၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့် ရည်ရွယ်ချက် မွန်ပြည်နယ် ဝန်ကြီးချုပ်ကို နိုင်ဟံသာမေးမြန်း

1045

မော်လမြိုင်၊ မေလ ၁၉ ။ ။ ၂၁ ရာစုပင်လုံညီလာခံ ခေါ်ယူရေး နှင့်ပတ်သက် ပြီး လက်ရှိ အစိုးရ အဖွဲ့ ၏ ရည်ရွယ်ချက်ကို မွန်ပြည်သစ် ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ကမွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို မေးမြန်းခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ဟင်္သာမီဒီယာသို့ ပြောကြားသည်။
0000--0 copy

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ ဝင်များ နှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့ တို့ မေလ ၁၉ ရက် နေ့တွင် တွေ့ဆုံ ခဲ့ပြီး ယင်းအခမ်းအနား တွင် မေးမြန်း ခဲ့ခြင်းဖြစ်ကြောင်း နိုင်ဟံသာ ကဆိုသည်။
အဆိုပါတွေ့ဆုံမှုသည် မွန်ပြည်နယ်အစိုးရအသစ်နှင့် မွန်ပြည်သစ်ပါတီတို့ ပထမဆုံးတွေ့ဆုံခြင်း ဖြစ်သည်။
“ကျွန်တော်တို့က သူတို့ကို နည်းနည်းမေးလိုက်တယ်။ ၂၁ ရာစုပင်လုံနဲ့ပတ်သက်ပြီး NLD မူချထားတာကို ဘယ်လိုရည်ရွယ်ချက်လဲ။ ကျွန်တော်တို့က မေးလိုက်တယ်”ဟု ၎င်းက ဆိုသည်။
ယင်းတွေ့ဆုံမှုက အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား ရင်းနှီးမှုရရှိစေရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမရှိသေးသည့်အတွက်ကြောင့် အဆိုပါကိစ္စသည် သေချာမသိရှိသေးကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည် ဖြေကြား ခဲ့ကြောင်း နိုင်ဟံသာ ကဆိုသည်။
“ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့လည်း အဲဒီလို သဘောထားပဲရှိတယ်၊ အဓိကတော့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး တန်းတူညီမှုရှိဖို့၊ သူ့လူမျိုးနဲ့သူ ဖန်တီးနိုင်အောင်၊ စာပေ ယဉ်ကျေးမှုတွေ မြှင့်တင်နိုင်ဖို့က အရေးကြီးတယ်”ဟု နိုင်ဟံသာက ဆိုသည်။
ထို့အပြင် မွန်ပြည်သစ် ပါတီနှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့တို့ သည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက် ပြီး ဆွေးနွေး ခဲ့ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးကပြောကြားသည်။
“သူတို့က မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့လည်းတွေ့ချင်တယ်၊ အစိုးရအဖွဲ့နဲ့လည်းတွေ့ချင်တယ်၊ဆိုပြီးကမ်းလှမ်း တဲ့အတွက် တွေ့တာပေါ့၊ဘာတွေဆွေးနွေးလဲဆိုတော့ ဒေသဖွံ့ဖြိုးရေး အတွက် ဆွေးနွေးဖြစ်တယ်၊” ဟု၎င်း ကဆိုသည်။
ထို့ အပြင် မွန်ပြည်သစ်ပါတီ က မွန်ပြည်နယ် အတွင်း လွတ်လပ်စွာသွားလာ ခွင့် ရရှိရေး အတွက်လည်း ဆွေးနွေး သွားကြောင်း ဦးမင်းမင်းဦး ကဆိုသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ် ပါတီကို နယ်မြေအတွင်း သွားလာရေးလွယ်ကူစေရန် ကူညီစေလိုကြောင်းနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ် များကိုလည်းဆွေးနွေးခဲ့ကြောင်း ဦးမင်းမင်းဦးက ပြောသည်။
မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံပွဲတွင် မွန်ပြည်နယ်အစိုးအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဝင်းနိုင်ဦး ၊ ကရင်တိုင်းရင်သားရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်လင်းထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီမှ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ၊ အတွင်းရေးမှူး နိုင်အောင်မင်းအပါအဝင် အဖွဲ့ဝင် ၉ ဦး တက်ရောက်ခဲ့ကြသည်။
မွန်ပြည်သစ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်(NCA)လက်မှတ် ရေးထိုးထားခြင်းမရှိဘဲ အသစ်တက်လာသည့် NLDအစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း မွန်ပြည်သစ်ပါတီ မှ ထုတ်ပြန်ပြောကြားထားသည်။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်