ဝေးသွားတဲ့အခါ………. .နှလုံးသားမှာ ……အမြဲတမ်းသတိရနော်…
သွားလေသူ ကိုကျော်မြင့်လွင်ကို သတိရစွာဖြင့် ကာရာအိုကေရောက်တဲ့အခါ ဆိုဖြစ်တဲ့ သီချင်းတပုဒ်ပါ။

1

ထူးအိမ်သင်ခေါ် ကိုကျော်မြင့်လွင်နဲ့ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး ဒုက္ခပြွမ်းတဲ့ လမ်းခရီးမှာ သိကျွမ်းဖူးတဲ့ အကြောင်း အရင်မရေးဖြစ်ခဲ့ပါ။
သူ့ကို ကိုကျော်မြင့်လွင် လို့ ခေါ်ရတာက သူက ကျွန်တော်ထက် တနှစ်နီးပါး အသက်ကြီးတဲ့အကြောင်း သူ့နဲ့ အဲဒီခရီးကို အတူသွားခဲ့ကြစဉ်က ပြောဖူးလို့ သိရတာပါ။
ထူလွန်းတဲ့ မျက်မှန်၊ ကောက်နေတဲ့ ဆံပင်ရှည်ရှည်၊ ပိန်ပိန်ပါးပါးသူ့ကို ပထမဆုံးဆုံတွေ့ရတဲ့နေရာက မွန်ပြည်နယ် သံဖြူဇရပ်မြို့အနီးက ပငကျေးရွာမှာပါ။ ဘယ်လိုအချိန်မှာဆုံသလဲလို့မေးရင် ၁၉၈၈ အရေးအခင်းအရှိန်မြင့်လာပြီးနောက် စက်တင်ဘာ ၁၈ ရက် တပ်က အာဏာသိမ်းပြီးနောက် မော်လမြိုင်က ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ နယ်စပ်ကို တောခိုကြတုန်းက လမ်းခုလတ်မှာ ဆုံတွေ့ကြတာပါ။ သူ့ရဲ့ မိခင်က မော်လမြိုင်သူဖြစ်ပြီး ၈၈ အရေးအခင်းဖြစ်တဲ့ ကာလမှာ သူမော်လမြိုင်မှာ ရှိနေပေမယ့် တယောက်နဲ့ တယောက် မသိကြသေးပါ။

တပ်က အာဏာသိမ်းပြီး တပတ်အကြာ ကျွန်တော်နဲ့ အခြားသူငယ်ချင်းတွေနဲ့ နယ်စပ်ကိုထွက်ကြဖို့ (အရပ်စကားနဲ့ပြောရင် တောခိုဖို့) တိုင်ပင်ပြီး စက်တင်ဘာ ၂၂ ရက်နေ့မှာ မော်လမြိုင်ကနေ သံဖြူဇရပ်ကို အရင်ဆုံးထွက်ခဲ့ပါတယ်။ သွားဖို့ရည်ရွယ်ထားတဲ့ နေရာက ကော့သောင်းတဖက်ကမ်း ထိုင်းနယ်စပ်မြို့ ရနောင်းပါ။ အဲဒီမှာ နယ်စပ်ရောက် ကျောင်းသားအဖွဲ့တွေနဲ့ အဆက်အသွယ်ယူပြီး လက်နက်ကိုင် တော်လှန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။

အဲဒီနေ့က နေ့လည်လောက် သံဖြူဇရပ်ကိုရောက်ပြီး ကော့သောင်းဘက်သွားဖို့ လှေစုံစမ်းကြပါတယ်။ အရင် သီတင်းပတ်တွေက တချို့ကျောင်းသားတွေ ကျိုက္ခမီဘက်ကတဆင့် ကော့သောင်းကို ထွက်ခွာသွားကြတယ်လို့ ကြားထားတာကြောင့် သံဖြူဇရပ်ကိုလာပြီး စုံစမ်းတာပါ။ ဒါပေမယ့် ကော့သောင်းလှေ အဆက်အသွယ်မရတော့ ပငကို ဆင်းကြပြီး ပငကတဆင့် ကမ်းရိုးတန်းသွားလှေနဲ့ သွားကြဖို့ စိတ်ကူးပြီး အဲဒီရောက်သွားကြတာပါ။

ပငရောက်တဲ့အခါ ကျွန်တော်တို့ ကျွန်တော်တို့ထက် စောရောက်နေတဲ့ ထူးအိမ်သင်အပါအဝင် တောခိုဖို့ ထွက်လာသူ တချို့နဲ့ ဆုံကြပါတယ်။ ပငဆားလုပ်ငန်းဝင်းထဲမှာ ကျွန်တော်တို့ တည်းခိုကြတာဘာကြောင့်လဲလို့မေးရင် အဲဒီဆားလုပ်ငန်းက ဝန်ထမ်းတစ်ယောက်နဲ့ ကျွန်တော်တို့ အဖွဲ့ထဲက တစ်ယောက်နဲ့ ရင်းနှီးတာရယ် အဲဒီကူညီသူကလည်း ကျွန်တော်တို့ရဲ့ ခံစားချက်၊ ဦးတည်ချက်ကို နားလည်အားပေးသူ တစ်ယောက်ဖြစ်လို့ တည်းခိုတာဖြစ်ပါတယ်။

နောက်မေးခွန်းတစ်ခုက ကျွန်တော်တို့ တတွေဘာကြောင့် တောခိုလာကြတာလဲဆိုတာပါ။ အဲဒီမေးခွန်းနဲ့ ဆက်စပ်ပြီး စကားဆုံမိတဲ့ညနေကို မှတ်မှတ်ရရ ဖြစ်နေဆဲပါ။ ရောက်တဲ့ညနေ ဆားစက်က ချက်ကြွေးတဲ့ ဘဲသားဟင်းနဲ့ ထမင်းစားကြရင်း ကျွန်တော်တို့ ပြောကြတဲ့အခါ တပြည်လုံး တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဒီမိုကရေစီရွေးကောက်ပွဲ၊ ကြားဖြတ်အစိုးရ ဆိုတဲ့ တောင်းဆိုမှုတွေ တောင်းဆိုနေချိန်မှာ လူအများရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တပ်က အာဏာသိမ်းလိုက်တာကို ဒီအတိုင်း ရပ်ကြည့်မနေနိုင်လို့ဆိုတာပါ။ တနေ့ကျရင် ကိုယ့်သားသမီးတွေက မေးလာမယ် ၊ “အဲဒီ အာဏာသိမ်းလိုက်တော့ … အဖေ ဘာလုပ်နေသလဲ” ဆိုရင် “ဘာမှ မလုပ်ခဲ့ဘူး” ဆိုတဲ့ အဖြေနဲ့တော့ မဖြေနိုင်ဘူး၊ တနည်းနည်းနဲ့ ဆန့်ကျင်ခဲ့တယ်၊ တခုခု လုပ်ခဲ့တယ်လို့ ပြောနိုင်ဖို့ ဒီလမ်းကို ထွက်လာတာ၊ လက်နက်ကိုင် ဆန့်ကျင်ဖို့ ဆုံးဖြတ်ခဲ့တာ ဆိုတဲ့အချက်မှာ ကျွန်တော်နဲ့ ကိုကျော်မြင့်လွင်ရဲ့ အမြင် တစ်ထပ်ထည်းကျခဲ့ကြတယ်။

အာဏာသိမ်းပြီးခါစ ကျွန်တော်တို့က မအိပ်နိုင် မစားနိုင် ဖြစ်ပျက်သွားတဲ့ နိုင်ငံရေးအခြေအနေကို စိတ်ထဲမှာ မခံချင်စိတ်ပြင်းထန်စွာ ခံစားနေချိန်မှာ တည အိမ်မှာအိပ်ရမှာ မလုံခြုံတာကြောင့် ယောက်ဖရဲ့ မိဘတွေအိမ်မှာ တိမ်းရှောင်ရင်းသွားအိပ်ဖြစ်ပါတယ်။ အဲဒီညက ယောက်ဖ ဖြစ်သူရဲ့ ညီက တေးဂီတသမား၊ သူညဘက် ဂီတာတီးနေ သီချင်းဆိုနေတာကို ကြားမိတဲ့အခါ တော်တော် အံ့သြမိခဲ့တယ်။ ကျွန်တော်အမြင်မှာတော့ လောက တခုလုံး ကိုယ့်လိုပဲ ခံစားနေကြတယ်လို့ ထင်မိပေမယ့် တချို့သူတွေက ဒီအဖြစ်အပျက်ကြီးရဲ့ ဘေးကနေ ထိုင်ကြည့်သူအနေအထား တေးသီချင်း သီဆိုနိုင်တဲ့အခြေအနေကို ဘယ်လိုမှ နားမလည်နိုင်ခဲ့တာ အမှန်ပါ။

ကျွန်တော်တို့ အဖွဲ့ မှာ ထူးအိမ်သင် အပါအဝင် သူ့သူငယ်ချင်းတွေ၊ ကျွန်တော် တခါ ကျွန်တော်တို့နဲ့ ဆက်နွယ်ပြီးတောခိုလာတဲ့သူတွေ စုစုပေါင်းလိုက်တော့ ၁၃ ယောက်ရှိပါတယ်။ လက်ရှိ ကျောင်းတက်နေသူ မရှိသလောက်ဖြစ်ပါတယ်။ တက္ကသိုလ်က ဘွဲ့ရခါစ နဲ့ ကျောင်းထွက်ထားသူတွေပဲ ဖြစ်ပါတယ်။ ပငမှာ တစ်ညလောက် အိပ်ပြီးနောက်ရက်မှာပဲ ပငရွာကနေ တနင်္သာရီကမ်းရိုးတန်းဘက်ကို ထွက်မယ့် စက်လှေရှိတယ်ဆိုတာနဲ့ အဲဒီစက်လှေနဲ့ လိုက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဘာကြောင့်ဆို တောခိုမယ့်သူတွေ အနေနဲ့ အစိုးရအုပ်ချုပ်တဲ့ နယ်မြေထဲက တနေရာမှာ ရက်ကြာကြာ မနေသင့်ဘူးဆိုတဲ့ အတွေးကြောင့်ပါဘဲ။

အဲဒီကနေ့ စပြီး ဘုရားသုံးဆူရောက်တဲ့ အထိ ကျွန်တော်တို့ ၁၃ ယောက်အဖွဲ့ဟာ သီတင်းပတ် နှစ်ပတ်ကျော်ကြာကြာ အတူတူ ခရီးဆက်ခဲ့ကြတာပါ။ လမ်းခရီးမှာ တသက် မမေ့နိုင်စရာ အတွေ့အကြုံတွေ အဖြစ်အပျက်တွေ ကြုံခဲ့ကြရပါတယ်။ အဖြစ်အပျက်တွေပဲလား ဆိုရင် အဖြစ်အပျက်တွေတင်မကပဲ ပြောဆိုဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြတာတွေက ခုချိန်ထိ မှတ်မှတ်ထင်ထင် ရှိနေဆဲဖြစ်ပါတယ်။

ပငက စက်လှေနဲ့ ထွက်ကြရာမှာ ပငချောင်းရိုးအတိုင်းထွက်ပြီး ဘင်္ဂလားပင်လယ်အော်လို့ ခေါ်မလား ဒါမှမဟုတ် အက်ဒမန်ပင်လယ်ရဲ့ကမ်းရိုးတန်းလို့ ခေါ်မလား မသိ ပင်လယ်ဆီနာရီအနည်းငယ် အတွင်းရောက်သွားပြီး ကမ်းရိုးတန်းအတိုင်း ခုတ်မောင်းသွားပါတယ်။ စက်လှေဆိုပေမယ့် လူ ၂၀ လောက်နဲ့ကုန်ပစ္စည်းအချို့ တင်နိုင်တဲ့ စက်လှေပါ။ အဲဒီအချိန်က နယ်စပ်ဖက်ထွက်ပြေးလာတဲ့ ကျောင်းသားတွေ၊ အရပ်သားတွေကို စက်လှေတွေက ကူညီရမယ်လို့ မွန်ပြည်သစ်ပါတီက ညွှန်ကြားထားပုံရပါတယ်။ ဒါကြောင့် အဲဒီစက်လှေက ကျွန်တော်တို့အဖွဲ့ကို လှေခ တပြားတချပ်မှ မယူပါဘူး၊ အဲဒီညနေမှာပဲ လမိုင်းမြို့နဲ့ တတန်းထည်းလောက်ရှိတဲ့ ကုလားဂုတ်ကျွန်းအနီး ရောက်ပြီး ကျွန်းရဲ့ ရှေ့ပင်လယ်ထဲမှာ ကျောက်ဆူးချပြီး ညအိပ်ကြပါတယ်။

အဲဒီညက လှေပေါ်မှာ အိပ်ကြတဲ့အခါ မိုးမရွာပဲ လကသာသာနဲ့ လှေရဲ့နောက်ဖက် ဆင့်ပေါ်မှာ သူနဲ့ ကျွန်တော် အိပ်ရင်းစကားတွေပြောဖြစ်ကြတာ ညနက်တဲ့အထိ တိုင်ပါ။ လှေကခပ်သေးသေးကို လှိုင်းပုတ်နေတော့ လှေက ပုခက်လွှဲနေသလိုပဲလို့ဆိုမယ်ဆို ဆိုလို့ရပါတယ်။ လှိုင်းမူးတတ်တဲ့ သူဆိုရင်တော့ အတော်မူးမှာပါ။ ကျွန်တော်နဲ့ သူ ည လရောင်အောက်မှာ အိပ်လျက်နဲ့ မာမာအေး၊ မောင်မောင်ကြီး တို့ရဲ့သီချင်းတွေဆိုရင်း ပိတောက်လမ်း၊ တရေးချစ်ခွင့် ကြင်ရနိုး သီချင်းတွေရဲ့ အဖွဲ့အနွဲ့စာသား၊ သီဆိုဟန်ကို ဘယ်လောက် သဘောကျကြောင်း ညသန်းခေါင်ထိ ထိုင်ပြောခဲ့ကြပါတယ်။ တရေးချစ်ခွင့် ကြင်ရနိုးသီချင်းရဲ့ စာသားက ကဗျာတစ်ပုဒ်သဖွယ် ဖြစ်နေတယ်ဆိုတာကို နှစ်ယောက် ပြောခဲ့ကြတာ နှစ်ပေါင်း ၃၀ နီးပါးရှိပေမယ့် ခုတိုင်မမေ့နိုင်သေးပါ။

နောက်တစ်နေ့ မနက်မှာ ကုလားဂုတ်ကျွန်းကနေ ဆက်ထွက်ခွာကြပြီး ညနေပိုင်းမှာ တနင်္သာရီကမ်းရိုးတန်း ပေါ်က ကျောက်ထရံရွာကို ရောက်ခဲ့ကြပါတယ်။ အဲဒီရွာမှာ မွန်ပြည်သစ်ပါတီရဲ့ တပ်သားအချို့ စခန်းချနေသလို ပါတီက စည်းရုံးရေးမှူးလို့ စိတ်ထဲမှတ်မိတဲ့ သူတယောက်က ကျွန်တော်တို့တွေရဲ့စားရေးနဲ့ တည်းခိုရေးကို စီစဉ်ပေးပါတယ်။ အဲဒီရွာက ပင်လယ်ငါး၊ ပုစွန်ဖမ်းတဲ့ လုပ်ငန်းလုပ်ကြပြီး အဲဒီကနေ လမ်းအနည်းငယ်လျှောက်တဲ့အကွာအဝေး ကမ်းခြေအနီးမှာပဲ ဘုန်းကြီးကျောင်းကြီးတစ်ကျောင်းလည်း ရှိတာ မှတ်မိပါတယ်။

ကျွန်တော်တို့ ကျောက်ထရံမှာ တပတ်လောက် နေကြရပါတယ်။ ကျွန်တော်တို့ကို တာဝန်ယူခေါ်သွားမယ့် မွန်ပြည်သစ်ပါတီက စည်းရုံးရေးမှူးက အဆက်အသွယ်လုပ်ပြီး တဖက်က ချိတ်ဆက်လာမယ့်ဟာကို စောင့်နေပုံပေါ်ပါတယ်။ အဲဒီတပတ်တာ အတွင်း ညနေခင်းဆို ပင်လယ်ကမ်းခြေမှာ ရေကူးကြ သောင်ပြင်ပေါ် ဘောလုံးကန်ကြနဲ့ ဒုက္ခဆိုတဲ့ အရသာကို မမြည်းစမ်းရသေးတဲ့ ကာလလို့ ဆိုရမှာပါ။ တနေ့ ပင်လယ်ကမ်းခြေမှာ ရေချိုးရင်း လက်နက်ကိုင် တော်လှန်ရေးဆိုတာ ဒါလားလို့ ကိုကျော်မြင့်လွင်က နောက်ပြောင်ပြောဆိုခဲ့တာ မှတ်မိပါသေးတယ်။
ကျောက်ထရံရွာက ထွက်ခွာပြီးနောက် ခရီးတထောက်ကတော့ ခေါဇာရွာပါ။ ညနေဘက်မှာ ဘုန်းတော်ကြီးကျောင်းကို ဖြတ်စီးဆင်းနေတဲ့ ခေါဇာချောင်းထဲ ကျွန်တော်တို့တွေ ရေသွားချိုးခဲ့ကြတာလည်းအမှတ်ရဆဲပါ။

နောက်ရက်အနည်းငယ်အကြာ ညနေဘက် ထွက်ခွာပြီး ဟံဂံဆိုတဲ့ ရွာကြီးကို ညသန်းခေါင် တောခိုသူ ၂၀ဝ ကျော် ၃၀ဝ နီးပါးနဲ့ ခြေကျင်ဖြတ်သန်းခဲ့ကြပါတယ်။ အဲဒီညကစလို့ နောက် ၆ ရက်ခရီးကတော့ တနင်္သာရီရိုးမကို ခြေကျင် ကျော်ဖြတ်ကြရတဲ့ ဒုက္ခတွေနေ့တိုင်းကြုံကြရတဲ့ နေ့ရက်တွေဖြစ်ပါတယ်။

အဲဒီလမ်းခရီးမှာ တနင်္သာရီရိုးမတောင်တန်းပေါ်မှာ မိုးတွေကသဲသဲမဲမဲရွာတဲ့ညကို ကောင်းကောင်းမှတ်မိနေပါတယ်။ အဲဒီညဟာ ရိုးမပေါ် ဖြတ်ကျော်တဲ့ ၃/၄ ရက်မြောက်ညဖြစ်ပါတယ်။ လူလည်း အတော်ပြိုင်းနေ တနေ့လုံး မိုးရေထဲ လျှောက်ထားတာကြောင့် ပင်ပန်းလွန်းတော့ စမ်းချောင်းနဘေးက ဝါးစိမ်းတွေ အလုံးလိုက်ခင်းထားတဲ့ ကျောတချစာ ယာယီဖက်တဲ မှာ ကျွန်တော်နဲ့ သူဘေးချင်းကပ်လျက် အိပ်ကြပါတယ်။
ပင်ပန်းလွန်းလို့ မိုးရွာနေတာ ခြေထောက်ပိုင်း တပိုင်းလုံး မိုးရေထဲမှာ ရှိတာကို ဂရုမထားပဲ ပေတေအိပ်နေစဉ် ကျောအောက်မှာ မိုးရေတွေစီးဆင်းသွားတာ မျက်နှာပေါ် ငှက်ပျောရွက် တွေကြားက စီးကျလာတဲ့ မိုးရေတွေကြောင့် အိပ်နေရာက လန့်နိုးလာတဲ့ ခံစားမှုကို မမေ့ပါ။ ခေါင်းအုံး မရှိတော့ ဆောင်းလာတဲ့ ဝါးဖက်ဦးထုပ်ကို လက်နဲ့ ထုပြားပြီးခေါင်းအုံးအဖြစ် လုပ်ကာ အိပ်ခဲ့ကြတဲ့ညပါ။
အခုလို ပြန်ရေးပြရရင်တော့ အဲဒီတုန်းက ဖြစ်ရပ်တွေရဲ့အမည်နာမနဲ့ နေ့စွဲတွေ သေသေချာချာ မမှတ်မိတော့တောင်မှ အဖြစ်အပျက်တွေရဲ့ခံစားမှုတွေကိုတော့ မှတ်ဉာဏ်ထဲ သံပူနဲ့ ကပ်ထားသလို ပျောက်ပျက်မသွားပဲ ထင်ထင်ရှားရှားရှိနေဆဲပါ။

နယ်စပ်ကို သွားကြတဲ့ ခရီးက ကျွန်တော်က ၁ လခွဲကျော်ကြာပြီးနောက် အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ သူကတော့ နောက်ထပ် တစ်လ နှစ်လလောက် မဲဆောက်ဘက်၊ သစ်ဘောဘိုးဘက် ရောက်သွားခဲ့ပြီး စစ်အစိုးရက ထိုင်းစစ်တပ်နဲ့ ညှိနှိုင်းကာ တပ်ခရိုင် လေတပ်စခန်းကတဆင့် ပြန်လာချင်တဲ့ တောခိုကျောင်းသားတွေကို ထိုင်းတပ်လေယာဉ်နဲ့ ပြန်ခေါ်နေတဲ့ ကာလ တစ်ရက်မှာ သတင်းထဲ ကိုကျော်မြင့်လွင် ခေါ် ထူးအိမ်သင်ပြန်လာတယ်ဆိုတဲ့ သတင်း ရေဒီယိုမှာ ကြားမိလိုက်ပါတယ်။

တနင်္သာရီရိုးမကို ကျော်ဖြတ်တဲ့ လမ်းခရီးမှာတုန်းက သူပြောတဲ့ စကားတခွန်းကို ကျွန်တော်အမြဲအမှတ်ရ နေဆဲပါ။ တနေ့ကျရင် သီချင်းဆိုတာထက် သတင်းစာဆရာပဲ လုပ်ချင်တယ်ဆိုတာပါ။

အခုအချိန်မှာတော့ အဲဒီတုန်းက သတင်းစာဆရာ လုပ်မယ်လို့ မရည်ရွယ်ခဲ့သူ ကျွန်တော်က သတင်းစာ ဆရာဖြစ်နေပြီး သူကတော့ နာမည်တခုကို ချန်ရစ်ခဲ့ပြီး ပြန်မလာတဲ့ ခရီးကို ထွက်သွားသူဖြစ်ပါတယ်။

Leave a Reply