ရေကြီးမှုကြောင့် သိုလှောင်ဆား ကျပ်သိန်း ၄၀၀၀ ဖိုး ဆုံးရှုံး

3

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်တွင် ဇွန် ၁၇ရက် နံနက်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ အတွင်းရှိ ဆားဂိုထောင်မှ သိုလှောင်ဆား ပိဿာချိန် ၂၅ သိန်းခန့်၊ တန်ဖိုး ကျပ် သိန်း ၄၀၀၀ ဖိုး ဆုံးရှုံးခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အဆိုပါ ဆားများသည် ဆားဂိုထောင်အတွင်း ရေဝင်ရောက်မှုကြောင့် အရည်ပျော်၍ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ဆားဂိုထောင်တွေမှာ ဆားတွေ လှောင်ထားတယ်၊ မမျှော်လင့်ဘဲ ရေကတက်လာတော့ ဆားတွေ ရေမြှုပ်ကုန်တာပေါ့၊ ဆားဂိုထောင်တွေကလည်း နိမ့်တယ်လေ။ လုပ်ငန်းရှင်တွေအဓိက ထိခိုက်တာပေါ့”ဟု ဝန်ကြီးက ဆိုသည်။

ရေကြီးမှုကြောင့် နေလှန်းထားသော ဆားများအပြင် ဂိုထောင်ထဲမှ ဆားများလည်းပျက်စီးခဲ့၍ စျေးကွက်အတွင်းဆား စျေးတက်လာနိုင်ကြောင်း ပငကျေးရွာ၊ ဆားကွင်းစီမံကိန်း၊ မန်နေဂျာ ဦးကျော်လွင်က ပြောကြားသည်။

“သိမ်းထားတဲ့ ဆားတွေနည်းသွားလို့ စျေးပိုတာက ရတယ်၊ တစ်ခု သတိထားရမှာက စျေးဆွဲတယ်ဆိုရင်နိုင်ငံခြားဆားထက် စျေးကတော့ ပိုသွားလို့မရဘူးလေ။ ပိုသွားရင်တော့ နိုင်ငံခြားဆားက ဝင်လာမှာပဲ”ဟု၎င်းက ဆိုသည်။

လက်ရှိတွင် ဆားကြမ်းတစ်ပိဿာလျှင် ၁၆ဝ ကျပ်ရှိနေပြီး ဆားချောတစ်ပိဿာလျှင် ၂ဝဝ ကျပ်မှ၂၂ဝကျပ်ထိ ရှိနေကြောင်းဆက်လက်ပြောသည်။

မွန်ပြည်နယ်တွင် နေလှန်းဆား ထုတ်လုပ်မှုကို ပေါင်၊ ဘီးလင်း၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် လုပ်ကိုင်လျက်ရှိပြီး သံဖြူဇရပ် ငပဆားကွင်းမှာ တန်ချိန်အများဆုံး ထုတ်လုပ်နေသည်။

Written by ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်