ကပ်သင့်နေသော ရွာသားများ

ကြက်ဆူတောရွာသားများကား ကပ်ကြီးသုံးပါးဖြစ်သော ဒု ဗ္ဘိက္ခန္တရကပ်၊(အစာရေစာငတ်မွတ် ခေါင်းပါးခြင်းဘေး)၊ သတ္ထန္တရကပ်(တိုက်ခိုက်သတ်ဖြတ်စစ်မက်ဖြစ်ပွားခြင်းဘေး)၊ ရောဂါန္တရကပ်( အနာ ရောဂါကျရောက်သေကြေပျက်စီးခြင်း) တည်းဟူသော ကပ်ကြီးသုံးပါးအပြင်၊ နောက်တိုး ဘေးအန္တရာယ်များဖြစ်သော၊ MPT, TELENOR, OREDOO,MY TEL စသောကတ်ကြီးလေးပါး၏ မတရားနှိပ်စက်ခြင်း ကိုလည်း ခံရရှာသေးချေ၏။

ကြက်ဆူတော ဘိုးဘေးဘီဘင်တို့လက်ထက်က ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ၍၊ ထမင်းရည်ချောင်းစီးအောင် ချက်ပြုတ်ကာ မောင်းတီးပြီးအလှူပေးခဲ့ကြလေသည်။ ထိုကာလများက သူရို့ လက်သုံးစကားကား ကြက်ဆူတောမှာ ထမင်းငတ်ပြီးသေတဲ့မသာ မရှိပါဘူးဟူ၏။ ဟုတ်ကဲ့ သူရို့လက်ထက်ကမရှိသော်ငြားလည်း ခုခေတ်ကြက်ဆူတောရွာမှာကား ထမင်းငတ်ပြီး အဟာရပြတ်သေသောမသာ၊ ကိုယ့်အချင်းချင်း မသမာသောနည်းများဖြင့် ဂျင်းထည့်ပြီး စီးပွားရှာသောကြောင့် ရောဂါဘယမျိုးစုံရပြီး သေရှာသော မသာ၊ ပေါက်ဖော်ကုန်းသားများ၏ အကြံအဖန်များကြောင့် ရောဂါစွဲပြီး သေရသော မသာနှင့်၊ လွန်လေပြီးသောသူကြီး၊ ဘုရားဒါယကာ ကြောင်ချေး၏ မဟာကရုဏာတော်ကြောင့် လွှတ်ပေးခဲ့ချေသော၊ အကျင့် စရိုက်ကောင်းမောင်မင်းကြီးသားများ၏ လက်သရမ်း လူငယ်သဘာ၀ အကျီစားသန်မှုတို့ကြောင့် သေဆုံးရ သောမသာများ၊ ထို့ပြင် တစ်ဝအရင်ဘဝရှင်သူကြီးမင်းတရား၏ အရေးအခင်းများတွင် မိုးပေါ်ထောင်မပစ်တတ်သူတို့ကြောင့် ကြက်ဆူတောအလုပ်သမားအရေးအခင်း ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းများတွင်လည်း နှိပ်ကွပ်ခံ၍သေရှာလေသော၊ ရန်သူမျိုးငါးပါးတွင်အပါအဝင်ဖြစ်သည့် ရာဇတောဝါကြောင့် သေဆုံးသူများ၊ ထိုအရေးအခင်းများတွင် ပါဝင်ပတ်သက်မိသော ရဟန်းသံဃာများကို ပြည်လမ်း၊အင်းလျားလမ်း စသည့်လမ်းကြောင်းအသွယ်သွယ်မှ အင်းစိန်တောရသို့ ဆွမ်းစားပင့်သွားရင်း၊ ထရပ်ကားများပေါ်တွင် ပုံစံထိုင်သွားရသည့် သံဃာတော်များအား စစ်ဖိနပ်စီးခြေထောက်များဖြင့် ကပ္ပိရင်း “မင်းတို့ပဲဝါကြီးတွေ နေရာတကာရှုပ်တယ်” ဟူသော ဂါထာတော်ကို မပြတ်ရွတ်ဖတ်ဆွမ်းစားပင့်တတ်သော သာသနာ့ဒါယကာ ရာဇတောဝါများကြောင့် နရသိမ်တွင်ဆွမ်းစားအပင့်ခံရရင်း ပျံတော်မူလေရှာသော သံဃာတော်များ စ သည်ဖြင့် တွက်စစ်ကြည့်လျှင်၊ ကပ်ကြီးသုံးပါးဘေးမှ သိပ်မလွတ်လှ။

ဒီနောက်ပိုင်း နှစ်နှစ်ဆယ်ခန့်တွင်၊ ကြက်ဆူတောရွာကို အုပ်ချုပ်ရှာသူ ဘာမဆိုတတ်ကျွမ်းသူတို့ သူကြီးဖြစ်( မဖြစ်လျှင်လည်း၊ မရအရ သူကြီးရာထူးဖြင့် ရွာအားကယ်တင်သူ ) များ၏ ကျေးဇူးတော်အနန္တ ကြောင့်၊ တောစိုများသုဉ်းခဲ့သည်၊ တောင်တွေက အဝီစိတွင်းဖြစ်ခဲ့သည်။ ယောရုဝတွင် နန်းစိုက်နေသော ယမမင်းပင်လျှင် ကြက်ဆူတောသားများ၏ လက်သံပြောင်မှုကို ထိတ်လန့်ခဲ့ရချေသည်။ မတော်မတဲ့ သူဘုံ နန်းထိရောက်အောင် မြေတူးစက်ဖြင့်တူးပြီး သူ့ပိုင်နက်ကိုကျူးကာ သူ့အုပ်ချုပ်မှုကို ထိပါးလာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ထိုအခြေအနေများတွင် ကြီးပွားသွားသူများကား ကြက်ဆူတောရွာသားများမဟုတ်။

ပေါက်ဖော်ကုန်းရွာသားများဖြစ်ကြလေသည်။ ကြက်ဆူတောမှ သစ်တောများကို သူခိုးဈေးဖြင့် အပိုင်ရပြီး အခြားရွာများ၏ ဈေးကွက်တွင် လူကြီးလူကောင်းဈေးနှုန်းဖြင့် ပြန်လည်ရောင်းချနိုင်လေသောကြောင့် သူကား အမြတ်ရပြီးရင်းရ၏။ ကြက်ဆူတောရွာ၏ တူးဖော်မှုဈေးကွက်ကိုလည်း သူကနည်းပညာအသာ စီးရထားသူပီပီ၊ အင်အားအသာစီးရထားသူပီပီ ထင်သလိုချယ်လှယ်ခဲ့လေသည်။

သံကိုဖော်ပြသော်လည်း သံထက်ဈေးကောင်းရသောတွင်းထွက်များ၊ ကြေးကို ခေါင်းစဉ်တပ်သော်လည်း ကြေးထက်ပို၍ တန်ဖိုးရှိ သောပစ္စည်းများကို ရရှိသောကြောင့် ရသမျှအကျိုးမြတ်၊ ချိုးကပ်ပါမကျန်အောင် ခွာစားချင်သောစိတ်နှင့် အရည်ပင်တစ်စက်မှ မကျန်အောင် အရည်ညှစ်သော ကပ်စေးနဲ ကြံကြိတ်သမားကဲ့သို့ ကြက်ဆူတောကို ထင်သလိုချယ်လှယ် လေတော့၏။

သူတို့၏တာဝန်မဲ့မှုကြောင့် တောင်ကတုံးဖြစ်ရာမှ မိုးရာသီစပြီဆိုသည်နှင့် တောင်ကျရေလိမ့် မြေ ဆီလွှာတိုက်စားမှုဖြစ်ကာ မြစ်များ ချောင်းများတွင် အနည်ပို့ချကြ၏။ အောက်ခံမြေသားမြင့်တက်လာမှု ကြောင့် မြစ်ချောင်းများရေစီးရေလာမကောင်းတော့ ထို့ကြောင့်မိုးဟေ့ဆိုသည်နှင့် ယခင်ကကြက်ဆူတော အထက်ပိုင်း ရေရှားပါးဒေသများတွင်ပင် ရေကြီးပြီး

ထမင်းထုပ်စားကြရ၏။ ရေကျသွားသောအခါတွင်လည်း သောက်ရေ၊ သုံးရေမသန့်ရှင်းမှု ဝန်းကျင်ညစ်ညမ်းမှုတို့ကြောင့် နောက်ဆက်တွဲဆိုးရွားသည့် ကျန်းမာရေးပြဿနာများကို နှစ်စဉ်ကြုံတွေ့ကြရလေသည်။ သို့သော်လည်း အရင်ကဘုန်းတော်ကြောင့် မည်သူမျှအတိ အလင်းဖွင့်ဟမပြောရဲကြ။ ဖွင့်ပြောလျှင် နရသိမ်စံအိမ်အတွင်း နံနိမ့်အောင်ဆော်ပလော်တီး၍၊ သားစဉ်မြေး ဆက်နှိပ်ကွပ်ရေးစီမံချက်ကို ကြောက်ကြသောကြောင့်ဖြစ်သည်။ အနည်းငယ် ကျယ်လောင်ရဲလာသည်မှာ ၂၀၁၀ နောက်ပိုင်းတွင်ဖြစ်သည်။ ၂၀၁၅နောက်ပိုင်းတွင်ကား ကြက်ဆူတောသားများ စည်းကမ်းမကျ ဒီမို ကရေစီများကို ကိုင်ဆွဲလာခဲ့ကြသည်။ ဘာဖြစ်ဖြစ် ဆန္ဒဖော်ထုတ်မယ်၊ လူမှုကွန်ရက်တွင်တက်ဆဲမယ်ဖြစ် လာသည်။ နေ့စားဆန္ဒဖော်ထုတ်သူများလည်း အလုပ်ရလာကြ၏။ ဒီကြားထဲ နိုင်ငံရေးအောက်လုံးများသုံး ကာ ciber war များ ဆင်နွှဲလာခြင်းကအဆိုးဆုံးဖြစ် သည်။

သူတို့ကသတင်းအချက်အလက်မှားများကို အတင်းအမှန်အချို့နှင့် ဖုံးလွှမ်းကာ လူမှုကွန်ရက်တွင် တင်လာကြလေ၏။ ထိုအခါ အတွေးအခေါ် နုံ့နဲ့သူများက အမှန်ထင်လာ၏။ ရဟန်းရော၊ သာမဏေရော နားမလည်ဘဲ အားလုံးကို သေနတ်နှင့်ချီးမြောက်၊ မီးလောင်ဗုံးဆက်ကပ်၊ နှစ်တစ်လက်မနှင့်ကပ္ပိ၊ ခြေထောက်နှင့်နင်း ထိုမျှလောက်ယဉ်ကျေးခဲ့သူများက ယခုအခါ သာသနာ့အာဇာနည်များဖြစ်လာ၏။ သာသနာကိုချီးမြောက်ခဲ့သည့် သီရိလင်္ကာမှ ဒုဌဂါမဏိမင်းအသွင်ဆောင်လာချေ၏။

၂၀၁၅ နောက်ပိုင်း ရေကြီးသည့်အခါတိုင်း၊ မီးပြတ်သည့်အခါတိုင်းလက်ရှိသူကြီးကို လက်ညှိုးညွှန် ဆဲဆိုကြ၏။
ယခုတလောလည်း မုန်တိုင်းနှင့်ယှဉ်သည့် မိုးများစွာရွာသွန်းမှုကြောင့် အနိမ့်ပိုင်းဒေသများ တွင် ရေလွှမ်းလာ၏။ အမြင့်ပိုင်းအရပ်များတွင်လည်း စနစ်မကျမြေတူးဖို့ခြင်းများကြောင့် မြေပြိုလာ၏။ ရေမလွှွမ်းဖူးသောဒေသများရေလွှမ်းလာသောကြောင့် ဆူသံဆဲသံ ထိုးနှက်သံများကျယ်လောင်လာ၏။

ထိုကိစ္စနှင့်ပတ်သက်၍ ကြက်ဆူတော၏ Google စားသောက်ဆိုင်တွင် ကြက်ဆူတောပဏ္ဍိတများ လက် ဖက်ရည်တစ်ခွက်စီနှင့် အာချောင်ရိုက်လေကြောင်မှုတ်နေကြချေ၏။ ရှေးဦးစွာသစ္စာလေးပါးလေးက ရှေး မီပုဂ္ဂိုလ်ပီပီ ရှေးဟောင်းတဘောင်အားကိုးဖြင့် သူကြီးနှင့်တကွ ခေတ်ကြီးကိုလက်ညှိုးထိုးလိုက်လေ၏။

” ခေတ်ကြီးကိုက ဆုတ်ကပ်ရောက်နေပြီ၊ မတရားသောမင်းများအုပ်ချုပ်တဲ့ခါ ဒီလိုပဲဖြစ် တတ် ပါတယ်၊ ရေကြီးမယ်၊ မီးလောင်မယ်၊ ရောဂါဘယထူပြောမယ်၊ ငတ်မွတ်ခေါင်းပါးဘေးဒုက္ခဆိုက်ရောက် မယ်၊ စစ်မက်ထူပြောမယ်၊ ဒါတွေကိုက ရွာပျက်တော့မယ်လို့ နတ်ကောင်းနတ်မြတ်တွေကနိမိတ်ပြနေတာကွဲ့ ငါးပါးသီလမြဲကြ၊ ကိုယ်ကျင့်တရားကောင်းကို ခါးဝတ်ပုဆိုးလိုမြဲကြ၊ ဒါဆိုရင်ကိုယ့်အတွက်ခံသာမယ်၊” မောင်လွမ်းမိုးလေးက လက်ရှိအဖြစ်ပျက်များပေါ်တွင် သူ့အမြင်ကိုတင်ပြပြီးသောအခါ၊လူမှုရေးဆ လိုင်းဂျစ်သိုးက
လည်းသူ့အယူအဆကိုတင်ပြပြန်လေ၏။

” မဟုတ်ဘူးအဘ ခုဖြစ်တာက သဘာဝဘေးနဲ့ လူလုပ်အန္တရာယ်တွေဗျ၊ ဘာကပ်မှလည်းမဟုတ်ဘူး ပြီးတော့တိတိကျကျပြောရရင်ခုအုပ်ချုပ်တဲ့သူကြီးနဲ့ သူ့အဖွဲ့သားတွေ
သောက်သုံးမကျလို့ကိုဖြစ်တာ၊” ထိုအခိုက်တွင်၊ မီဒီယာမင်းဗညားထွေးကလည်းအားကျမခံ သူ့အမြင်ကိုတင်ပြပြန်လေသည်။

” ကိုဂျစ်ပြောတာမှန်တယ်ဗျ၊ ခုသူကြီးတို့အဖွဲ့က ဘာအရည်အချင်းမှမရှိဘူး၊ ပြောလိုက်ရင် လေတ လုံး၊ မိုးတလုံးနဲ့ လုပ်လိုက်ရင်သောက်တစ်လွဲ၊ ဖြစ်လိုက်ရင်လဲ အလဲအကွဲပဲဗျ၊ဘာဆိုဘာမှ အလုပ်မဖြစ်ပါ ဘူးပါဗျာ” ထိုအခါ ဗညားကွမ်းစားညီညီလွင်ကလည်း သူ့အယူအဆကို တင်ပြပြန်လေ၏။

” ခင်ဗျားတို့ အားလုံးပြောတာတွေဟာ အမှန်ချည်းပဲ ထပ်ဖြည့်ပြောရရင် ခုသူကြီးတို့အဖွဲ့က ဘာသာတရားကိုလည်းမလေးစား၊ ရဟန်းသံဃာဆိုလည်း ဆဲရေးပုတ်ခတ်၊ ကပ်သင့်တယ်ဆိုတာဒါမျိုးပေါ့ဗျ၊ နားထောင်နေပါ၊ နောက်ထပ်ကြားရပါလိမ့်ဦးမယ်၊ မဟုတ်ကမဟတ်ကသတင်းတွေ၊ အပျက်အစီးသတင်းတွေ” ထိုသို့ဖြင့် ကြက်ဆူတောပဏ္ဍိတအပေါင်းတို့သည် ဈေးအပေါဆုံးရသည့် ထင်ရာမြင်ရာများကို စွတ်ရွတ်ပြောနေခိုက်၊ လက်ဖက်ရည်ဆိုင်၏ ထောင့်တထောင့်တွင် ဆေးလိပ်တစ်တို လက်ဖက်ရည်တစ်ခွက်ဖြင့် မှိန်းနေသော ဆရာချွန်ကားခါတိုင်းလိုတက်တက်ကြွကြွ ဝင်ရောက်ဆွေးနွေးခြင်းမရှိဘဲ၊ တိတ်ဆိတ်ငိုက် မျည်းနေလေ၏။ ထို့ကြောင့် ပဏ္ဍိတအားလုံးကိုယ်စား ကဖေးဂျင်မီနှင့်၊ တေးသော်ရီ၊ ဆိုတီးဆရာ ကိုလင်း ကျော်တို့ကအကြောင်းရင်းကို ဝိုင်းဝန်းမေးမြန်းလေ၏။

” ဘယ်လိုဖြစ်လည်းကဝိချွန်၊ ဒီနေ့အကြောင်းထူးရှိလို့လား၊ စကားဝိုင်းကိုစိတ်မဝင်စားလို့လား ဝင်ပြီး မဆွေးနွေးတာ၊ နည်းနည်းလင်းစမ်းပါဦးဗျ” ထိုအခါ အိပ်ရာမှလန့်နိုးသူပမာ ရုတ်တရက်ခေါင်းထောင်လာပြီး အားလုံးကို ကျီးကြည့်ကြောင်ကြည့် ကြည့်ရင်း ဤသို့နှယ်ပြောဆိုလေတော့၏။

” မောင်ရင်တို့စကားဝိုင်းကို စိတ်မဝင်စားလို့လည်းမဟုတ်ဘူး၊ အကြောင်းထူးကိစ္စရှိလို့လည်းမဟုတ်ဘူး၊ ပြောနေတဲ့အကြောင်းအရာတွေက ကွမ်းဝါးနေသလို၊ အရည်မရအဖတ်မရဖြစ်နေလို့ပါ ၊မောင်ရင် တို့က ဖြစ်စဉ်တစ်ခုပေါ်မှာ မြင်ကြတဲ့မြင်ထောင့်က မှားနေတာရယ်၊ သန်ရာကိုကောက်ချက်ဆွဲနေကြတော့ ကိုယ်ပြောရင်၊ ကိုယ့်စကားက မောင်ရင်တို့ရဲ့အတွေးခေါ်ကို တိုးမှတိုးပါ့မလားလို့လည်းစိုးရိမ်မိလို့ပါ။

ခု တော့ မောင်ရင်တို့က ဆွေးနွေးခိုင်းနေမှတော့ ဆွေးနွေးရသေးတာပေါ့၊ မောင်ရင်တို့ ဆွေးနွေးသွားကြတဲ့အထဲမှာ မောင်လွမ်းမိုးလေးက တဘောင်နိမိတ်ကိုအားကိုးလွန်းအားကြီးသဗျ၊ ခုအချိန်က ဆယ့်ကိုးရာစုလည်းမဟုတ်တော့သလို၊ ဆယ့်ကိုးရာစုအတွေးခေါ်တွေကို၊ နှစ်ဆယ်ရာစုကတည်းကလက်မခံကြတော့ တာလည်းမောင်ရင်တို့အသိပဲ၊ နောက်မောင်ရင်တို့က ခုတလောမိုးသည်းသည်းမဲမဲရွာလို့ ရေလွှမ်းတဲ့အပေါ် မှာဆွေးနွေးကြတယ်၊ ဆွေးနွေးကြတဲ့ ခေါင်းစဉ်ကကောင်းပါတယ်၊ ဆွေးနွေးတဲ့အကြောင်းက ကိုယ့်အထင် က အနှစ်အသားမပါတာက ခွကျကုန်တာပေါ့၊ တစ်ယောက်တစ်ပေါက်သန်ရာဆွေးနွေးကြတော့ အဖြေမှန်နဲ့ဝေးပြီလို့တော့ထင်နေမိတယ်၊ မောင်ရင်တို့ဆွေးနွေးသလို ခုသူကြီးကလုပ်ရည်ကိုင်ရည်အရည်အချင်းမရှိ ဘူးလို့ဆွေးနွေးကြတာလက်ခံပါတယ်၊ သူတို့မှာစေတနာတော့ပါပါတယ်၊ အလုပ်အကိုင်မတတ်သေးတာရယ်၊ အတွေ့အကြုံလိုသေးတာရယ်၊ ဒါပဲအပြစ်ဆိုရလိမ့်မယ်၊ ခုရေကြီးတဲ့ဖြစ်စဉ်တွေမှာ အရင်မဖြစ်ဘူးတဲ့ နေရာတွေမှာ ဖြစ်ရတဲ့အကြောင်းရင်းက ချောင်းကျုး မြစ်ကျုးတွေများလာတာလည်းအခြေခံအချက်တစ်ခု လို့ထည့်သွင်းစဉ်းစားရမယ်၊ နောက်ပြီး အရင်သူကြီးတွေ တောပြုန်းအောင်ခုတ်တုန်းကလည်း တို့ရွာသားတွေဝေစုမရ၊ တောင်တွေကို အဝီစိတွင်းဖြစ်အောင် တူးတော့လည်း တို့ရွာသားတွေကတော့ ဝေစုနတ္ထိပဲမ ဟုတ်လားဒါတောင် လွန်လေပြီးသောအဘသူကြီးများကို ပြန်မျှော်နေတာ ဘုန်းတော်ဘွဲ့ရွတ်နေတာတော့ ရက်စက်တဲ့ ပထွေးကို တမ်းတနေတာနဲ့အတူတူပဲ၊ခုလက်ရှိသူကြီးတွေက တော်လွန်းသလားဆိုတော့ မ တော်ပါဘူး၊ သူတို့ အနေနဲ့ ခုလိုသဘာဝဘေးတွေတွက် စီမံချက်ထားရှိရမယ်၊ ဥပမာရေဘေးစီမံချက်၊ လေဘေးစီမံချက်၊ မီးဘေးစီမံချက်၊ငလျင်ဘေးစီမံချက်၊ စတဲ့စီမံချက်တွေရှိသင့်ပါတယ်၊ စီမံချက်ထဲမှာ ကြိုတင် ကာကွယ်ရေးတွေပါမယ်၊ အကယ်၍ဖြစ်ပွားခဲ့မယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေကို ဘယ်လိုဖြေရှင်းမယ်စသည်ဖြင့်ပါလေတော့ ကြိုတင်စီမံထားတဲ့စီမံချက်က လောလောလတ်သွေးပူနေချိန်ရှင်းရတာ ထက် ပိုသက်သာ ပိုထိရောက်တာပေါ့၊ ခုတော့ဖြစ်လာမှ ရွာသားတွေကြားထဲ ဟန်ရေးတပြပြလုပ်နေချိန် အပျက်အစီးအထိအခိုက်ကဖြစ်နှင့်နေပြီ ဒီတော့ တိုးတက်အောင်လုပ်ရမယ့်ကိစ္စကို နှောင့်နှေးနေအောင်လုပ်လိုက်သလိုပါပဲ၊ နောက်အရေးအကြီးဆုံးက အရင်အဘတွေဖျက်ဆီးလု့ိ ပျက်စီးသွားခဲ့သမျှကို တို့တွေ ပြန်အစားထိုးမပေးနိုင်ရင်ခံလက်စနဲ့ ဆက်ပြီးကပ်ဆိုက်ခံကြပေဦးပေါ့မောင်ရင်တို့ရယ်” ပြောပြောဆိုဆို ဆရာချွန် လက်ဖက်ရည်ဆိုင်ထဲမှ ထွက်သွားချေတော့လေ၏။

ဆရာချွန်

Leave a Reply