ရန်ကုန်၊ သြဂုတ် ၂ ။ ။ လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် အင်္ဂလိပ်စာသင်ကြားနေသော ၈၈ မျိုးဆက်ကျောင်းသား ဟောင်း ဦးမောင်မောင်ဝမ်းသည် လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော်လည်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် တာဝန်ရှိသူများက ပြည်ဝင်ခွင့်မပေးကြောင်း ၎င်းကို သွားရောက် ကြိုဆိုခဲ့သည့် ဦးထိန်လင်း က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

logo-copy

ဦးမောင်မောင်ဝမ်းသည် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး လေကြောင်း ခရီးစဉ်ဖြင့် ယနေ့ (သြဂုတ်လ ၂ ရက်) နံနက်ပိုင်းက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပြည်ဝင်ခွင့်မပေးကြောင်း ဦးထိန်းလင်းကဆိုသည်။

“အရင်သမ္မတလက်ထက်တုန်းက ဗီဇာစည်းကမ်း ဖောက်ဖျက်မှုနဲ့ ပြည်ပကို ပြန်ပို့ထားတာကြောင့် မြန်မာနိုင်ငံ ထဲကိုဝင်ရောက် ခွင့်မပေးဘူး၊ အရင်သမ္မတလက်မှတ်နဲ့ ထုတ် ထားတယ့် တားမြစ်ချက်ကို ပယ်ဖျက်လိုက်ပြီးမှ ဝင်ခွင့်ပေးမယ်လို့ လေဆိပ် လဝက ကပြောပါတယ်၊ ကျွန်တော်လည်း သူနဲ့တောင် တွေ့ခွင့်မရ လိုက်ပါဘူး။ ” ၎င်းကရှင်းပြသည်။

ယင်းသို့ ပြည်ဝင်ခွင့် တားမြစ်ခံရပြီးနောက် ဦးမောင်မောင်ဝမ်းသည် ၎င်းလိုက်ပါလာသော လေယာဉ် ခရီးစဉ် နှင့်ပင် ပြန်လည် ထွက်ခွာသွားကြောင်း ၎င်းကဆိုသည်။

ပြည်ဝင်ခွင့် တားမြစ်ခံခဲ့ရသည့် ဦးမောင်မောင်ဝမ်းသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်း ဘုန်းတော်ကြီး ပညာသင်ကျောင်းများရှိ လူငယ်များကို အင်္ဂလိပ်စာသင်ကြား ပေးရန်အလုပ်ဗီဇာဖြင့် မြန်မာနိုင်ငံ သို့ လာရောက်ခဲ့ခြင်း ဖြစ်ကာ ၎င်းကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြန်လည် ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက် နေကြောင်း ဦးထိန်လင်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အမြဲတမ်းအ တွင်းဝန် ဦးမြင့်ကြိုင်ကမူ “ ဒီဖြစ်စဉ်ကို ကျွန်တော် မသိသေးပါဘူး၊ ပြည်ထဲရေးနဲ့ ရန်ကုန်တိုင်းက တာဝန်ရှိသူ တွေ ဆက်လက်ဆောင်ရွက် ပါလိမ့်မယ်။ ” ဟု ဆိုသည်။

ဦးမောင်မောင်ဝမ်းသည် ပြီးခဲ့သည့် အစိုးရလက်ထက်၂၀၁၄ ခုနှစ်အတွင်းက မြန်မာနိုင်ငံသို့ ဗီဇာဖြင့်လာရောက်ခဲ့ပြီး မကွေး တိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် အင်္ဂလိပ်စာသင်ကြားပေးမှုနှင့် ရက်ကျော်နေထိုင်မှုများကြောင့် အမေ ရိကန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရသူလည်းဖြစ်သည်။

သို့သော်လည်း ဒီမိုကရေစီ အရပ်သားအစိုးရသစ်လက်ထက် နိုင်ငံတည်ဆောက်ရေးအတွက် ကျွမ်းကျင် ပညာရှင်များ လိုအပ်နေချိန်တွင် ပြည်ပရောက်ရှိနေသော ၈၈မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးကို ပြည်တွင်းသို့ လာရောက်ခွင့် ဆက်လက်ပိတ်ပင်ထားခြင်းမှာ မဖြစ်သင့်သော ကိစ္စရပ်တစ်ခုသာဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှ မြန်မာပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်က ထောက်ပြပြောဆိုသည်။

“အခုလည်း သူတက်ကျွမ်းတဲ့ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့ သူကြိုစားနေတာပဲလေ။ ဒီလိုလူတွေကို ပြည်ဝင်ခွင့် ပိတ်တယ်ဆိုတာ ရုပ်ဆိုးအကျည်းတန်ပါတယ်။” ဟု၎င်းကဆိုသည်။

အလားတူ ယခင်အစိုးရအဆက်ဆက်လက်ထက်များတွင် ပြည်ပသို့ ရောက်ရှိနေသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသည့် အင်အားစုများ နှင့် အဖွဲ့ဝင်များကို အမည်ပျက်စာရင်း(Black List)မှ ပယ်ဖျက်ပေးပြီး ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခွင့်ပြုသည်ဟု အစိုးရသစ်က တရားဝင်ကြေညာပေးရန် နယ်စပ်ဒေများတွင် အခြေစိုက်သည့် အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့တောင်းဆိုထားသည်။

Leave a Reply