ကိုလိုနီခေတ်မော်လမြိုင်စီးပွားရေး-၆

၁၈၅ဝ – ပြည့်နှစ်မှ စတင်၍ ချစ်တီးများသည် မော်လမြိုင်ကို ဗဟိုပြု၍ ကျိုက္ခမီခရိုင်မှ လယ်သမားများ၏ ဂုတ်သွေးကို စုပ်၍ အမြတ်ထုတ်ခဲ့ကြသည်။

၁၉၂၁ – ခုသို့ ရောက်သောအခါ ကျိုက္ခမီခရိုင်အပါအဝင် အောက်မြန်မာနိုင်ငံရှိ တိုင်းရင်းသားမြေရှင်အရင်းရှင်ကလေးများနှင့် ဆန်စက်ပိုင်ရှင်ကလေးများကိုသာမက လယ်သမားကိုပါ ညှဉ်းပန်းနှိပ်စက်မည့်အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့သည်။

၁၉၂၁ – ခုတွင် မြန်မာပြည်ရှိ အကြီးဆုံးသော ဥရောပတိုက်သာ အရင်းရှင်ကုမ္ပဏီကြီး (၄) ခုဖြစ်သော ၁။ စတီးဘရားသားကုမ္ပဏီ (Steel Brothers Company)၊ ၂။ အင်္ဂလိုဘားမားဆန်ကုမ္ပဏီ (Angle-Burma Rice Company) ၃။ အယ်လာမင်အာရကန်ကုမ္ပဏီ (Ellerman’s Arakan Company) နှင့် ၄။ ဘလုပ်ဘရားသားကုမ္ပဏီ (Bullock Brother Company) ကုမ္ပဏီ (၄) ခုစုပေါင်းဖွဲ့စည်းထားသော ဘူလင်ဂျာပူးလ် (Bullinger Pool) အဖွဲ့ကြီးဖြစ်သည်။

ငွေပင်ငွေရင်းအကြီးအကျယ်လက်ကိုင်ရှိသဖြင့် ထိုအဖွဲ့ကြီးသည် ဆန်စပါးဈေးကို မိမိတို့လိုသလိုနှိမ့်ချီမြှင့်ချီပြုလုပ်၍ အခြားကုမ္ပဏီငယ်ကလေးများသတ်ခဲ့သည်။ ထိုနောက် မိမိတစ်ဦးတည်း ဆန်စပါးရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်မိသောအခါ ယခင်ကအရှုံးခံ၍ မြှုပ်နှံငွေများကို ဆထက်ထမ်းပိုးပြန်ရအောင် ဆန်စပါးဈေးကို မြှင့်တင်ရောင်းချပြန်သည်။ ပထမတိုင်းရင်းသားအရင်းရှင်ကလေးများကို သတ်၍ ထိုနောက်လယ်သမားများ၏ လည်းမျိုကို နင်းကာ၊ များစွာသောအမြတ်အစွန်းကို ယူငင်သိမ်းပိုက်ခဲ့ကြသည်။

ဘူလင်ဂျာပူးလ်၏ ရည်မှန်းချက်မှာ မြန်မာတစ်နိုင်ငံလုံးက ထွက်သော ဆန်စပါးများကို “ချုပ်၍“ ဝယ်ယူပြီး ပြိုင်ဘက်ကင်းအောင် ပြုလုပ်ကာ၊ အမြတ်အစွန်းများများရအောင်၊ ဥရောပတိုက်သို့ ဈေးမြှင့်တင်ပို့ရောင်းချရန် ဖြစ်သည်။ ထိုအဖွဲ့ကြီးသည် ဆန်စပါးဝယ်ဈေးရောင်းဈေးကို မူဝါဒကို ညှိနှိုင်းထားသည်။

မြန်မာပြည်ကုန်သည်ကြီးများအသင်း၏ ၁၉၃၁ – ခုအစီရင်ခံစာတွင် ဘူလင်ဂျာပူးလ်ကုမ္ပဏီ (၄) ခု နိုင်ငံခြားတင်ပို့သော ဆန်သည် ဆန်တင်ပို့မှုအားလုံး၏ (၃) ပုံ (၂) ပုံရှိကြောင်း ဖော်ပြထားသည်။

အစိုးရက နှစ်စဉ် ၁၅ ဖေဖော်ဝါရီကိုနောက်ဆုံးထား၍ လယ်ခွန်ကို အပူတပြင်းတောင်းသည်။ ဖေဖော်ဝါရီလသည် စပါးပေးဦးစအချိန်ဖြစ်သဖြင့် စပါးဈေးနိမ့်နေသည်။ ဧပြီလသို့ရောက်သောအခါ စပါးဈေးမြှင့်လာမည်မှာ သေချာသည်။ ထိုအချက်ကို ဘူလင်ဂျာပူးလ်က သိသည်။ လယ်သမားကလည်း သိသည်။ လယ်သမားက လယ်ခွန်ကောက်ခံခြင်းကို ဧပြီလအထိ ရွှေဆိုင်းပေးစေလိုသည်။ ဘူလင်ဂျာပူးလ်က ရွှေဆိုင်းမပေးစေလိုချေ။ အစိုးရက ထိုအဖွဲ့၏ ဆန္ဒအတိုင်း လယ်ခွန်ကောက်ခံသည့် ရက်ကို ရွှေဆိုင်းမပေးချေ။ ထိုကြောင့် လယ်သမားတို့မှာ မိမိတို့ စပါးကို “ကျဈေး“ တွင် ရောင်းချပြီး လယ်ခွန်ပေးဆောင်ရသည်။ ဘူလင်ဂျာပူးလ်ကမူ စပါးကို ဈေးချိုချိုဖြင့် ဝယ်ယူရရှိသည်။

နယ်မှစပါးများ ရန်ကုန်သို့ အဝင်နည်းနေလျှင် ရန်ကုန်ရှိ ဘူလင်ဂျာပူးလ်က စပါးများကို ရုတ်တရက်မြှင့်ပေးလိုက်သည်။ ထိုအဖွဲ့၏ နည်းပရိယာယ်ကို နားမလည်ကြသော တိုင်းရင်းသားဆန်ကုန်သည်လေးများသည် မီးရထား၊ သင်္ဘော၊ လှေ၊ တုန်ကင်းစသည်တို့ဖြင့် စပါးများသယ်ဆောင်ကာ၊ ရန်ကုန်သို့ လာခဲ့ကြသည်။ ထိုအဖွဲ့၏ အထောက်တော်များသည် စပါးတင်ယာဉ်များ လမ်းခုလတ်ရောက်စဉ်ကပင် ယာသ်အရေအတွက်ကို ဌာနချုပ်သို့ အစီရင်ခံပြီးဖြစ်သည်။ ရန်ကုန်သို့ ဦးတည်လာသော ဆန်တင်ယာဉ်နည်းလျှင်၊ စပါးဈေးကို တက်ဈေးအတိုင်းပေးချေသည်။ ဆန်တင်ယာဉ်များလျှင် ကား၊ ယာဉ်များလမ်းတစ်ဝက်ရောက်ချိန်တွင် စပါးဈေးကို ရုတ်တရက်ချပစ်လိုက်သည်။ နယ်မှ စပါးသယ်လာသူများ ရန်ကုန်သို့ ရောက်သောအခါ ကျဈေးနှင့် ကြုံရသဖြင့် အလွန်ဒုက္ခရောက်ကြရသည်။ ထိုအဖွဲ့ကြီး၏ မဟာမိတ်ဖြစ်သော ဧရာဝတီမီးသင်္ဘောကုမ္ပဏီကလည်း စပါးတင်း (၅,ဝဝဝ) တင်လာသော တွဲတစ်စင်းပါ စပါးများကို ပိုင်ရှင်က လာမယူပါက (၃) ရက်ကျော်လွန်လျှင် (၁) ရက် (၅ဝ) ကျပ် နှုန်းဒဏ်တပ်သည်။ ထိုကြောင့် နယ်မှ စပါးကုန်သည်များမှာ ကျဈေးဖြင့်ပင် အရှုံးခံပြီးရောင်းချကာ နေရပ်သို့ ပြန်သွားရသည်။

ဘူလင်ဂျာပူးလ်ပိုင် ဆန်စက်ကြီးများတွင် စပါးခြင်ရာတွင် ကျွမ်းကျင်သော သူများနှင့် ပေါင်ချိန်ချိန်ရာတွင် ပါးနပ်သူများကို လက်သပ်မွေးထားသည်။ စပါးခြင်သူများက စပါးတင်း (၁ဝဝ) လျှင် (၅) တင်းပို့ရအောင် ခြင်ယူနိုင်သည်။ ပေါင်ချိန်ချိန်ယူများကလည်း မိမိတို့အတွက် ပေါင်ချိန်ပိုရအောင် ကတ္တားကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သည်။ ဤသို့ဖြင့် စပါးရောင်းသူများဘက်မှ စပါးတင်း (၁ဝဝ) လျှင် (၅) တင်းခန့်နစ်နာသည်။

တောနယ်မှ စပါးရှင်များသည် စပါးများကို ရန်ကုန်ရှိ ဘူလင်ဂျာပူးလ်စက်ကြီးများသို့ တင်ပို့ရောင်းချကြရာ တစ်ခေါက်မြတ်လျှင် (၁ဝ) ခေါက်ရှုံးဆိုသကဲ့သို့ နစ်နာဆုံးရှုံးများနှင့် ကြုံတွေ့ကြရသည်။ ထိုကြောင့် ရန်ကုန်မြို့ကို “စပါးသချႋုင်း“ ဟု ခေါ်ဝေါ်သမုတ်ကြပြီး ရန်ကုန်သို့ စပါးတင်ပို့ရောင်းချခြင်းမပြုကြတော့ချေ။ ထိုကြောင့် ရန်ကုန်သို့ စပါးအဝင်နည်းလာသည်။

ဘူလင်ဂျာပူးလ်စက်ကြီးများအတွက် လုပ်ကိုင်ဆောင်ရွက်ကြသော ကိုယ်စားလှယ်နှင့် ပွဲစားတို့သည် မိမိတို့ငွေရင်းစိုက်ထုတ်၍ နှစ်ဦးနှစ်ဘက်အကျိုးရှိရာရှိကြောင်း ဆောင်ရွက်ကြသည်။ သို့သော် အဖွဲ့ကြီး၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ဆုံးရှုံးနစ်နာကြသည်။ နာမည်ပျက်ရုံသာမက လူလည်းပင်ပန်းသောကြောင့် စက်ကြီးများအတွက် လုပ်ကိုင်ဆောင်ရွက်ရန် စိတ်ကုန်သွားကြသည်။ ထိုကြောင့် ဘူလင်ဂျာပူးလ်ပိုင်စက်ကြီးများသို့ စပါးအရောက်နည်းပါးလာသည်။

ထိုပြင်တောနယ်အနှံ့တွင် ဆန်စက်ကလေးများ တိုးတက်ပွားများလာသည်။ တောနယ်မှ စက်ကလေးများသည် ဘူလင်ဂျာပူးလ်ပိုင် စက်ကြီးများထက် စပါးဈေးကို ပိုပေးသည်။ ထိုကြောင့် စက်ကြီးများသို့ စပါးအဝင်နည်းသွားသည်။ စပါးအလုံအလောက် ဝယ်ယူရရှိခြင်းမရှိသဖြင့် တစ်နှစ်လျှင် (၄) လမျှသာ စက်ကြီးများကို လည်ပတ်နိုင်တော့သည်။ နိုင်ငံခြားနှင့် ချုပ်ဆိုထားသော စာချုပ်အတိုင်း ဆန်မတင်ပို့နိုင်သဖြင့် ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့ရသည်။

၁၈၈၁ – ခုမှ ၁၉၃၆ – ခုအတွင်း မြစ်ချောင်းပင်လယ်ကမ်းခြေနှင့် မီးရထားလမ်းအနီးတွင် လူမျိုးပေါင်းစုံတို့၏ ဆန်စက်များ ပေါ်ပေါက်လာသည်ကို အောက်ပါဇယားအတိုင်းတွေ့ရသည်။

ခုနှစ် မြန်မာ အိန္ဒိယ တရုတ် ဥရောပ
၁၈၈၁ ၂ ၃ ၃ ၄၁
၁၈၉၈ ၁ဝ ၇ ၁ဝ ၄၅
၁၉၂၁ ၂၂၄ ၆၁ ၅၃ ၄၅
၁၉၂၉ ၃၃၆ ၁၅၁ ၇၅ ၃၉
၁၉၃၃ ၃၁ဝ ၁၅၆ ၇၅ ၄၄
၁၉၃၆ ၃၃၄ ၁၈၆ ၉၁ ၃၂

မြန်မာတရုတ်နှင့် အိန္ဒိယနိုင်ငံသားပိုင် ဆန်စက်ကလေးများတွင် အလုပ်သမားဦးရေ ပျမ်းမျှ (၅ဝ) ဝန်းကျင် စီသာရှိကြသည်။ ဥရောပတိုက်သားပိုင် ဆန်စက်ကြီးများတွင်ကား၊ အလုပ်သမားဦးရေ (၅ဝဝ) ကျော်စီရှိကြသည်။

၁၉၂ဝ ပြည့်နှစ်အထိ မီးရထားလမ်းတစ်လျှောက်ရှိ မြို့ရွာများမှ ဆန်ဖြစ်စေ စပါးဖြစ်စေ၊ တွဲတင်သည့် အခနှုန်းမှာအတူတူပင်ဖြစ်သည်။ ၁၉၂၁ – ခုတွင် ဘူလင်ဂျာပူးလ်တည်ထောင်ပြီးနောက် (၁) နှစ် ၁၉၂၂ – ခုသို့ရောက်သောခါ ဗြိတိသျှမီးရထားကုမ္ပဏီလီမိတက်က ဆန်တင်ခကို စပါးတင်ခထက် (၃၅) ရာခိုင်နှုန်းမြှင့်တင်လိုက်သည်။ ဤသို့ဆန်တင်ခနှုန်းမြှင့်တင်ခြင်းမှာ ရန်ကုန်သို့စပါးအဝင်များပြီး ဆန်အဝင်နည်းစေရန်ဖြစ်သည်။ ဘူလင်ဂျာပူးလ်နှင့် မီးရထားကုမ္ပဏီတို့က ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း “လယ်ပြင်ဆင်သွားသကဲ့သို့“ ထင်ရှားသည်။

ရန်ကုန်သို့ ဆန်စပါးတင်ပို့ရန် မီးရထားတွဲရအောင် လုပ်ရသည်မှာလည်း မလွယ်ကူချေ။ လာဘ်ပေးနိုင်လျှင်ကား အထိုက်အလျောက်အဆင်ပြေသည်။ ၁၉၂၈ ခုတွင် “ဖောင်တော်သီ“ နယ်မှ စပါးများကို ရန်ကုန်သို့ အမြန်တင်ပို့ရန် ကိစ္စပေါ်သဖြင့် ရုံပိုင်ထံတွဲတောင်းရာမရချေ။ မီးရထားမင်းကြီးထံ ကြေးနန်းရိုက်ပြီး တွဲတောင်းသောအခါမှ တွဲရသည်။ စပါးများကို တွဲပေါ်အမြန်တင်ပြီး ပို့ရာ ရန်ကုန်သို့ ရောက်သင့်သည့်အချိန်တွင် မရောက်ချေ။ စုံစမ်းကြည့်သောအခါ ဖောင်တော်သီမှ စပါးတွဲများကို ပဲခူးဘူတာတွင် ဖြုတ်ထားခဲ့ကြောင်း သိရသည်။ ဤသို့ဖြင့် ဖောင်တော်သီမှ (၇၆) မိုင်ဝေးသော ရန်ကုန်သို့ စပါးများတင်ပို့ရာ (၄) ရက်ကြာသွားသည်။ မီးရထားဌာနက အကြောင်းပြသည်ကား စာရွက်နီကပ်ထားသော တွဲများကို ဦးစားပေး၍ ပို့ပေးနေရသည့်အတွက် ဖြစ်သည်ဟု ဆိုသည်။ စာရွက်နီကပ်ထားသော တွဲများမှာ ဘူလင်ဂျာပူးလ်နှင့် ဆိုင်သော တွဲများပေသည်။

၁၉၂၁ – ခုတွင် ဘူလင်ဂျာပူးလ်စတင်တည်ထောင်သည်မှ (၃) နှစ်အတွင်း အဖွဲ့ကြီးသည် မြန်မာနိုင်ငံမှ စပါးကို မိမိတို့စိတ်တိုင်းကျဈေးနှုန်းသတ်မှတ်၍ ပြိုင်ဘက်ကင်းစွာ ဝယ်ယူနိုင်သည်။ ၁၉၂၄ – ခုသို့ ရောက်သောအခါ ဂျာမနီနှင့် ဒတ်ချ် (Dutch) ကုမ္ပဏီများက ဘူလင်ဂျာပူးလ်နှင့် အပြိုင်စပါးဝယ်ယူလာသည်။ ဂျာနီနှင့် တိုက်ရိုက်ဆက်သွယ်သော “ဘိန်ဝှက်“ ကုမ္ပဏီနှင့် အခြားကုန်သည်ကြီးများက စပါးဈေးကို မြှင့်၍ ဝယ်ယူကြရာ စပါးဈေး (၃ဝဝ) ကျပ်အထိ တက်သွားသည်။ ထိုနှစ်တွင် ဘိန်ဝှက်ကုမ္ပဏီက ဝယ်သော စပါးတန်ချိန်သည်။ ဘူလင်ဂျာပူးလ်ထက်ပိုများသည်။

၁၉၂၅ – ခုတွင် ဘူလင်ဂျာပူးလ်က ဂျာမနီတွင် ဆန်ဆိုင်တစ်ဆိုင်သွားဖွင့်သည်။ “မင်းတို့ကတို့ဝယ်တဲ့ နယ်မှာ ဝင်စွက်လို့၊ တို့ကလဲမင်းတို့ဈေးကွက်ထဲဝင်တယ်ဟေ့“ ဆိုသည့် သဘောဖြစ်သည်။ ဂျာမနီတွင် ဆန်များကို အရှုံးခံ၍ ရောင်းချသည်။ ဂျာမန်များမျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားသည်။ နောက်ဆုံးတွင် ဘူလင်ဂျာပူးလ်နှင့် ဂျာမန်များ၊ ဥရောပတိုက်သားအရင်းရှင်များအကြား၊ မြန်မာနိုင်ငံမှ စပါးကို ညှိနှိုင်းဝယ်ယူရန် သဘောတူကြသည်။

ကိုလိုနီခေတ်မော်လမြိုင် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းကို ၁။ ဘလုပ်ဘရားသားကုမ္ပဏီ (Bullock Brother Co)
၂။ ဘူရိုးကုမ္ပဏီ (Francois Burot Co) ၃။ ဟိုမန်ကုမ္ပဏီ (Melosch Hollmann Co) နှင့် စတီးကုမ္ပဏီ (Strang Steel Co) တို့က ချုပ်ကိုင်ထားသည်။

မော်လမြိုင်တွင် ပထမဦးဆုံးဆန်စက်ကို ၁၈၆ဝ ပြည့်နှစ်တွင် တည်ထောင်သည်။ ၁၈၇၆ – ခုသို့ ရောက်သောအခါ မော်လမြိုင်တွင် ဆန်စက် (၁၂) လုံးရှိလာသည်။

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်