Myanmar Now

“တပ်မတော်အကျိုးပျက်စီးစေမှု” ဖြင့် တစ်နေရာနှင့်တစ်နေရာ မိုင်ရာချီဝေးသည့် မြို့နယ်တရားရုံး သုံးရုံးတွင် တရားစွဲဆိုခံထားရသော ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ဒုတိယမြောက်တရားရုံးကလည်း ယနေ့ ထောင်ဒဏ် ထပ်မံချမှတ်လိုက်သည်။

ဦးနေမျိုးဇင်ကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံး၊ ဧရာဝတီတိုင်း ဝါးခယ်မြို့နယ်တရားရုံးနှင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တရားရုံးတို့တွင် တပ်မတော်အရာရှိများက ပြီးခဲ့သည့် ဧပြီလကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးနေမျိုးဇင်ကို တပ်မတော်က ဧရာဝတီတိုင်း ဝါးခယ်မြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅-က အတွက် ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၅၀၅-ခ အတွက် ထောင်ဒဏ် တစ်နှစ်တို့ကို ယနေ့မှစ၍ တစ်ပေါင်းတည်းကျခံစေရန် ယင်းမြို့နယ်တရားသူကြီးက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဦးနေမျိုးဇင်သည် ဧပြီလ ၄ ရက်က ဝါးခယ်မမြို့နယ်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးကော်မတီ ထောက်ခံပွဲတွင် “ဗိုလ်ချုပ် တိုက်ဆောက်၊ စစ်သား ချိုင်းထောက်” ဟူသည့်အသုံးအနှုန်းများအပါအဝင် ပြောဆိုချက်များမှာ ၈၈ အရေးအခင်းကဲ့သို့ လူထုအုံကြွအောင်လှုံ့ဆော်သည်ဟု သုံးသပ်ကာ ပုဒ်မ ၅၀၅-က နှင့် ခ တို့ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်းဟု တရားသူကြီးက ဆိုသည်။

ဦးနေမျိုးဇင်သည် ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံပွဲတွင် ဟောပြောခြင်းဖြစ်သော်လည်း အခြေခံဥပဒေနှင့် ပတ်သက်၍ ပြောကြားချက် နည်းပါးခဲ့ကြောင်း၊ “ရဲဘော်တို့ထောက်နေရတဲ့ ချိုင်းထောက် ရဲဘော်တို့ ပေးနေရတဲ့ အသက် ရဲဘော်တို့ ပေးနေရတဲ့ခြေထောက်တွေဟာ ပြည်သူတွေအတွက်လား အာဏာရှင်တွေ အတွက်လား စဉ်းစားကြည့်ပါ” ၊ “အောက်ခြေရဲဘော်လေးတွေ နင်းပြားဖြစ်နေတယ်” စသော ဟောပြောချက်များသည် တပ်မတော်အရာရှိနှင့် အောက်ခြေတပ်သားအကြား လေးစားမှု လျော့နည်းစေနိုင်ပြီး အောက်ခြေတပ်သားသာမက အရာရှိများသည်လည်း ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ ရှိသည်ဟု မြို့နယ်တရားသူကြီးက သုံးသပ်သည်။

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံးကလည်း စက်တင်ဘာလ ၂၀ ရက်နေ့က ဦးနေမျိုးဇင်ကို ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ပြီး ချုပ်ရက် ၅ လကျော်ကို ထုတ်နုတ်ခံစားခွင့် ပြုခဲ့သည်။

လတ်တလောတွင် ဦးနေမျိုးဇင်မှာ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရပြီး ယင်းပြစ်ဒဏ်ပြည့်ပါက ဝါးခယ်မြို့နယ်တရားရုံးက ချမှတ်လိုက်သည့် ပြစ်ဒဏ်ကို အင်းစိန်ထောင်တွင် နေခဲ့သည့်ကာလကို နုတ်ကာ ကျန်ရှိသည့် ထောင်ဒဏ်ကို ဧရာဝတီတိုင်း မြောင်းမြထောင်တွင် ဆက်လက်ကျခံရမည်ဖြစ်ကြောင်း တရားသူကြီးကဆိုသည်။

ခင်ဦးတရားရုံးတွင် ရင်ဆိုင်နေသောအမှုအတွက်လည်း အကယ်၍ တရားရုံးက ဦးနေမျိုးဇင်ကို ထောင်ဒဏ်ချမှတ်ခဲ့ပါက သက်ဆိုင်ရာ အကျဉ်းထောင်တွင် ကျန်ရှိသည့် ကာလကို ဆက်လက်ကျခံရဖွယ်ရှိသည်။

၎င်းအား အမိန့်ချသည့် ပုဒ်မ ၅၀၅-က မှာ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တခုခုမှ အရာရှိ သို့မဟုတ် တပ်သားအား တာဝန်ဝတ္တရား မလေးစားခြင်း၊ ပျက်ကွက်ခြင်း ပြုစေရန် အကြံနှင့် ပတ်သက်၍ ရေးသားဖြန့်ချိမှု ဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

ပုဒ်မ ၅၀၅-ခ မှာ နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာစေရန်၊ အများပြည်သူ ကြောက်ခြင်း၊ ထိပ်လန့်ခြင်း ဖြစ်စေရန် အကြံဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သည်။

Leave a Reply