Advertisements

ကမ်းခြေများတွင် ဆေးလိပ်တိုပမာဏ အမြောက်အမြား တွေ့ရှိရပြီးနောက်တွင် ထိုင်းနိုင်ငံမှ ကမ်းခြေပေါင်း ၂၀ တွင်
ဆေးလိပ်သောက်ခွင့် ပိတ်ပင်သွားတော့မည်ဖြစ်ကြောင်း အဏ္ဏဝါနှင့် သန္တာကျောက်တန်း သံယဇာတ ထိန်းသိမ်းရေးဌာနက ဆိုသည်။

ဆေးလိပ်သောက်ခွင့် ပိတ်ပင်ခြင်းကို လာမည့်နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ လုပ်ဆောင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပတောင် ကမ်းခြေတစ်လျှောက်တွင် ဆေးလိပ်တိုပေါင်း ၁၃၈,၀၀၀ကို တွေ့ရှိခဲ့ရသည်။

‘ကျွန်တော်တို့တွေ့ရှိရတဲ့ စွန့်ပစ်အမှိုက်တွေရဲ့ ၃၀ ရာခိုင်နှုန်းကဆေးလိပ်တိုတွေပါ’ဟု အဏ္ဏဝါနှင့်သန္တာကျောက်တန်း သံယဇာတ ထိန်းသိမ်းရေးဌာန အထွေထွေညွှန်ကြားရေးမှူး ဂျတူပွန် ဘူရူပက်က ပြောသည်။

‘ဒီလိုပိတ်ပင်လိုက်လို့ လူတွေ လုံးဝဆေးလိပ် မသောက်ရဘူးဆိုတာ မဟုတ်ပါဘူး။ ကမ်းခြေနဲ့ ဝေးတဲ့နေရာတွေမှာ ဆေးလိပ်သောက်ခွင့်ရှိတဲ့နေရာတွေ သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်’ ဟု ၎င်းက ဆိုသည်။

ယင်းစည်းကမ်းကို ချိုးဖောက်ပါက ဘတ်ငွေ တစ်သိန်းနှင့် ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
အဆိုပါ ကမ်းခြေ ၂၀ ကို ကနဦး ပိတ်ပင်မည်ဖြစ်ပြီး အခြားသောကမ်းခြေများတွင်လည်း ဆက်လက်ပိတ်ပင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ကမ်းခြေများမှာ ကမ္ဘာလှည့်ခရီးသည်များစိတ်ဝင်စားခံရပြီး ပြီးခဲ့သည့်နှစ်က ကမ္ဘာလှည့်ခရီးသည်ပေါင်း ၃၅ သန်း ဝင်ရောက်သည်ဟု အစိုးရက ခန့်မှန်းထားသည်။

Source: Traveller

Leave a Reply