Advertisements

စာဖတ်ပရိသတ်များအားလုံး မင်္ဂလာပါ။ ပြည်တွင်းနိုင်ငံရေးသတင်းမြင်ကွင်းကဏ္ဍအတွက် မြန်မာ့နိုင်ငံရေးထူးခြားသတင်းတွေထဲက အရေးကြီးပြီး အလေးအနက်ထားမှတ်သားသင့်တဲ့ သတင်းတွေကို ထုတ်နုတ်သုံးသပ်ပြပါရစေ။

တနိုင်းစစ်မီးနှင့် စစ်ပြေးဒုက္ခသည် ဂယက်

တကယ်တော့ NCA အပစ်ရပ် စာချုပ် လက်မှတ်ရေး ထိုးမှုတွေ စတင်ခြင်းမပြုခင်ကတည်းက ပြန်လည်ပေါ်ပေါက်ခဲ့တဲ့ KIA နဲ့ မြန်မာ့တပ်မတော်အကြား စစ်ရေးတင်းမာမှုဟာ KIA အနေနဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး NCA လမ်းကြောင်းပေါ်ကို မရောက်မချင်း ဆက်လက်ပေါ်ပေါက်နေဦးမှာဖြစ်လို့ ကချင်ဒေသတွင်း စစ်ရေးပဋိပက္ခတွေရဲ့ အကျိုးဆက်ကရှိနေဦးမယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

သို့သော်လည်း နှစ်ဖက်အကြား ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေရဲ့ ဂယက်ကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာပြီး ဒုက္ခသည် စခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်မှုတွေ တစ်နေ့တခြားတိုးလာတာ ကတစ်ကြောင်း၊ တိုက်ပွဲတွေအကြား ပိတ်မိနေတဲ့ အရပ်သားတွေ အရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းမှု တည်ဆောက်ရေးအပေါ် စိုးရိမ်ပူပန်မှုတွေကို အကြောင်းပြုပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် နိုင်ငံရဲ့အချို့သော မြို့ကြီးတွေမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တာကလည်းတစ်ကြောင်းဖြစ်လို့ အုပ်ချုပ်ရေး ပြဿနာ၊ နိုင်ငံရေးပြဿနာ အနေနဲ့ ကျယ်ပြန့်လာ နေပါတယ်။

ဒီအခြေအနေမှာ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင် ပိုင်းတွေကလည်း ဒီပြဿနာကို တစ်ဖက်က ရခိုင်ပြဿနာလို နိုင်ငံတကာက အာရုံစိုက်လာစေဖို့ လူမျိုးရေးပြဿနာ၊ စစ်ရာဇဝတ်မှု ပြဿနာပုံစံမျိုး ဖြစ်ပေါ်လာအောင် ပုံသွင်းနေတယ်လို့ ယူဆထားပြီး လက်ဦးမှုရယူဖြေရှင်းနိုင်အောင် ကြိုးစားနေပါတယ်။

ဒီပြဿနာတွေနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ နောက်ထပ် အသက်ရှူကျပ်စရာ ကိစ္စတစ်ခုကတော့ အခုအချိန်မှာ အစိုးရအနေနဲ့ ဖေဖော်ဝါရီလကတည်းက ရွှေ့ဆိုင်းလာခဲ့ရတဲ့ ပင်လုံညီလာခံကို အခု မေလကုန်ပိုင်းမှာ ကျင်းပဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။

တရုတ်ပြည်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတွေမှာ အခြေပြုနေတဲ့ KIA အပါအဝင် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေ အားလုံးစုံစုံညီညီနဲ့ ဒီပင်လုံညီလာခံကို တက်ရောက်လာနိုင်ဖို့ အရေးဟာ လက်ရှိ စစ်ရှိန်ကို လျှော့ချနိုင်ခြင်း မရှိတာကြောင့် ပင်လုံငြိမ်းချမ်းညီလာခံဟာ ခါတိုင်းလို နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းရတော့မယ့် အနေအထားကနေ တိုးတက်လာဖို့ မျှော်လင့်ချက် မရှိသလို ဖြစ်စေပါတယ်။

တနိုင်းဒေသတွင်းက KIA နဲ့ တပ်မတော် အကြားအခုလို တိုက်ပွဲတွေဖြစ်ပွားရတဲ့ လတ်တလောအကြောင်းကို လေ့လာကြည့်တဲ့အခါ ဒေသတွင်းမှာရှိတဲ့ KIA တပ်ဖွဲ့တွေအနေနဲ့ အစိုးရအုပ်ချုပ်ရေး နယ်မြေတွင်းအထိ ဆက်ကြေးကောက်တာ တွေ၊ အစိုးရဝန်ထမ်းတွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ နှောင့်ယှက်တိုက်ခိုက်တာတွေရှိတာကြောင့် အစိုးရရဲ့ အုပ်ချုပ်ရေးလုပ် ငန်းတွေ ခိုင်မာစွာ လည်ပတ်နိုင်အောင် နယ်မြေရှင်းလင်းရေး လုပ်ခြင်းဖြစ်တယ်လို့ တပ်မတော်က အကြောင်းပြချက် ပေးထားပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက၊ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက် နေ့မှာ တနိုင်းဒေသအတွင်း တပ်မတော်က တိုက်ခိုက်ခဲ့တဲ့ အောင်လော့ KIA တပ်မဟာ (၂) ဌာနချုပ်ဟာ တနိုင်းဒေသတွင်းက သူထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပုဂ္ဂလိက ရွှေတူးဖော်ရေးလုပ် ငန်းတွေ အများအပြားကို ခွင့်ပြုလုပ်ကိုင်စေပြီး အခွန်ကောက်ခံ မှုတွေနဲ့ အလွန်ဝင်ငွေကောင်းခဲ့တယ်လို့ ဆိုပါတယ်။

KIA ဟာ အဲဒီရွှေလုပ်ငန်း အခွန်တွေကနေ တစ်လကို သိန်းပေါင်း ၂ သောင်းလောက် ပုံမှန်ဝင်ငွေ ရရှိနေခဲ့တယ်လို့ဆိုပါတယ် ။ အဲဒီလို ကြီးမားတဲ့ ဝင်ငွေကို ပုံမှန်ရှာဖွေပေးနေတဲ့ တပ်တစ်ခုဖြစ်တဲ့ အောင်လော့ကို တပ်မတော်အနေနဲ့ အခုလို တိုက်ခိုက်သိမ်းပိုက်ပြီး အဲဒီ ဒေသအဝန်းအဝိုင်းကို ထိန်းချုပ် လိုက်တာဟာ KIA ကို စစ်ရေးအရတင်မက စီးပွားရေးအရပါ အကြီးအကျယ် ထိုးနှက်လိုက်တာ ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ကတော့ KIA ကို နိုင်ငံရေး စားပွဲဝိုင်းကနေ ဝေးဝေးကို မောင်းထုတ်လိုက်တဲ့သဘောပါပဲ။ ဒီလိုရည်ရွယ်ချက်ကြီးမားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တစ်ခုအနေနဲ့ အစိုးရက စစ်ဆင်ရေးတွေ လုပ်လာတာကို ကြောက်ပြီး နိုင်ငံရေး ဆွေးနွေးလာရတယ် ဆိုတာမျိုး KIA ဘက်က အဖြစ်ခံမှာ မဟုတ်ပါဘူး။

ဆွေးနွေးပွဲတွေမှာ ကိုယ်က အောက်ကျနောက်ကျဖြစ် သွားပြီး ကိုယ်လိုလားရာကို မာမာတင်းတင်း ဆွေးနွေးတောင်းဆိုနိုင်တဲ့ အခြေအနေလည်း မရှိတော့တာဖြစ်လို့ ဒီလိုသဘောတရား မျိုးနဲ့တော့ KIA ဟာ စားပွဲဝိုင်းဆွေးနွေးပွဲကို ရောက်မလာနိုင်ဘူး လို့ မြင်ပါတယ် ။

ဒီကြားထဲမှာ အကျိုးဆက်အနေနဲ့ လူမျိုးရေးဝါဒတွေ အားကောင်းလာနိုင်ပြီး အခုလို ဒုက္ခသည်ကိစ္စ၊ ဒေသတွင်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး ကိစ္စတွေကိုအကြောင်းပြုပြီး နိုင်ငံရေး လှုံဆော်လှုပ်ရှားမှုတွေ အားကောင်းလာဖို့ ရှိနေ ပါတယ်။

ကချင်ဒေသအတွင်း အနှံ့အပြား စစ်မီးတွေ ကူးစက်တောက်လောင်ပြီဆိုရင် ပင်လုံညီလာခံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ မြောက်ပိုင်းဒေသတစ်ခုလုံး ပါဝင်နိုင်ခြင်းမရှိတဲ့ အခြေ အနေကို ရောက်သွားစေမှာပဲ ဖြစ်ပါတယ်။

စစ်ရှောင်ဒုက္ခသည်တွေ နေ့တိုင်း တိုးပွားလာခြင်းနဲ့ ပိတ်မိနေတဲ့ ဒုက္ခသည်တွေ ရှိနေကြောင်းပြောဆိုပြီး နောက်ဆက်တွဲ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်နေတဲ့အပေါ်မှာ အချို့သော ဘာသာရေးခေါင်းဆောင်တွေဟာ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေပြီး မလိုအပ်ဘဲ ရွာသားတွေကို ရွာတွေစွန့်ပြီး ဒုက္ခသည်အဖြစ် ထွက်ခိုင်းနေတယ်ဆိုတယ်လို့ တပ်မတော်က အခိုင်အမာ ယူဆထားပါတယ်။

အခုချိန်မှာတော့ အစိုးရနဲ့ တပ်မတော်က တွေးထင်ထားသလို ကချင်ပြည်နယ်အရေးဟာ ရခိုင်ပြည်နယ် မောင်တောပဋိပက္ခအရေးလို ဘာသာရေး လူမျိုးရေးဘက်ကို လုံးလုံးလှည့်သွားဖို့တော့ မဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ် ။

အကြောင်းကတော့ ရခိုင်ကိစ္စမှာ မွတ်စလင်တွေ သိန်းနဲ့ချီပြီး တစ်ဖက်နိုင်ငံကို အုံနဲ့ကျင်းနဲ့ ထွက်ပြေးကြသလိုမျိုးကချင်ဒေသခံတွေကလည်း အလုံးအရင်းနဲ့ တညီတညွတ်တည်း၊ တစ်စုတစည်းတည်း တစ်ဖက်နိုင်ငံကို ပြေးကြမှာ မဟုတ်နိုင်လို့ပဲ ဖြစ်ပါတယ်။

အဲဒီလိုအခြေအနေအထိ ဖြစ်လာဖို့ဆိုတာ ကချင်ပြည် နယ်အတွင်းမှာ နေထိုင်သူအများစုအနေနဲ့ သူတို့ရဲ့ လူမျိုးရေးဘာသာရေး ခံယူချက်အမြင်တွေကို နိုင်ငံရေးနည်းနဲ့ ဖြစ်ဖြစ် စစ်ရေးနည်းနဲ့ဖြစ်ဖြစ် စုပေါင်းရပ်ခံကြတဲ့ လှုပ်ရှားမှုတွေ အခုထက် ပိုပြီး လုပ်ကြမှ ဖြစ်နိုင်ပါလိမ့်မယ်။

အခုအနေအထားမှာတော့ တနိုင်းဒေသရဲ့ စစ်ရေး ဂယက်ဟာ ကချင်လူထုရဲ့ လူမျိုးရေး ဘာသာရေး ပေါက်ကွဲမှုရေချိန်အထိရောက်အောင် တွန်းပို့နိုင်တဲ့ အတိုင်းအတာအထိ မဖြစ်နိုင်သေးတာကြောင့်ပါပဲ။


အိုအိုင်စီ ရဲ့ ဒါကာကြေညာချက်နဲ့ အနာဂတ် နိုင်ငံတကာဖိအား 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိခိုလှုံနေကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ဆိုထားတဲ့အတွက် ဒုက္ခသည်တွေ ပြန်ပို့ဖို့ စီစဉ်ရုံ ကလွဲပြီး တခြားဘာမှ ဆက်လုပ်လို့ မရတော့ပါဘူး။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရဟာ ကိုယ့်လက်ထဲရောက်ပြီးသား ဒုက္ခသည်တွေနဲ့ ဒီအတွက် နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေကို ကောင်း ကောင်း အသုံးမချလိုက်ရဘဲ အခုလိုလွယ်လွယ်နဲ့ လက်လွှတ်ပေး လိုက်ချင်ပုံမရဘူးလို့ထင် ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ မြန်မာနိုင်ငံနဲ့ သဘောတူညီချက်ရှိထားပြီးတဲ့အလျောက် ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ရေးကို သဘောတူညီချက်တွေအတိုင်း စီစဉ်ဆောင်ရွက်ခြင်း မရှိဘဲ မြန်မာဘက်က လက်ခံဖို့ အသင့်ဖြစ်နေသည့်တိုင်အောင် သူတို့ဘက်က နှောင့်နှေးကြန့်ကြာနေပြီး တစ်ဖက်မှာတော့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်လည်လက်ခံလာအောင် ဖိအားပေးဖို့ နိုင်ငံတကာကိုတောင်းဆိုနေပါတယ်။

ဒုက္ခသည်အရေအတွက် မြန်မာနိုင်ငံနဲ့ ဆွေးနွေးဆောင်ရွက်နေတဲ့ နေရာ ရှေ့တိုးနောက်ဆုတ်မရတဲ့ ကိစ္စမျိုး အခက်အခဲမျိုးတွေမရှိပါပဲ ဘာကြောင့်မြန်မာနိုင်ငံကို ဖိအားပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို စည်းရုံးလှုံ့ဆော်နေသလဲဆိုတာဆိုတာကတော့စဉ်းစားစရာရှိလာပါတယ်။

မြန်မာနိုင်ငံကနေထွက်ပြေး ခိုလှုံလာတဲ့ သိန်းချီသော မွတ်စလင် ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက နိုင်ငံရေးအတွက် အသုံးချနေတယ်လို့ သုံးသပ်နေကြတာလည်း ရှိပါတယ်။

မည်သို့ပင်ဆိုစေ ဒုက္ခသည်တွေ မြန်မာပြည်ပြန်ပို့ဖို့ နိုင်ငံတကာဖိအားကို တောင်းဆိုနေတဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လက်တွေ့မှာ အဲဒီ ဒုက္ခသည်တွေ ပြန်ပို့လိုက်ရမှာ နှမြောနေသလိုဖြစ်ပါတယ်။

အကယ်၍ ဒုက္ခသည်တွေ အတိုင်းအတာတစ်ခုအထိ မြန်မာပြည်ကိုပြန်ရောက်သွားရင် မြန်မာပြည်အပေါ်စွပ်စွဲထား
တဲ့ လူမျိုးတုံး ရှင်းလင်းမှု စွဲချက်တွေဟာလည်း ကြိုးလျော့ အသံပျော့ကုန်မှာဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာ ဘက်ပြန်ရောက်သွားတဲ့ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေး အတွက် မြန်မာနိုင်ငံနဲ့ အပြုသဘောဆက်ဆံရေးတွေလုပ်ပြီး၊ အကူအညီတွေလည်းခွဲပေးရတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းတွေကနေ တစ်ဆင့် မြန်မာနိုင်ငံကို ဖိအားပေးဖို့ ကြိုးစားပေမယ့် ကုလသမဂ္ဂ ကွင်းမှာတော့ တရုတ်နဲ့ ရုရှားဟာ အားကောင်းတဲ့ ဖြတ်မျဉ်းတွေဖြစ်နေပါတယ်။

ဒါကြောင့် သေချာတဲ့ OIC ကစားကွင်းကို အားပြုကစားဖို့ကြိုးစားရင်း ဒါကာကြေညာချက်နဲ့ မြန်မာနိုင်ငံကို ဖိအားပေးဖို့ နိုငိငံတကာအသိုင်းအဝိုင်းမှာ လှုံ့ဆော်ရေး ကော်မတီတစ် ရပ်ဖွဲ့စည်းဖို့ အကြောင်းဖန်လာခဲ့တယ်လို့ယူဆပါတယ်။

သို့သော်လည်း OIC ရဲ့ ချဉ်းကပ်မှု က ဘာသာရေးကို ဇောင်းပေးလို့မရဘဲ မြန်မာနိုင်ငံက မွတ်စလင်ဘာသာဝင်တွေ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု မရှိစေဖို့နဲ့မျှတတဲ့ အကာအကွယ်ပေးမှုကိုသာ ဦးတည်နိုင်မှာဖြစ်ပါတယ်။

ဘင်္ဂလားဒေရှ် အနေနဲ့ မြန်မာ နိုင်ငံကို ဖိအားပေးဖို့ ဘယ်လိုပဲ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပူးပေါင်းကူညီမှုကို ရရှိအောင် ကြိုးစားစေကာမူ ဒုက္ခသည်တွေပြန်လည်လက်ခံရေးနဲ့ ကိုဖီအာနန် အကြံပြုချက်အကောင်အထည်ဖော်ရေးဆိုတဲ့ ဖြေဆေး solutions က ပိုပြီးအစွမ်းထက်နေပါသေးတယ်။

အဲဒီနှစ်ချက်ကို တစိုက်မတ်မတ်နဲ့ အမြန်ဆုံး အကောင်အထည်ဖေါ်သွားနိုင်မယ်ဆိုရင် ဘင်္ဂလားဒေ့်ရှ် ရော OIC ပါ ခရီး တိုလေးနဲ့ လမ်းဆုံးသွားနိုင်ပါတယ် ။ ဒါကြောင့် ဒါကာ ကြေညာ ချက်ဟာ မြန်မာနိုင်ငံအနေနဲ့ အမှုထားလောက်တဲ့ အနာဂတ်နိုင်ငံ တကာဖိအားတစ်ခုဖြစ်လာနိုင်မယ်လို့ မထင်မိကြောင်းပါ ။

Written by သီဟသွေး

Advertisements
<

Leave a Reply