Advertisements

မိန်ဗလာတောင် ဂျပန်ခေတ် လက်ကျန်ပစ္စည်း တူးဖော်မှုဂယက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဘာပြောသလဲ

သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာရှိ မိန်ဗလာတောင်တွင် ဒုတိယကမ္ဘာစစ် ဂျပန်ခေတ် လက်ကျန်ပစ္စည်းများကို ကုမ္ပဏီတစ်ခု အား တူးဖော်ခွင့် ပေးအပ်ထားမှုအတွက် ဒေသခံများ စိုးရိမ်မှုမြင့်တက်လာသည်။ အကြောင်းအရင်းမှာ ဂျပန်တို့ ထောင်ထားသည့်ဗုံးများရှိသည်ဟု ယုံကြည်သဖြင့် ယခုလို တူးဖော်မှုကြောင့် ပေါက်ကွဲလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

အစိုးရအဖွဲ့ကမူ အဆိုပါ တောင်တွင် Royal Eagle Development group ကုမ္ပဏီကို ကနဦး လေ့လာစမ်းသပ်မှုပြုလုပ်ရန်သာ ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ သို့သော်လည်း ကုမ္ပဏီသည် ထိုတောင်၌ စက်ယန္တရားဖြင့် တူးဖော်မှုများကို ဆောင်ရွက်နေသည်။

ထိုကိစ္စအတွက် ဒုတိယအကြိမ် မွန်ပြည်နယ် ဒသမပုံမှန်အစည်းအဝေး ပထမနေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကယခုလို ထုတ်ဖော်ပြောဆိုလိုက်သည်။

Advertisements

မိန်ဗလာတောင်၌ ဂျပန်ခေတ် လက်ကျန်ပစ္စည်းတူးဖော်လိုသည့် ကုမ္ပဏီ ငါး ခု အထိရှိနေသည်။ ကုမ္ပဏီများသည် အထောက်အထား အချက်အလက်ခိုင်ခိုင်လုံလုံ မရှိခြင်းနှင့် စိတ်ကူးစိတ်သန်းဖြင့် တူးဖော်လိုသည့် ကုမ္ပဏီများလည်း ရှိ
သည်။

ယခုတူးဖော်ခွင့် ပေးအပ်ထားသည့် ကုမ္ပဏီမှာပြည်ထောင်စု လွှတ်တော်ထောက်ခံချက် အပါအဝင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖွဲ့၏ ထောက်ခံချက်များဖြင့် လာရောက်တင်ပြခြင်း ဖြစ်သည်။

ထိုသို့ တင်ပြရာတွင် အချက် သုံး ချက်ဖြင့် ကမ်းလှမ်းလာခဲ့သည်။ (၁) ကုမ္ပဏီကို လုံခြုံရေးပေးရန်၊ (၂) တူးဖော် စရိတ်ပြည်နယ် အစိုးရကျခံရန်၊ (၃) တူးဖော်မှုမှရရှိလာသည့် ပစ္စည်းများကို ကုမ္ပဏီအား ၃၀ ရာခိုင်နှုန်းပေးရန် ဖြစ်သည်။

ကုမ္ပဏီ၏ ကမ်းလှမ်းချက်ကို ရက်ပေါင်းများစွာ စဉ်းစားပြီး အဖြေပေးခဲ့သည်။ အဖြေမှာ တူးဖော်စရိတ်မပေးရန်၊ လုံခြုံ
ရေးအတွက် ယခင်ထက်နယ်ထိန်းရဲတစ်ဦး ပိုချပေးရန် ၊ တူးဖော်ရာတွင်ပစ္စည်းတွေ့ပါက လုပ်ငန်း ရပ်ဆိုင်းရန် ဖြစ်ပြီး ထို
အချက်များကိုကုမ္ပဏီမှ လက်ခံခဲ့သည်။ ကုမ္ပဏီစမ်းသပ်လေ့လာနေစဉ် အချိန်အတွင်း စောင့်ကြည့်သူမျာချထားသည်။

ကုမ္ပဏီကို တူးဖော်ခွင့် ပေးအပ်ထားခြင်း မရှိဘဲ စမ်းသပ်လေ့လာခွင့်ကိုသာ ပေးအပ်ထားသည်။ စမ်းသပ်လေ့လာခွင့်မှာ သုံးလအတွင်းဖြစ်ပြီး သုံးလပြည့်ပါကလေ့လာခဲ့သည့် နေရာတွင် သစ်ပင်များ ပြန်လည်စိုက်ပျိုးရန်ဖြစ်သည်။

ဒေသခံ စိုးရိမ်မှုအတွက် စစ်ပြီးသည်မှာ နှစ်ပေါင်း ၇၀ကျော်ရှိလာပြီးဖြစ်သဖြင့် ပေါက်ကွဲမှုဖြစ်လျှင်လည်း ပြင်းပြင်းထန်ထန်မဖြစ်နိုင်ပေ။

ထို့ကြောင့် ပြည်သူများမစိုးရိမ်ကြရန်နှင့် ပြည်သူများစိုးရိမ်စေရမည့် အလုပ်မျိုးကို သံဖြူဇရပ်တွင်ကြီးပြင်းလာသောသူဖြစ်၍ လုပ်ဆောင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ယခုလို စမ်းသပ်လေ့လာခွင့် ပေးအပ်ထားသည့် အကြောင်း ကိုလည်း ပြည်ထောင်စုအစိုးရ ထံတင်ပြထားပြီးဖြစ်ကြောင်း ပြောဆိုသည်။

ပြည်သူများ၏ စိုးရိမ်ပူပန်မှု

ဝဲကဝါ ကျေးရွာ ဒေသခံ ဦးညို

သူတို့ တူးနေတာနဲ့ ပတ်သက်ပြီး အထဲကိုလည်း ဝင်ခွင့်မပြုထားဘူးဆိုတော့ ဒီတိုင်းပဲစောင့်ကြည့်နေရတာပေါ့။ ခြံကလည်း သူတို့ တူးတဲ့အနားမှာပဲဆိုတော့ ဘာဖြစ်လာမလဲဆိုတာ စိုးရိမ်တာပေါ့၊ နောက်ပြီး သူတို့တူးနေတာက ဘယ်လိုပုံစံနဲ့ တူးနေလည်း ဆိုတာ မသိရဘူး။

ကျွန်တော်တို့ရဲ့ ခြံတွေမှာက ဒူးရင်း၊ ရော်ဘာ၊ ကွမ်း ၊ စတာ တွေစိုက်ထားတာရှိတယ်၊ သူတို့ တူးနေတဲ့ နေရာနဲ့က သိပ်မဝေးတဲ့အတွက် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပျက်စီးမှာကိုလည်း စိုးရိမ်တယ်။ သူတို့ဘယ်လိုတူးနေလဲ ဆိုတာမှမသိရတဲ့အတွက် တစ်ချိန်မှာ အပင်တွေရဲ့ ရေသောက်မြစ်တွေ ပျက်စီးမှာလည်း စိုးရိမ်တယ်။

ကျွန်တော်တို့ အဘိုးတုန်းက ပြောခဲ့တာတွေကြားခဲ့ဖူးတယ် သူကတော့ အဲ့ဒီတုန်းက အလုပ်သမားဖြစ်ခဲ့ဖူးတယ်၊ သူ့အသက် ၉၈ နှစ်က ဆုံးသွားတာ၊ ဒီပစ္စည်းတွေသယ်တုန်းက စစ်လက်နက်ပစ္စည်းတွေ မိုင်းတွေလည်းပါတယ်လို့ ပြောခဲ့ဖူးတယ်။ အဲ့တာတွေ ပေါက်ကွဲမှာကိုလည်းစိုးရိမ်တာပေါ့။

ဒီမှာတုန်းက သံဖြူဇရပ်က ဝန်ကြီးနဲ့ ဆုံသေးတယ်။ သူတို့တူးနေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို ဝင်ကြည့်ခွင့်ပြုပါလားလို့ ဝန်ကြီးကိုမေးတဲ့အခါ ဝန်ကြီးက သူကိုယ်တိုင်တောင်မှ ဝင်ခွင့်မရဘူးဆိုပြီး ပြန်ပြောလာတယ်။ သူကတော့ ပြောတာပေါ့ မစိုးရိမ်ဖို့အတွက် နောက် တစ်နေ့နေ့တစ်ချိန်ချိန်မှာ အကျိုးဖြစ်ရင် ခြံပိုင်ရှင်တွေလည်း အကျိုးခံစားခွင့်ရမယ်လို့ သူပြောတယ်။ သူတို့တူးတဲ့အချိန်ကစပြီး ခြံထဲလည်း သိပ်မသွားဖြစ်တော့ဘူး။

ဝဲကဝါ ကျေးရွာ ဒေသခံ ဦးအောင်ကိုမြင့်

ဘယ်လိုစိုးရိမ်လဲဆိုတော့ ခြံတွေပျက်စီးမှာကို အဓိက စိုးရိမ်တယ်။ သူတို့တူးနေတာက စက်တွေနဲ့တူးနေတာ။ ဒီလိုတူးနေတာနဲ့ ပတ်သက်ပြီး ခြံရှင်တွေကို အသိပေးတာ ညှိနှိုင်းတာမျိုးတွေလည်း လုပ်တာမရှိတဲ့အတွက် ဘယ်လိုများ ဆက်ဖြစ်မလဲဆိုတာတော့ စိတ်ပူတာပေါ့။

ဝန်ကြီးကတော့ မစိုးရိမ်ဖို့ပြောပေမယ့် ကျွန်တော်တို့တွေက ဒီခြံနဲ့ပဲ လုပ်ကိုင်စားသောက်ရတာဆိုတော့ ဒီခြံမရှိတော့ရင် ကျွန်တော်တို့အတွက်က တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်တဲ့အတွက် ဒီခြံကိုလည်း မပျက်စီးအောင် ဝန်ကြီးတွေကတော့ မစိုးရိမ်ဖို့ပြောဆိုပေမယ့် ဘယ်လိုမစိုးရိမ်ဖို့အတွက်ကို ပြောတာလဲ ၊သူတို့တူးနေတဲ့အနေအထားက ဘယ်လိုပုံစံမျိုးနဲ့တူးနေတာလဲ မသိရဘူး ၊ဖောက်ပြီး လိုဏ်ခေါင်းပုံစံတူးနေလား၊ တွင်းတူးသလို တည့်တည့်တူးတာလားး ဘာမှန်းမသိရတဲ့အတွက် အဲ့ဒီအပေါ်မှာ စိုးရိမ်တာ။

အဖိုးအဖွားတွေလက်ထက်ကတည်းက ပြောထားတာတွေလည်းရှိတယ်လေ၊ ဂျပန်ကတော့ ပစ္စည်းတွေကို ဒီအတိုင်းပဲ ချန်သွားမှာတော့မဟုတ်ဘူး၊ ကျွန်တော်တို့ဆိုလည်း အခု သုံးနေတဲ့ ဂျပန်ပစ္စည်းတွေလည်းရှိနေတာပဲ ၊ဂျပန်ပစ္စည်းတွေက ခိုင်မာတယ် ၊အရည်အသွေးလည်းကောင်းတယ်။

သူထားခဲ့မယ့် စက်ယန္တရား ပစ္စည်းတွေက လည်း ကောင်းနိုင်တဲ့အတွက် အဲ့ဒီအပေါ်မှာလည်း တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်။ ကျွန်တော်တို့ ရော်ဘာခြံတွေဆိုတာက ညမှာ အစေးခြစ် ၊နေ့မှာ အလုပ်လုပ်ရတာ ၊ခြံထဲမှာဆိုတော့ စိုးရိမ်တာပေါ့

ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်တာကတော့ ခြံရှင်တွေအားလုံးကိုခေါ်ပြီး ဘယ်လိုလုပ်ပေးနိုင်တယ် သူတို့လုပ်ဆောင်နေတာကတော့ ဘယ်လိုအတိုင်းအတာမျိုးပါဆိုပြီး ရှင်းရှင်းလင်းလင်း ပြောစေချင်တယ်။

Written by သက်ပိုင်

Advertisements

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်