စက်စဲကမ်းခြေမှ တစ်နှစ်တာအတွင်း ယစ်မျိုးလိုင်စင်အတွက် အခွန်ငွေရရှိမှု ကျပ်သုံးသိန်းမပြည့်

127

မော်လမြိုင်၊ ဒီဇင်ဘာ 

စက်စဲကမ်းခြေ၌ ယစ်မျိုးလိုင်စင်ရ လုပ်ငန်းရှင် ၈ ဦးရှိရာတွင် တစ်နှစ်အတွင်း အခွန်ငွေ ၂၈၀,၀၀၀ ကျပ်သာ ရရှိခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကာကွယ်စောင့်ကြည့်ရေး ကော်မတီအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ လုပ်ငန်းလိုင်စင် (၇) ခုရှိပြီး တစ်နှစ်အတွင်း ရရှိခဲ့သည့် အခွန်ငွေပေါင်းမှာ ၅,၉၅၁,၀၀၀ ကျပ်ဖြစ်ကြောင်း၊ လုပ်ငန်းအမျိုးအစားအလိုက်ဆိုရသော် ဘီးကောက်လိုင်စင်မှ ၃,၈၀၀,၀၀၀ ကျပ်၊ စည်ပင်မြေငှားရမ်းခမှ ၃၂၆,၀၀၀ ကျပ်၊ စားသောက်ဆိုင်လိုင်စင်မှ ၄၇၀,၀၀၀ ကျပ်၊ ဓာတ်ပုံရိုက်လုပ်ငန်းမှ ၈၅၀,၀၀၀ ကျပ်၊ အရောင်းဆိုင် ၁၅ ခုမှ ၁၂၅,၀၀၀ ကျပ်နှင့် ရေပေးဝေရေးလုပ်ငန်း(တစ်လအတွင်း)မှ ၁၀၀,၀၀၀ ကျပ်နှင့် ယစ်မျိုးလိုင်စင်လုပ်ငန်း ၈ ဦးမှ ၂၈၀,၀၀၀ ကျပ် အသီးသီးကောက်ခံရရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာတစ်ပြည်လုံးနဲ့ နိုင်ငံခြားက လာတဲ့စက်စဲလိုကမ်းခြေမျိုးမှာ အခွန်ရဲ့လုပ်ငန်း (၇) ခုကနေ ရတဲ့ဝင်ငွေက ၅,၉၅၁,၀၀၀ ဆိုတာ ပြည်နယ်ရဲ့ ဝင်ငွေ အင်မတန်မှ နည်းပါးလှပါတယ်”ဟုပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက မှတ်ချက်ပြုသည်။ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရေတံခွန်၌ပင် (၄)လအတွင်း ကားရပ်နားခွင့်လိုင်စင်တစ်မျိုးတည်းအပေါ်မှ ငွေကျပ် ၁၅၅ သိန်း ရရှိခဲ့ကြောင်း ဦးဇော်ဇော်ထူးက ထောက်ပြပြောဆိုသည်။

စက်စဲကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ရိုက်စီမံခန့်ခွဲကိုင်တွယ်သင့်ကြောင်း အထက်ပါကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အကြံပြုတိုက်တွန်းခဲ့သည်။

စည်ပင်သာယာဘန်ဂလိုဝင်းအတွင်းရှိ ရွှေကမ်းခြေအဆင့်မြင့်ဧည့်ရိပ်သာမှ အိမ်သာရေဆိုးကို ခြံပြင်ပလမ်းဘေးသို့ စွန့်ထားပြီး ရေမြောင်းအတွင်း ရေဆိုးများရှိနေခြင်းနှင့် ပတ်ဝန်းကျင်သို့ အနံ့ဆိုးများထွက်နေခြင်းမှာ စက်စဲကမ်းခြေအတွက် စနစ်တကျရေးဆွဲခဲ့သည့် စီမံကိန်းနှင့်အညီ အကောင်အထည်မဖော်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

ယင်းသို့ ဖြစ်ပျက်နေခြင်းနှင့် ပတ်သက်၍ “ဦးပါစိန်က အဆောက်အဦပိုင်ရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူ့မှာ တာဝန်ရှိတယ်။ သူက အုပ်ချုပ်ရေးမှူးဖြစ်တဲ့အတွက် ကြီးကြပ်ရမယ့်တာဝန်ရှိတယ်။ သူက အဲဒီတာဝန်နှစ်ချက်လုံးကို ပျက်ကွက်နေတယ်”ဟု ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ထို့ပြင်ရေစီးရေလာကောင်းမွန်ရေးအတွက်ရေမြောင်းစနစ်ကိုစနစ်တကျအကောင်အထည်မဖော်နိုင်သေးခြင်းမှာ လုပ်ငန်းရှင်တို့၏ ဒေသခံလူထုအပေါ်တာဝန်ယူရမည့်ကျင့်ဝတ်ပျက်ယွင်းခြင်းနှင့်ကျေးရွာအုပ်ချုပ်ရေးမှူး၏ တာဝန်ပျက်ကွက်ခြင်းတို့သာ ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

ဦးညီညီထွေးဆိုသူ လုပ်ငန်းရှင်က စက်စဲကမ်းခြေ၊ သဘာဝရိုးချောင်းနေရာကို မြေဖို့ပြုပြင်ထားသည့်အတွက် ချောင်းပိတ်ဆို့ပျက်စီးပြီး ရေစီးရေလာစနစ်ကို ထိခိုက်ခဲ့ကြောင်းလည်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ်းခြေကို အမှီပြု၍ စီးပွားဖြစ်ထွန်းအောင်မြင်နေသော လုပ်ငန်းရှင်များအနေဖြင့် ဒေသအတွက် တာဝန်ယူဖြည့်ဆည်းပံ့ပိုးမှု CSR လုပ်ငန်းများကို လုပ်ဆောင်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့က ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ဒေါက်တာခင်နိုင်ဦးက ဆိုသည်။

Written by ရွှေရိုး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်