Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီးနှင့် ကမ်းနားလမ်းကြားမှ သံလွင်ဈေး အတွင်းရှိ ငါးအဝယ်ဒိုင်များကို မြေနေရာအဆင်ပြေပါက ပြောင်းရွှေ့လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က ပြောကြားသည်။

မြေနေရာမရရှိသေးမီအချိန်တွင် ငါးအဝယ်ဒိုင်များကို သံလွင်ဈေး၏ အနောက်ဘက်ပြောင်း မြေကွက်လပ်သို့ ရွှေ့ထားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
” ပြည်နယ်ဝန်ကြီးချုပ် ဆီကိုသွားပြီးတော့ သံလွင်ဈေးငါးဒိုင်ကိစ္စနဲ့ပတ်သက်ပြီး အကျိုးအကြောင်း ပြောပြတယ်။ သံလွင်ဈေးငါးဒိုင်ကိစ္စကို

ဘယ်လိုလုပ်မှာလဲပေါ့။ နောက်ပြီး လူနေရပ်ကွက်မှာဖြစ်နေတဲ့အတွက် ပြောင်းလည်း ပြောင်းသင့်တယ်လို့ပြောခဲ့ပါတယ်”ဟု ဦးအေးမင်းဟန်က ပြောသည်။
မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ကျောက်မီးသွေးရုံမှာ မီးရထားပိုင်မြေနေရာသို့ ငါးအဝယ်ဒိုင်များကို ပြောင်းရွှေ့ပေးရန် ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားသည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“မြေရတာနဲ့ပြောင်းပေးမယ်။ လောလောဆယ်တော့ ဈေးရဲ့အရှေ့ဘက်မှာ လူနေအိမ်တွေနဲ့ကပ်နေတဲ့ ငါးဒိုင်တွေကို ဈေးရဲ့အနောက်ဘက်မှာရှိနေတဲ့ မြေကွက်လပ်မှာ အမိုးအကာတွေလုပ်ပြီး ပြောင်းရွှေ့မယ်။ ရေဆိုးရေညစ်တွေကိုလည်း မြောင်းဖောက်ပြီးတော့ ချောင်းကတဆင့် သံလွင်မြစ်ထဲကို စီးဝင်စေမယ်”ဟု ဦးအေးမင်းဟန်က ထပ်လောင်းပြောကြားသည်။

မည်သို့ပင်ဖြစ်စေ ငါးအဝယ်ဒိုင်များအနေဖြင့် ရပ်ကွက်နေပြည်သူများကို လေးစားသင့်ကြောင်း၊ ထွက်ရှိလာသော အနံ့အသက်ဆိုးများကို နေ့စဉ်နေ့တိုင်း ရပ်ကွက်နေပြည်သူများက ခံစားနေရသောကြောင့် ငါးအဝယ်ဒိုင်များကို ပြောင်းရွှေ့စေလိုကြောင်း ဘိုကုန်းရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

“နိုင်ငံရေးအရ ပြန်ကြည့်မယ်ဆိုရင်လည်း ဒီဈေးကြီးက မပြောင်းလဲဘူးဆိုရင် လက်ရှိ အာဏာရပါတီရဲ့ ပုံရိပ်ကို ကျစေပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီငါးဒိုင်တွေ ပြောင်းရွှေ့မယ်ဘာညာနဲ့ပြောပြီး မပြောင်းနိုင်ရင် တော့ လေပေါကြီးဖြစ်သွားမှာပေါ့။ နောက်လူလည်း အရင်လူတွေပုံစံမျိုးပဲလားဆိုပြီး အဲဒီလိုအမြင်မျိုးတွေ ပြန်မြင်လာကြမှာ စိုးရိမ်လို့ပါ”ဟု ၎င်းက ပြောကြားသည်။

ယင်းဈေးအတွင်း ငါးအဝယ်ဒိုင် ၁၅ ဒိုင်ခန့်ရှိပြီး ရေဆိုးရေညစ်များ စနစ်တကျ စီးဆင်းနိုင်အောင် လုပ်ဆောင်သွားရန် လျာထားကြောင်း၊ အစီအမံ အောင်မြင်ခဲ့ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် စည်ပင်သာယာဘတ်ဂျက် ငွေကျပ်သိန်း ၈,၅၀၀ ကျော်အသုံးပြုကာ လာမည့်နှစ် မတ်လ ၃၁ ရက်အတွင်း သံလွင်ဈေးအဆင့်မြှင့်တင်ခြင်းကို အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

Written by – ရွှေရိုး

 

Leave a Reply