မော်လမြိုင်၊ ဒီဇင်ဘာ ၄

မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်တွင် ဒီဇင်ဘာ ၁ ရက်၊ ည ၉ နာရီခန့်က ၇၃ နှစ်အရွယ် အဘွားအိုတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်သည့် အမျိုးသားတစ်ဦးကို ရပ်ကွက်ပြည်သူများက ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်း ဇေယျာသီရိနယ်မြေရဲစခန်းမှ သိရသည်။

ယင်းရပ်ကွက်၊ သရဖီ ၃ လမ်း၊ လမ်းဘေး၌ အဆိုပါအဘွားအိုကို တစ်ရပ်ကွက်တည်းနေ သိန်းတန် (ခ) သိန်းအောင်(၅၅ နှစ်)က ကာမဆက်ဆံရန် မဖွယ်မရာပြုလုပ်နေသည်ကို တစ်ရပ်တည်းနေသူ ထိန်လင်းကျော်က တွေ့ရှိခဲ့ရသဖြင့် ရပ်ကွက်လူကြီးထံ သွားရောက်အကြောင်းကြားကာ ဇေယျာသီရိနယ်မြေရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းမှ ရဲတပ်ကြပ်ကြီး သိန်းမြင့်ဇော်ကပြောသည်။

“လမ်းဘေးမှာ အဘွားအိုကို မဖွယ်မရာ ကာမဆက်ဆံဖို့ ကြံစည်ပြုလုပ်နေတဲ့ သူကို ရပ်ကွက်ပြည်သူနဲ့ ရာအိမ်မှူးတွေက ထိန်းသိမ်းထားတယ်ဆိုပြီး အကြောင်းကြားလို့ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ဖမ်းဆီးခဲ့တယ်။ ရပ်ကွက်ရာအိမ်မှူး ဦးခင်မျိုးက တရားလိုပြုလုပ်ပြီးတော့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်”ဟု ဒုရဲအုပ်မျိုးဇော်အောင်က ပြောသည်။

ယင်းသို့ အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့သည့် သိန်းတန် (ခ) သိန်းအောင်ကို ဇေယျာသီရိနယ်မြေရဲစခန်းမှ (ပ) ၂၇၂/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Written by ခေတ်မင်း

Leave a Reply