မွန်ပြည်နယ်တွင် စာသင်ကျောင်း ၈၆ ကျောင်းကိုအဆင့်တိုးမြှင့်

383

မော်လမြိုင်၊ မေ ၃၀ ။ ။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ကာမွန်ပြည်နယ်အတွင်းရှိကျောင်းနေအရွယ် ကလေးသူငယ်တိုင်းပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်း ၈၆ ကျောင်းကိုအဆင့်တိုးမြှင့်ထားကြောင်းမွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင့်အောင်ကပြောကြားသည်။

သားႀကီး IMG_8881 copy
“အစိုးရအသစ်အနေနဲ့ အခုနောက်ပိုင်းတွင် မူတွေကိုဖြေလျော့ပေးလိုက်တယ်၊ ဥပမာအရင်ကအလယ်တန်းကျောင်းတိုးခွင့်ပေးဖို့ဆိုရင် ကျောင်းသား ၂၄၀ ရှိရမယ်၊ အခုနောက်ပိုင်း အဲဒီအပေါ်မှာဖြေလျော့ပေးလိုက်တယ်”ဟု ၎င်းက ဆိုသည်။

ယခုနှစ် အဆင့်တိုးမြှင့်ထားသည့် ကျောင်းများတွင် အထက်တန်းကျောင်းခွဲ မှ အထက်တန်းကျောင်းအဆင့် နှစ်ကျောင်း၊ အလယ်တန်းကျောင်းခွဲ မှ အလယ်တန်းကျောင်းအဆင့် တစ် ကျောင်း၊ အလယ်တန်းကျောင်း မှ အထက်တန်းကျောင်းခွဲအဆင့် ခြောက်ကျောင်း၊ အလယ်တန်းကျောင်းခွဲအဆင့် ၂၂ ကျောင်း၊ မူလတန်းလွန် အဆင့်် ၃၃ ကျောင်း၊ မူလတန်းကျောင်းခွဲအဆင့် ၉ ကျောင်း နှင့် မူလတန်းကျောင်းအဆင့် ၁၃ ကျောင်းတို့ ပါဝင်ကြောင်း ၎င်းကပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှင့် မွန်ပြည်နယ် အခြေခံပညာဦးစီးဌာနရန်ပုံငွေ စုစုပေါင်းကျပ်သန်း ၅၉၆ဒသမ ၆၁၀ဝ ကျပ်ရရှိထားကြောင်းအဆိုပါ ဌာနမှသိရသည်။

ထို့နောက် မွန်ပြည်နယ်ရှိကျောင်းများကို ပြန်လည် ပြင်ဆင်ရန်အတွက် သိန်း၅၀အထိ ကျောင်းများပြင်ဆင်ရန် ကျပ်သန်း ၁၇၈ ဒသမ ၉၈၃၀ကျပ်၊ သိန်း ၁၀ဝအထိ ကျောင်းများပြင်ဆင်ရန် ကျပ်သန်း ၁၇၈ ဒသမ ၉၈၃၀ ကျပ်နှင့် အကြီးစားပြင်ဆင်ရန် သိန်း၁၀ဝအထက် ၂၃၈ ဒသမ ၆၄၄၀ ကျပ်တို့ ရရှိခဲ့ကြောင်း မွန်ပြည်နယ် အခြေခံပညာဦးစီးဌာနမှ သိရသည်။

ထို့အပြင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျိုက်ထိုမြို့နယ်တွင် ရှစ်ကျောင်း၊ ကျိုက်မရောမြို့နယ်တွင် ၁၀ကျောင်း၊ဘီးလင်းမြို့နယ်တွင် ၁၂ကျောင်း၊မုဒုံမြို့နယ်တွင် ၉ ကျောင်း၊ သံဖြူဇရပ်တွင် ၁၆ကျောင်း၊ သထုံမြို့နယ်တွင်၁၃ကျောင်း၊ ချောင်းဆုံမြို့နယ်တွင် ၁၀ ကျောင်း၊ ပေါင်မြို့နယ်တွင် ၁၃ကျောင်း၊ မော်လမြိုင်မြို့နယ်တွင်၉ ကျောင်း၊ ရေးမြို့နယ်တွင် ရှစ်ကျောင်း၊ ကျောင်းဆောင်သစ်များကိုကျပ်သန်းပေါင်း ၄၆၈၀ ဒသမ ၈၀ကျပ် ကုန်ကျခံဆောင်လုပ် လျက်ရှိကြောင်းမွန်ပြည်နယ် အခြေခံပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျောင်းများတွင် ဆရာ/ဆရာမများနှင့် ကျောင်းသုံးပစ္စည်များကိုထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ခွင့် အခွင့်အရေးရရှိရေးအတွက် မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိပညာသင်ခွင့်ရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဦးမျိုးတင့်အောင်ကပြောကြားသည်။
မွန်ပြည်နယ်တွင် ပညာရေးဝန်ထမ်းများအဂတိကင်းရှင်းရေးအတွက် ယခုနှစ် ပညာသင်နှစ်ကစပြီးလက်ဆောင်ပစ္စည်း၊ လာဘ်ပေးလာဘ်ယူမှု ကင်းအောင် မည့်သည့်ပစ္စည်းများမှ မယူရလို့ ကြေညာချက်များထုတ်ပြန်ထားပြီးဖြစ်ရာလိုက်နာမှုမရှိပါကထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်နယ်အတွင်းပညာရေးဝန်ထမ်းများလာဘ်ပေးလာဘ်ယူမှုကိုသိရှိပါကဌာနဆိုင်ရာအရေးယူမှု၊ ရှေးဦးစုံစမ်းအရေးယူမှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၏ မွန်ပြည်နယ်ခရီးစဉ်တွင် “ကျောင်းအပ်နှံတဲ့နေ့ မဟုတ်ဘူးပညာသင်နှစ်တစ်နှစ်လုံးကိုမည်သည့်အခကြေးငွေ မည်သည့် လက်ဆောင်ပစ္စည်းများကိုမှမယူကြဖို့ကို ကျွန်တော်တို့ ဆောင်ရွက်နေသလိုမိဘပြည်သူများကိုလက်ဆာင်ပစ္စည်းမပေးဖို့ ထုတ်ပြန် အသိပေးသွားမှာ ဖြစ်တယ်”ဟုပြောဆိုခဲ့သည်။
ကျောင်းသားမိဘများကကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာရှိလို့ လာရောက်လှူဒါန်းသောငွေများကိုသာလက်ခံပြီးကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာအသုံးပြုကြပါကြောင်းဒေါက်တာမျိုးသိမ်း ကြီးကပြောကြားခဲ့သည်။

လက်ရှိမွန်ပြည်နယ်တွင် အထက်တန်းကျောင်းပေါင်း ၉၀ ကျောင်း၊ အထက်တန်းခွဲကျောင်းပေါင်း ၆၈ ကျောင်း၊ အလယ်တန်းကျောင်ပေါင်း ၃၈ ကျောင်းနှင့် မူလတန်းကျောင်းပေါင်း ၉၀၂ ကျောင်းတို့ ရှိနေကြောင်းမွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

ဇော်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်