၇၅ နှစ်ပြည့် သေမင်းတမန်

Special Report

စိမ်းလန်းသော မြက်ခင်းပြင်တွင် ထာဝရ မမေ့နိုင်သည့် အခမ်းအနား တစ်ခုကို ကျင်းပနေသည်။
သူတို့မှာ နေရာ၊ ဒေသ၊ ဘာသာ စကား မတူသော်လည်း ထိုနေရာတွင် လာရောက် စုရုံး၍ ယင်းအခမ်းအနားလေးကို လူပေါင်း ၈၀ ခန့် စုပေါင်းကျင်းပနေခြင်းဖြစ်၏။

သေမင်းတမန်ဟူ၍ အမည်ဆိုးနှင့် ကျော်ကြားသော ရထားလမ်း ဖောက်လုပ်ပြီးစီးခြင်း ၇၅ နှစ်ပြည့်ဖြစ်၍ အသက်ပေးခဲ့သော စစ်သုံ့ပန်းနှင့် ချွေးတပ်သားများကို အောက်မေ့ သတိရ အထိမ်းအမှတ်အခမ်းအနားပင်။

၂၅၈ မိုင် ရှည်လျားသော ထိုင်း-မြန်မာ မီးရထားလမ်းကို ၁၉၄၂ ခုနှစ် ဇွန်လတွင် ဂျပန်တပ်က စတင်ဖောက်လုပ်ခဲ့ပြီး ဘုရားသုံးဆူတောင်ကြားကိုဖြတ်၍ မြန်မာနိုင်ငံ သံဖြူဇရပ်နှင့် ထိုင်းနိုင်ငံ ဘန်ပေါင်ကို ဆက်သွယ်ထားသည်။

ထိုရထားလမ်းကို မြန်မာဘက်နှင့် ထိုင်းဘက်တွင် တစ်ပြိုင်နက်တည်း ၁၆ လကြာ ဆောက်လုပ်ခဲ့ပြီး ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ နှစ်ဖက်ဆုံ၍ ပြီးခဲ့၏။

မှတ်တမ်းများအရ ရထားလမ်းအရှည် ၁ မိုင်ဆောက်လုပ်ပြီးစီးတိုင်း လူပေါင်း ၄၀၀ အသက်ဆုံးရှုံးခဲ့ပြီး မီးရထားဇလီဖားတုံး တစ် ခုအပြီးတွင် လူတစ်ယောက်နှုန်း သေဆုံးခဲ့ရသည်ဟု ဆိုကြသည်။

ထိုသို့ အသက်သွေးချွေးများစွာ စတေးခဲ့ရသဖြင့် သေမင်းတမန်ရထားလမ်းဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။

ယနေ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ၇၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အခမ်းအနားကို ရထားလမ်း ဖောက်လုပ်စဉ် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ သေဆုံးခဲ့သော စစ်သုံ့ပန်းများ မြှုပ်နှံထားသည့် သံဖြူဇရပ်မြို့ရှိ ဓနသဟာယ စစ်သင်္ချိင်း၌ ပြုလုပ်ခဲ့သည်။

တက်ရောက်သူများမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ ကနေဒါ၊ အိန္ဒိယ၊ နယ်သာလန်၊ နယူးဇီလန်၊ ပါကစ္စတန်၊ ထိုင်းနှင့် အမေရိကန်နိုင်ငံများမှ သံအမတ်များ၊ စစ်သံမှူးများလည်း ပါဝင်ခဲ့သည်။

အခမ်းအနား တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ် စတိဗ့်မာရှယ်က“ ဒေသခံ တိုင်းရင်းသားတွေနှင့် မြန်မာတစ်နိုင်ငံလုံးက အရပ်သား မြောက်မြားစွာဟာ ဒီရထားလမ်းဖောက်လုပ်ရာမှာ အလွန်ဆိုးရွားတဲ့ အခြေအနေတွေမှာ အလုပ်လုပ်ခဲ့ရပါတယ်၊ ဒီရထားလမ်းဟာ သူတို့ အသက်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်”ဟု ဆိုသည်။

ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တို့သည် အဆိုပါ မီးရထားလမ်းကို ရည်ရွယ်ချက် ၄ ချက်ဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။

ဂျပန်တို့သည် ၎င်းတို့ပါဝင်တိုက်ခိုက်နေသော မဟာအာရှစစ်ပွဲကြီး အောင်နိုင်ရေးအတွက် လက်နက်ခဲယမ်းများကို အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေး၊ မြန်မာပြည်မှ ထွက်ကုန်များကို ပို့ဆောင်ရောင်းဝယ်နိုင်ရေး၊ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများ လွယ်ကူစွာ မဟာမိတ်ချစ်ကြည်မှု ပြုလုပ်နိုင်ရေးနှင့် စစ်ဒဏ်ကြောင့် မြန်မာလူမျိုးများ ဆင်းရဲကျပ်တည်းလျက်ရှိရာ မီးရထားလမ်းဖောက်လုပ်ပြီးစီးပါက မြန်မာပြည်ကြွယ်ဝချမ်းသာလာစေရေးတို့ ဖြစ်သည်။

ရထားလမ်းသည် တောတောင်ထူထပ်ကြမ်းတမ်းသော နေရာတွင် ဖောက်လုပ်ရသောကြောင့် စက်ပစ္စည်းကိရိယာကြီးများ အသုံးမပြုဘဲ လုပ်သားအင်အားကိုသာသုံးစွဲခဲ့သည်။

လုပ်သားလိုအပ်ချက်အတွက် မြန်မာနိုင်ငံအနှံ့အပြားရှိ ချွေးတပ်သားများနှင့် သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ အိန္ဒိယ၊ နယ်သာလန်၊ နယူးဇီလန်၊ မလေးရှားနိုင်ငံများမှ စစ်သုံ့ပန်း မဟာမိတ်တပ်သားများကို စုဆောင်းခဲ့သည်။

အလုပ်သမားများကို ရှေးဦးစွာ အနီးဝန်းကျင်ဒေသများ၌ ရှာဖွေစုဆောင်းခဲ့သော်လည်း အလုပ်သမားများမှာ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ထွက်ပြေးမှုများရှိခဲ့သဖြင့် နိုင်ငံအနှံ့အပြားမှ လုပ်သားများကို သုံးကြိမ်တိုင်တိုင် စုဆောင်းခဲ့ရသည်။

ညှဉ်းပန်းနှိပ်စက်မှုများ၊ မနားမနေအလုပ်လုပ်ရခြင်း၊ ဆိုးရွားသော ရာသီဥတု၊ အစာရေစာပြတ်လပ်မှုနှင့် အဖျားရောဂါနှိပ်စက်မှုတို့ကြောင့် မဟာမိတ်စစ်သုံ့ပန်း ၁၂၀၀၀ ကျော်နှင့် ချွေးတပ်သား ၇၅၀၀၀ ကျော် အသက်စတေးခဲ့ရပါသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ ဓနသဟာယ စစ်သင်္ချိုင်း မန်နေဂျာ ဦးသက်မွန်က ရထားလမ်းအတွက် အသက် ၁၈ နှစ်မှ ၅၆ နှစ်ကြားရှိ မဟာမိတ်တပ်သားများသည် ၎င်းတို့နိုင်ငံအတွက် အသက်ပေးဆပ်ခဲ့ရသည်မှာ အလွန်ဝမ်းနည်းဖွယ်ကောင်းသည်ဟု ပြော၏။

“ဒုတိယကမ္ဘာစစ်မဖြစ်ခင်က သူတို့တွေက စစ်သားတွေ မဟုတ်ဘူး။ ကျောင်းသားတွေပါတယ်။ အလုပ်သမားတွေပါတယ်။ လယ်သမားတွေပါတယ်။ စစ်ကြီးလည်းဖြစ်ရော သူတို့နိုင်ငံအတွက် ဝင်တိုက်ကြတာ” ဟု ၎င်းကဆိုသည်။

သြစတြေးလျစစ်ပြန်တစ်ဦး၏ သားဖြစ်သူ ဂျွန်ပယ်ရင်တန်က ၎င်း၏ဖခင်သည် ရထားလမ်းဖောက်လုပ်စဉ်တွင် ဆေးတပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း၊ မျက်စိရှေ့တွင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ကို ဘာမျှမလုပ်ပေးနိုင်ခဲ့ကြောင်း ပြောပြသည်။

“မြန်မာချွေးတပ်သားတွေလည်း အသက်ပေးခဲ့ရတာ ဝမ်းနည်းစရာပါ။ ဒါပေမယ့် စိတ်မကောင်းတာတစ်ခုက အဲဒီတုန်းက တောထဲမှာသေဆုံးသွားသူတွေရဲ့ ဆွေမျိုးတွေ အခုဘယ်မှာရှိနေလဲ ကျွန်တော်တို့ မသိခဲ့ရဘူး” ဟု ၎င်းကဆိုသည်။

မီးရထားလမ်းဖောက်လုပ်ရာတွင် လူများသေဆုံးရခြင်းမှာ မည်သည့်နိုင်ငံကရယ်လို့ မခွဲခြားဘဲ မငြိမ်းချမ်းသည့်အတွက် တိုက်ပွဲများဖြစ်ပွားရသည်။ တိုက်ပွဲအတွက် လူသားများ အသက်ပေးရသည်။

မိသားစုများ ဒုက္ခရောက်ကြသည်။ ဤဥပမာကို ကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးသည် အရေးပါကြောင်း ဦးသက်မွန်ကပြောသည်။

“အဲဒီတော့ ငြိမ်းချမ်းတာကောင်းတယ်။ စစ်ပွဲတွေမရှိတာကောင်းတယ်။ ဒါကိုကျွန်တော်တို့က ထိန်းသိ
မ်းထားသလိုဖြစ်ပြီး ပြည်သူတွေအနေနဲ့ နိုင်ငံခြားက စစ်သင်္ချိုင်းဖြစ်ပေမယ့်လည်း ဝိုင်းဝန်းထိန်းသိမ်းကြရင် နိုင်ငံအတွက်ဂုဏ်ယူစရာဖြစ်ပါတယ်” ဟု ဦးသက်မွန်ကဆိုသည်။

ရထားလမ်း ဖောက်လုပ်စဉ် သေဆုံးခဲ့သော နိုင်ငံပေါင်း ၁၀ နိုင်ငံမှ မဟာမိတ်တပ်သား ၃၇၇၀ ၏ ဂူများကို သံဖြူဇရပ်စစ်သင်္ချိုင်းတွင်ထားရှိပြီး ၎င်းတပ်သားများ၏ အမည်ကို အမှတ်တရကျောက်တိုင်တွင် ကဗျည်းရေးထိုးထားသည်။

ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် နယူးဇီလန်သံအမတ် စတိဗ့်မာရှယ်က “ဒီမှာသေဆုံးသွားတဲ့ မြန်မာနှင့်ထိုင်းလူမျိုးတွေသာမက ကမ္ဘာ့နိုင်ငံများက လူတွေအားလုံးဟာ ငြိမ်းချမ်းရေးအတွက် အသက်ပေးဆပ်ခဲ့ရတာကို အမှတ်ရနေပါမယ်”ဟု မှတ်ချက်ပြုလိုက်ပါသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.