ကျိုက္ခမီရှိ မြစိမ်းရောင် ဘုရားမြေကို မတရားသိမ်းဆည်းခဲ့သည်ဟုဆိုကာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် သံဖြူဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူးကို ဒေသခံတို့ ဆန္ဒပြ

31

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉

ကျိုက္ခမီမြို့ရှိ မြစိမ်းရောင် ဘုရားမြေအား လုပ်ပိုင်ခွင့်အသုံးပြုပြီး မတရားသိမ်းဆည်းခဲ့သည်ဟုဆိုကာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို အမျိုးသားရေး၊ ဘာသာရေးအင်အားစုများက ဖေဖော်ဝါရီ ၁၉ ရက်က သံဖြူဇရပ်မြို့နယ်တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။

မြစိမ်းရောင် ဘုရား ဝတ္တကမြေကို မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က မီးသတ်စခန်း မြေနေရာနှင့်ရေကန်တည်ဆောက်ရန်အတွက် လုပ်ပိုင်ခွင့် အသုံးပြု၍ မတရားသိမ်းဆည်းခဲ့ကာ ဝတ္တကမြေမှာ ဆောက်လုပ်နေတဲ့အတွက် ယခုလို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်တယ်ကြောင်း ဆန္ဒပြခေါင်းဆောင်ဦးအောင်ကိုလတ်က ပြောသည်။

“ဘုရားဝတ္တကမြေ မုခ်ဝ စည်းရိုးရဲ့ အထဲဘက်ကို ပေ ၆၅ ထပ်ပြီးတော့ ကျူးကျော်ယူလို့၊ ဒီလိုကျူးကျော်ယူတာကို ဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာကိုလည်း လတ်မှတ်တွေကောက်ခံပြီး တိုင်စာတွေတင်ထားတယ်၊ဘုရားဝတ္တမြေမပေးနိုင်ဘူး၊ အဲဒါကို ညှိုနှိုင်းတာမရှိဘဲ နှုတ်မိန့်နဲ့ လုပ်ပေးတဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်တယ်”ဟု ၎င်းက ပြောသည်။

သံဖြူဇရပ်မြို့နယ် မြေစာရင်းဦးစီးမှူး ဦးကောင်းကင်ကျော်က ယင်းအငြင်းပွားမှုကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်များ၊ ဌာနဆိုင်ရာများနှင့် ဘုရား ဂေါပကအဖွဲ့တို့က ညှိနှိုင်းအစည်းအဝေးပွဲပြုလုပ်ခဲ့ပြီး အစိုးရ စီမံခန့်ခွဲ အသုံးပြုခွင့်ရ မြေနေရာဖြစ်၍ ရေဂါလန် ၂၀၀၀၀ ဆံ့ မီးသတ်ရေလှောင်ကန် တည်ဆောက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်ဟုပြောသည်။

“အခု မီးသတ်ရေကန် ဆောက်တဲ့နေရာကော မီးသတ်ဦးစီးဌာနဆောက်နေတဲ့ နေရာရယ်က မြစိမ်းရောင်ဘုရား သာသနာမြေကျတဲ့ ဧရိယာ အဝန်းအဝိုင်းထဲမှာ လုံးဝမပါဘူး။ အစိုးရစီမံခန့်ခွဲလို့ရတဲ့မြေဖြစ်တယ်။ သာသနာမြေထဲပါရင် ကျွန်တော်တို့ဌာနက အစိုးရစီမံခန့်ခွဲလို့ရတဲ့မြေဖြစ်တယ်ဆိုတာကို သက်သေခံပေးလို့ မရဘူး၊ လတ်လွတ်စပယ် ပေးလုပ်လို့မရဘူး”ဟု ၎င်းကရှင်းပြပြောဆိုသည်။

လူအင်အား ၂၀၀ ကျော် ပါဝင်သည့် ဆန္ဒပြသူများသည် သံဖြူဇရပ်မြို့ စစ်သချိ ၤုင်းအရှေ့၌ စတင်စုဝေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအထိ လမ်းမကြီးအတိုင်း ချီတက် လမ်းလျှောက်ခဲ့ပြီး လမ်းတစ်လျှောက်တွင် ‘ဘုရား ဝတ္တကမြေကို မတရားသိမ်းဆည်း ဆောင်ရွက်ခဲ့တဲ့ သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးကို အရေးယူပေး’၊ ‘ဘာသာ သာသနာ စော်ကားသူများ အလိုမရှိ’၊ ‘ပြည်သူ့အသံနဲ့ ဘာသာ သာသနာကို အလေးမထားတဲ့ မွန်ဝန်ကြီးချုပ် အလိုမရှိ’ စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

Written by သက်ပိုင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်