သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ယခင်နှစ်ထက် ထက်ဝက် လျော့ကျ

မော်လမြိုင်၊ ဧပြီ ၁၈

မွန်ပြည်နယ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ယခင်နှစ်ထက် ထက်ဝက်လျော့ကျလာကြောင်း မွန်ပြည်နယ် အမှတ်(၁၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့ခွဲမှူးရုံး မှတ်တမ်းများအရ သိရသည်။

ယခုနှစ် သင်္ကြန်ကာလ ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ယာဉ်မတော်တဆမှု ၁၄ မှုသာ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၂၀ ဦး၊ သေဆုံးသူ ၆ ဦးသာ ရှိခဲ့ကာ ယခင်နှစ် အလားတူ ကာလတွင်မူ ယာဉ်မတော်တဆမှု ၂၂ မှု၊ ဒဏ်ရာရသူ ၄၆ ဦး၊ သေဆုံးသူ ၁၂ ဦးအထိ ရှိခဲ့ကြောင်း ယင်းရုံး မှတ်တမ်းများတွင် ဖော်ပြထားသည်။

“အခုလို ထိခိုက်မှု လျော့နည်းလာတာ တွေ့ရတော့ ကျွန်တော်တို့လုပ်ဆောင်တာ အောင်မြင်တာပေါ့”ဟု မွန်ပြည်နယ် အမှတ်(၁၂) ယာဉ်ထိန်း ဒုရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး ကျော်သူက ဆိုသည်။

သင်္ကြန် ကာလအတွင်း ယာဉ်မတော်တဆမှု လျော့နည်းရေအတွက် ဆိုင်ကယ် ဦးထုပ် မဆောင်ခြင်း၊ ဆိုင်ကယ် အိပ်ဇောပိုင်ဖြုတ်၍ မောင်းနှင်းခြင်း အပါအဝင် တုတ်၊ ဓား ကိုင်ဆောင်ပြီး ရေပတ်ခံထွက်မှုများကို ပိုမို ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့များအပြင် ယာဉ်အမှုစစ်များနှင့် ရုံးအဖွဲ့များလည်း အတူတကွ ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး တပ်ဖွဲ့အင်အားကိုလည်း နေရာတစ်နေရာတွင် လေးဖွဲ့မှ ရှစ်ဖွဲ့ထိ တိုးမြှင့်ခဲ့ကြောင်း ရဲမှူး ကျော်သူက ပြောဆိုသည်။

“ဒီနှစ်တော့ ဆိုင်ကယ်တိုက်ပြန်ပြီဟဲ့၊ လူသေပြန်ပြီဟဲ့လို့ ပြောသံမကြားမိတာတော့ အမှန်ပဲ၊ သင်္ကြန်မှာပျော်တာရပါတယ်၊ သတိလေးတော့ထားရမှာပေါ့”ဟု မော်လမြိုင်တွင် ဆိုင်ကယ် တက္ကဆီမောင်းနေသူ ဦးမြင့်မောင်က ပြောသည်။

မွန်ပြည်နယ် သင်္ကြန်သည် ဆိုင်ကယ်များဖြင့် ရေပတ်ခံ ထွက်လေ့ရှိသည့်အတွက် ယာဉ်မတော်တဆမှု နှစ်စဉ် အဖြစ်များသော ပြည်နယ် တစ်ခု ဖြစ်သော်လည်း ယခုနှစ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှု လျော့နည်းသွားမူကို ကျေနပ်မိကြောင်း ၎င်းက ဆိုသည်။

သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု လျော့နည်းရေးအတွက် သင်္ကြန်မတိုင်ခင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရေပတ်ခံထွက်ကြမည့် သူများအတွက် လိုက်နာရန် စည်းကမ်းချက် ၁၃ ချက် ထုတ်ပြန်ခဲ့သည်။

Written by ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်