အေးစက်နေတဲ့ မွန်ပြည်နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်

အစိုးရအကောင်အထည်ဖော်မည့် စီမံကိန်းများ၊ နိုင်ငံခြားကုမ္ပဏီများဝင်ရောက်လာမည်ဟူသော ခန့်မှန်းချက် များနှင့် မြေများ ကို  ဝယ်ယူရောင်းချခဲ့ရာမှ မွန်ပြည်နယ်အတွင်း၌ ပြီးခဲ့သော်နှစ်များအတွင်း အိမ်ခြံမြေဈေးများ အဆမတန်မြင့်တက်ခဲ့ရသည်။

000---DSC_0892 copy

ချောင်းဆုံမြို့နယ်နှင့် မော်လမြိုင်မြို့များအကြား တံတားထိုးမည့် စီမံကိန်းမပေါ်ပေါက်ခင်က ချောင်းဆုံမြို့ရှိ ပေ ၄၀၊ပေ ၆၀ မြေတစ်ကွက်၏ ပေါက်ဈေးမှာ ကျပ်သိန်း ၄၀ ဝန်းကျင်သာရှိခဲ့သည်။

သို့သော် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း  တံတားစီမံကိန်းပေါ်ပေါက်လာစဉ်တွင်မူ အဆိုပါ တံတားချဉ်းကပ်လမ်း နှင့်နီးသော ကညှော်ကျေးရွာရှိမြေဈေးများမှာ မြင့်တက်ခဲ့ရာ ကျပ်သိန်း နှစ်ရာမှ သုံးရာအထိ ပေါက်ဈေးများမြင့် တက်နေသည်။

ထို့အတူ ကညှော်ကျေးရွာကဲ့သို့ပင် မွန်ပြည်နယ်အတွင်းရှိ အခြားဒေသများတွင်လည်း အစိုးရစီမံကိန်း အသံများ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသံများထွက်ပေါ်လာပါက မြေဈေးများမှာလိုက်လံမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ မြင့်တက်ခဲ့ရာမှ လက်ရှိအချိန်တွင် အိမ်၊ခြံ၊မြေဈေးများမြင့်အဆမတန်မြင့်တက်နေသော်လည်း မွန်ပြည်နယ် ၏ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာ အေးစက်နေကြောင်း မော်လမြိုင်မြို့အခြေစိုက် အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ငန်းများထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း အိမ်၊ခြံ၊မြေ အရောင်းအဝယ်ဈေးကွက် အမြင့်မားဆုံးဖြစ်ခဲ့သောအချိန်မှာ ၂၀၁၄ ခုနှစ်ဝန်း ကျင်ကဖြစ်သည်။
ယင်းသို့ ဈေးကွက်အတွင်း အရောင်းအဝယ်များကောင်း၍ အမြင်ဆုံးဈေးနှုန်းများဖြစ်ပေါ်ခဲ့ရခြင်းမှာ အိမ်၊ခြံ၊မြေ ဝယ်ရောင်းလုပ်ကိုင်သော လုပ်ငန်းရှင်များများပြားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း မွန်ပြည်နယ်အခြေစိုက် အိမ်၊ခြံ၊မြေဝယ် ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။
“အဲ့အချိန်က အရောင်းအဝယ်လည်းရှိတယ်။ဈေးနှုန်းတွေလည်း မြင့်ခဲ့တယ်။ဝန်ဆောင်မှုလုပ်တဲ့သူတွေ လည်းများတယ်”ဟု မြန်မာနိုင်ငံအိမ်၊ခြံ၊မြေဝန်ဆောင်မှုအသင်း(မွန်ပြည်နယ်)၏ အတွင်းရေးမှူး ဦးသိန်းဇော်မိုးက ပြောဆိုသည်။

ခေတ်ကောင်းခဲ့သည်ဟုဆိုနိုင်သော အဆိုပါအချိန်ကပင် မွန်ပြည်နယ်အတွင်းအခြားဒေသများ၌ အိမ်၊ခြံ၊မြေဈေးများ မြင့်တက်နေသော်လည်း  အရောင်းအဝယ်အမှန်တကယ်ဖြစ်ခဲ့သည့်မှာ မော်လမြိုင်မြို့နှင့် ကျိုက်ထိုမြို့ရှိဈေးကွက်များသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
ဝယ်ယူသူများမှာလည်း လူနေထိုင်မှုအတွက် ဝယ်ယူခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံခြားမှ ကုမ္ပဏီများ ဝင်ရောက်လာ မည်ကို ခန့်မှန်း၍  လမ်းမပေါ်ရှိ ခြံများကဲ့သို့သော နေရာများကို ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

ယင်းအပြင် အစိုးရအပြောင်းအလဲ ဖြစ်လာပါက မြေအမျိုးအစားပြောင်းလဲနိုင်မည်ဟူသော မျှော်လင့်ချက် များဖြင့်ဝယ်ယူခဲ့မှုများလည်းရှိခဲ့ကြောင်း အိမ်၊ခြံ၊မြေ အကျိုးဆောင်များထံမှသိရသည်။
လက်ရှိ ချောင်းဆုံ ဒေသအတွင်းရှိ ကညှော်ကျေးရွာတွင် အိမ်၊ခြံ၊မြေဝယ်ယူသူများမှာလည်း ထိုသို့မျှော်လင့် ချက်များဖြင့်ဝယ်ယူနေကြခြင်းဖြစ်ပြီး တိကျသည့် အဖြေမရှိသော်လည်း ဈေးနူန်းများမှာမူ တဆထက်တစ် ဆမြင့် တက်နေကြောင်း ဒေသခံများကပြောဆိုကြသည်။
“ဒေသခံတွေအပြင် မော်လမြိုင် ၊ မုဒုံ ၊ သံဖြူဇရပ် ၊ ရန်ကုန်တို့ကပါ လာ ဝယ်နေကြတယ်”ဟု ချောင်းဆုံ – မော်လမြိုင် သံလွင်တံတားစီမံကိန်းအနီးရှိ ကညှော်ကျေးရွာမှ ဦးထွန်းကျော်က ပြောသည်။

ထိုသို့ဝယ်ယူမှုများအပြီးချိန်တွင် စီမံကိန်းများအကောင်အထည်မပေါ်ဖြစ်လာရာတွင် ဈေးကွက်စတင် အေးခြင်းနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်တော့ ယခု မော်လမြိုင်မြို့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်မှာ ယခင်နှစ်ထက် လေးပုံတစ်ပုံ ခန့် အရောင်းအဝယ်ကျဆင်းလာပြီး ဈေးနှုန်းများမှာလည်း ယခင်ပေါက်ဈေးထက် ပေ ၄၀၊ပေ ၆၀ ခြံတစ်ကွက်လျှင် ကျပ် သိန်းငါးဆယ်ခန့်ကျဆင်းနေကြောင်း ဦးသိန်းဇော်မိုး ကရှင်းပြသည်။
ထိုသို့မော်လမြိုင်မြို့ အိမ်၊ခြံ၊မြေ ဈေးကွက်ကျဆင်းနေသည်မှာ တစ်နှစ်ခန့်ရှိနေပြီဖြစ်ကာ ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်တို့ရှိ အိမ်၊ခြံ၊မြေဈေးများကျဆင်းနေခြင်း၏ ရိုက်ခတ်မှုများလည်းပါဝင်ကြောင်း ၎င်းကထပ်လောင်းရှင်းပြသည်။

“မော်လမြိုင်မြို့ရဲ့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်ဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ဈေးကွက်နှင့် ဆက်နွယ်နေပါတယ်” ဟု ဦးသိန်းဇော်မိုးက ဆိုသည်။
ဆက်နွယ်ရခြင်းအကြောင်းမှာ မွန်ပြည်နယ်ရှိမြေများကို ဒေသခံများအပြင် ရန်ကုန်နှင့် မန္တလေးအစရှိသည့် မြို့ကြီးများမှ လုပ်ငန်းရှင်များက လာရောက်ဝယ်ယူခြင်းကြောင့် ဖြစ်ကြောင်း မော်လမြိုင်မြို့ရှိ အိမ်၊ခြံ၊မြေ ဝယ်ရောင်းများက ပြောဆိုကြသည်။

လက်ရှိ မော်လမြိုင်မြို့တွင် ကျောင်း၊ ဆေးရုံ၊ ဈေး နှင့် သွားရေးအဆင်ပြေသောနေရာများရှိ အိမ်၊ ခြံ၊ မြေ များကိုတွင် အရောင်းအဝယ် တချို့ဖြစ်နေကြောင်း မော်လမြိုင်မြို့မှ အိမ်၊ခြံ၊မြေ လုပ်ကိုင်နေသူ ဦးအေးကျော်က ပြောသည်။

“ငွေကြေးအဆင်ပြေတဲ့သူတွေကပဲ မြို့တွင်းနဲ့ မြို့ပြင်ရပ်ကွက်အချို့မှာပဲ ဝယ်ယူမှုအနည်းငယ် ရှိနေတယ် “၎င်းကဆိုသည်။
လက်ရှိအိမ်၊ငှားဈေးကွက်တစ်ခုသာ အလုပ်ဖြစ်နေကြောင်း ဦးအေးကျော်က ထပ်လောင်းပြောဆိုသည်။
ယင်းသို့ ဈေးကွက်အေးခြင်း၏ နောက်ဆက်တွဲအဖြစ် မော်လမြိုင်မြို့ပေါ်တွင် အိမ်၊ခြံ၊မြေဝယ်ရောင်း လုပ်ကိုင်သူများ လျော့ကျလာသည်။
အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများက ကားအရောင်းအဝယ်လုပ်ငန်း၊ ရွှေ အရောင်းအဝယ်လုပ်ငန်း၊ ဒေါ်လာအရောင်းအဝယ်လုပ်ငန်းများကိုသာ လုပ်ကိုင်ကြတော့ကြောင်း ဦးသိန်းဇော်မိုးက ပြောဆိုသည်။

သို့သော်ထိုသို့ ဈေးကွက်အေးခြင်းဖြစ်ပေါ်နေသော်လည်း အိမ်၊ခြံ၊မြေဈေးများမှာ ကျဆင်းခြင်းမရှိဘဲ မျှော်လင့်ချက်နှင့်စောင့်ဆိုင်းနေကြကြောင်း ၎င်းကရှင်းပြသည်။
မွန်ပြည်နယ်တွင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းအမြင့်ဆုံးမှာ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်နှင့် ဖက်ခင်းလမ်း၊ ကျိုက်ထိုမြို့တွင်း ရန်ကုန် – မော်လမြိုင်ကားလမ်းနှင့် ကင်းမွန်ချောင်းကျေးရွာများဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေဝန်ဆောင်မှုအသင်း(မွန်ပြည်နယ်ရုံးခွဲ)ထံမှ သိရသည်။

ဈေးနှုန်းများမြင့်တက်ခြင်းကို ကျဆင်းရန်မှာမူ မွန်ပြည်နယ်အတွင်း ပြည်နယ်အစိုးရက တန်ဖိုးနည်းအိမ်ရာများ အကောင်အထည်ဖော်ပါက ဈေးများကျဆင်းလာနိုင်ကြောင်း မော်လမြိုင်မြို့အခြေစိုက် အိမ်၊ခြံ၊မြေဝယ်ရောင်းလုပ်ကိုင်သူများက ပြောဆိုသည်။

“အစိုးရက တန်ဖိုးနည်းအိမ်ရာလုပ်ပေးမယ်ဆိုရင် ပြည်သူတွေအတွက် ဈေးသက်သက်သာသာနဲ့ အဆင်ပြေပြေနေနိုင်တယ်၊ သိန်းတစ်ရာ တစ်ရာ့ငါးဆယ်နဲ့ ပေးမယ်ဆိုရင် ပြည်သူတွေက နေဖို့အဓိကဖြစ်တဲ့အတွက် နေစရာရှိရင် ခြံဈေးတွေ ကျလာနိုင်တယ် ”ဟု ဦးသိန်းဇော်မိုးက ပြောဆိုသည်။

“အိမ်ရာစီမံကိန်းကို လုပ်လိမ်ဆိုရင် ဒီမော်လမြိုင် အိမ်ရာမြေကိစ္စ လုံးဝအေးသွာနိုင်တယ်”ဟုပင် ၎င်းက ထပ်လောင်းပြောဆိုသည်။
မွန်ပြည်နယ်ရှိ အိမ်၊ခြံ၊မြေဝယ်ရောင်းသမားများမှာမူ  အခြားတိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးရှိ ဝယ်ရောင်း လုပ်ငန်းရှင်များကဲ့သို့ ပင် လက်ရှိအစိုးရလက်ထက်တွင် ဈေးကွက်အလားအလာ မည်သို့ဖြစ်လာမည်ကို စောင့်မျှော်နေကြကြောင်း ၎င်းတို့ပြောဆိုကြလေသည်။

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်