင် လုပ်ပိုင်ခွင့်အရ ဥပဒေအပေါ် လေ့လာတွေ့ရှိချက်များကို လွှတ်တော်သို့ ပေးပို့ရခြင်းဖြစ်ကာ ပြင်ဆင်ခြင်း ပြုလုပ်ရမည့် ကိစ္စသည် လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒနှင့်သာ သက်ဆိုင်လျက်ရှိသည်။
ဆက်သွယ်ရေးဥပဒေကို စတင်ပြဌာန်းသည့် ယခင်အစိုးရလက်ထက်၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရသူပေါင်း(၇)ဦးအထိရှိပြီး (၅)ဦးမှာ ပြစ်ဒဏ်ချခြင်းခံခဲ့ရသည်။
ထို့အပြင် လက်ရှိ ဒီမိုကရေစီအရပ်သားအစိုးရလက်ထက် ၂၀၁၆ ဧပြီလမှ နိုဝင်ဘာလအထိ(၇)လအထိတရားစွဲဆိုမှုပေါင်း (၂၉)မှုတွင် စွပ်စွဲခံရသူများမှာ သာမန်ဖေ့ဘွတ်ခ်သုံးစွဲသူများသာမက လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူများ နှင့် သတင်းမီဒီယာသမားများလည်းပါဝင်လျက်ရှိသည်။
အဆိုပါ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အရ မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦး အား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံး ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဌာန်းထား သည်။

Leave a Reply