အစိုးရသစ်၏ အခွန်ခြေလှမ်း

မည်သည့်နေရာတွင်၊မည်သို့ သုံးစွဲသည်ကို သေချာမသိရှိရခြင်းများနှင့် ကောက်ခံမှုအပိုင်းများတွင် အားနည်းခဲ့သောကြောင့် ခေတ်အဆက်ဆက်တွင် ပြည်သူ့ဘဏ္ဍာအတွက် အခွန်ကောက်ခံမှုမှာ ပေးသူနှင့် ယူသူအကြား အလေအလွင့်များခဲ့သည်။
ယခုအစိုးရလက်ထက်တွင်တော့ အခွန်ပေးဆောင်သင့်သည့်သူများက အခွန်ရှောင်မှုများလျော့ကျ၍ ရသင့်ရထိုက်သော အခွန်များကို ကောက်ခံမည်ဟုပြောဆိုထားကြသည်။

000---IMG_6951 copy

မွန်ပြည်နယ်အတွင်း အခွန်များရရန် ရပ်ကွက်ကျေးရွာများအထိပါ တာဝန်ရှိသူများက ကွင်ဆင်း၍ ဆောင်ရွက် လျက်ရှိကြောင်း မွန်ပြည်နယ်အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက ပြောဆိုကြသည်။
ထို့ပြင် အခွန်တိမ်းရှောင်မှုမဖြစ်ရန် လိုအပ်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာဌာနများမှ ရယူ၍ အတတ်နိုင်ဆုံးလုပ်ဆောင်လျက်ရှိကြောင်း ၎င်းတို့ကဆိုကြသည်။

ရသင့်ရထိုက်သော အခွန်များရရှိရေးအတွက် အစိုးရသစ်၏ ခြေလှမ်းများက စတင်နေပြီဖြစ်သည်။ ပြည်သူများ နှင့် လုပ်ငန်းရှင်အချို့ကမူ တိမ်းရှောင်နေသည့် အခွန်များကို ယခုအစိုးရလက်ထက်တွင် ကောက်ခံနိုင်ခြင်းရှိ၊ မရှိကို စောင့်ကြည့် နေကြသည်။
မွန်ပြည်နယ်သည် ပြီးခဲ့သည့်အစိုးရလက်ထက်အတွင်း အခွန်ကောက်ခံရရှိမှုပမာဏမှာ မြင်တက်ခဲ့သည်ဟု ဆိုနိုင်ပြီး ယခုအစိုးရလက်ထက်တွင်လည်း တိုးတက်ရန် အလားအလာများရှိကြောင်း လုပ်ငန်းရှင်များက ဆိုကြသည်။

Advertisements

ပြည်တွင်းအခွန်ဦးစီးဌာနမှရရှိသော စာရင်းများအရ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်၌ အခွန်ကောက်ခံ ရရှိမှုမှာ ကျပ်သန်းပေါင်း ၆၆၉၅ ကျော်သာရှိရာမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကောက်ခံရရှိမှု ကျပ်သန်းပေါင်း ၁၄၇၁၉ အထိ ရရှိခဲ့သည်။
“နိုင်ငံတော်က ဘာပဲလုပ်လုပ် အခွန်ရှိမှ ရပ်တည်လို့ ရမယ်ဆိုတာကို လူတော်တော်များက သိလာကြပြီ။ အခွန်နဲ့ပတ်သက်တဲ့ အသိပညာတွေ ရလာကြတယ်လေ။ ဒါတွေက ကောင်းတဲ့လက္ခဏာပဲ”ဟု မွန်ပြည်နယ်၊ပြည်တွင်းအခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က ပြောဆိုသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ပြီးခဲ့သည့်အစိုးရလက်ထက်အတွင်း  မွန်ပြည်နယ်မှ အခွန်ကောက်ခံရရှိမှုပမာဏ အများဆုံးနှစ်တစ်ခုဖြစ်ခဲ့ပြီး လျာထားချက်ပမာဏ၏ ၁၇၃ ရာခိုင်နှုန်းအထိကောက်ခံရှိခဲ့ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါနှစ်အတွင်း အခွန်ကောက်ခံရရှိမှုတွင် ကုန်သွယ်ခွန်နှင့် ဝင်ငွေခွန်များမှ အများဆုံးကောက်ခံရရှိ ထားကြောင်း မွန်ပြည်နယ်၊ပြည်တွင်းအခွန်ဦးစီးဌာနထံမှ သိရသည်။

ယခုအစိုးရသစ်၏ ဘဏ္ဍာနှစ်အတွက်မူ အခွန်မည်မျှကောက်ခံမည်ဆိုသည်မှာ လျာထားချက် အတိအကျမကျသေးပေ။
“မနှစ်က လျာထားချက်ထက် လျာထားချက်ကတိုးလားတယ်။ဒါပေမယ့် ခုလောလောဆယ်ထိ လျာထားချက်ကတော့ မချလာရသေးဘူး” လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က ဆိုသည်။
လျာထားချက်မှာ အတိအကျမထွက်ရှိသေးသော်လည်း ရသင့်ရထိုက်သည့် အခွန်များ မလွတ်ကင်းအောင်းဆောင်ရွက်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုထားကြသည်။
ပြည်ထောင်စုလွှတ်တော်တွင်ပြဌာန်းခဲ့သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ  ယခုဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်၊ကုန်သွယ်ခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့အပြင် အထူးကုန်စည်ခွန်ကိုပါပေးဆောင်ရမည်ဖြစ်သည်။
“အခွန်ဆောင်တဲ့အလုပ်ဆိုတာ ပြည်သူတိုင်းလုပ်ကိုလုပ်ရမယ်”ဟု ဆိုလာသည်ကား မော်လမြိုင်မြို့အခြေစိုက် ဆန်စပါးလုပ်ငန်းရှင်ကြီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်အစိုးရအဆက်ဆက်လက်ထက်အတွင်း အခွန်များရသင့်သလောက်မရရှိခဲ့သည်မှာ အောက်ခြေ အဆင့်ဝန်ထမ်းများတွင် လာဘ်ပေးလာဘ်ယူမှုများရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး ယခုအစိုးရလက်ထက် တွင် ထိုသို့ကိစ္စရပ်များကို တိုက်ဖျက်နိုင်ပါက အခွန်များပိုမိုရရှိမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုကြသည်။

ထို့ပြင် လုပ်ငန်းရှင်ကြီးများထံမှ ရရှိသင့်သည်အခွန်များကိုလည်း ထိထိရောက်ရောက်စာရင်းဇယားနှင့် ရရှိအောင်ကောက်ခံပါက အခွန်လွတ်ကင်းခြင်းမျိုးလျော့နည်းလာမည်ဖြစ်ကြောင်း ၎င်းတို့ကထပ်လောင်းပြောကြားသည်။
ပြည်တွင်းအခွန်ဦးစီးဌာနသည် အခွန်လွတ်ကင်းခြင်းမျိုးမရှိရန် သက်ဆိုင်ရာဌာနများမှ သတင်းအချက်အလက်များရယူ၍ အတတ်နိုင်ဆုံးလုပ်ဆောင်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူများကပြောဆိုထားသည်။
အခွန်တိမ်းရှောင်သည့်အပိုင်းတွင် ဆောင်ရမှန်းမသိ၍ မဆောင်ကြခြင်းနှင့် တမင်သက်သက် တိမ်းရှောင်ခြင်းများရှိပြီး အခွန်များပုံမှန်ဆောင်ကြရန် ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း ၎င်းတို့က ထပ်လောင်းပြောဆိုသည်။
ထိုသို့အခြေအနေများတွင် အခွန်ကိုအမှန်တကယ်တိမ်းရှောင်သူများကို ထိထိရောက်ရောက် အရေးယူသင့်ကြောင့် မွန်ပြည်နယ် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးလှရှိန်က ပြောကြားသည်။
“အခွန်မသွင်းဘူး။ဘာလုပ်နေလဲ ပြစ်ဒဏ်က ပေါ့ပေါ့လေး ဘာမှလည်း လုပ်လို့မရဘူး အဲဒါက နိုင်ငံတော်က ပြုပြင်ဖို့ လိုနေတယ်”ဟု ၎င်းကထပ်လောင်းပြောဆိုသည်။

မွန်ပြည်နယ်၊ပြည်တွင်းအခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်က လက်ရှိတွင် အခွန်များကို စည်းရုံးကောက်ခံရသည့် အနေအထားများရှိနေပြီး အရေးယူမှုလုပ်သည့်အပိုင်းကို လုပ်ဆောင်မှုနည်းနေသေးကြောင်း ရှင်းပြသည်။
အခွန်ကြွေးကျန်မှုများကို မပေးဆောင်၍ အရေးယူပါက အိမ်များကို ဝရမ်းကပ်ခြင်း လေလံတင်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကာ ငွေကြေးရှိလျက်နှင့် တိမ်းရှောင်သူများကို ဖမ်းဆီး၍ အကျဉ်းကျသည်အထိ အရေးယူနိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်ဟု တာဝန်ရှိသူများက ဆိုကြသည်။
“လူတစ်ယောက်ကို အရမ်းကြီး ဘဝပျက်သွားအောင် ထိခိုက်သွားအောင်လောက်လည်း မဖြစ်စေချင်ဘူး။ အဲဒီတော့ စည်းရုံးကောက်ခံတဲ့ နည်းကိုပဲ ဆရာတို့လုပ်နေရတာ အရေးယူမှုအပိုင်းကို လုပ်တာနည်းသေးတာ” ဟု ၎င်းက ရှင်းပြသည်။
စည်းရုံးရာတွင် ပြည်သူများကို အခွန်ပေးဆောင်ရသည့်ကိစ္စကို ရှင်းရှင်းလင်းလင်း ပြုလုပ်ပေးသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

မေလ ၂၄ ရက်နေ့တွင် ယခုနှစ်အတွင်းကောက်ခံမည့် အခွန်များ၊ဥပဒေများနှင့်ပတ်သက်၍ ပြည်တွင်းအခွန် ဦးစီးဌာနက ပြည်သူများကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ရှင်းလင်းခဲ့ပြီး မြို့နယ်များတွင်လည်း အခါအားလျော်စွာ ရှင်းလင်းပွဲများကို ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

Advertisements

ရှင်းလင်းပွဲများပြုလုပ်ပေးခြင်းအပြင် ပြည်သူများထံမှ ကောက်ခံလိုက်သော အခွန်များကို မည်သည့်နေရာ များတွင် မည်သို့သုံးစွဲမည်ဆိုသည်ကို နိုင်ငံတော်အစိုးရက ထုတ်ပြန်ပေးပါက တာဝန်သိသိအခွန်ထမ်းဆောင်သူများပြားလာမည်ဖြစ်သည်။
“အဲဒီအခွန်တွေ နိုင်ငံတော်က ကောက်ခံပြီးရင် ဘယ်မှာ အသုံးချနေလဲဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ပြသင့်တယ် တစ်ချိန်တုန်းက ထားလိုက်တော့ အခုအချိန်မှာ ပေးသိသင့်တယ်”ဟု ဦးလှရှိန်က ဆိုသည်။

လက်ရှိပေးဆောင်နေရသော ဝင်ငွေခွန်နှင့်ကုန်သွယ်ခွန်များသည် ပြည်ထောင်စု ဘတ်ဂျတ်အတွင်းသို့ ရောက်ရှိသည့်အခွန်များဖြစ်သည်။
အစိုးရအဖွဲ့ကို ဖွဲ့စည်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ရွေးကောက်ပွဲကြေညာ စာတမ်းတွင်မူ ကောက်ခံရရှိသည့် အခွန်ငွေများသုံးစွဲပုံကို ပြည်သူများသို့ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“အခွန်ကို ပြန်ချပြရင်ကောင်းတာပေါ့။ အခုဆောင်နေတဲ့အခွန်က နိုင်ငံတော်က အကြမ်းဖျင်းသုံးနေတယ် ဆိုတာဘဲသိတယ်။ ဘယ်နေရာမှာသုံးတယ်ဆိုတာ မသိဘူး “ဟု မော်လမြိုင်မြို့တွင်နေထိုင်သော ဆန်စပါးလုပ်ငန်းရှင်ကြီးကဆိုလေသည်။
ပြည်သူများထံမှ တယ်လီဖုန်းပြောဆိုခအပေါ်ကောက်ခံသော အခွန်ငွေများကိုမူ ပညာရေးဆိုင်ရာ လုပ်ငန်းများတွင် ကျခံသုံးစွဲရေးအတွက် စီမံထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ရက်တစ်ရာစီမံချက်တွင် ဖော်ပြထားသည်။

ထို့သို့ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် အခွန်ငွေများကို ထိထိရောက်ရောက်အသုံးပြုပါက အခွန်ကောက်ခံရာတွင် ပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုကြသည်။
ဇွန်လကုန်တွင်တော့ ယခုဘဏ္ဍာနှစ်အတွက် မော်လမြိုင်မြို့နယ်ရှိ အခွန်ထမ်းဆောင်သူများ ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်အတွက် ကြေငြာလွှာများကို နောက်ဆုံးထား တင်သွင်းရတော့မည်ဖြစ်သည်။

ယခုနှစ်တွင် အခွန်ဆောင်သူများအဆင်ပြေရန် မော်လမြိုင်မြို့နယ် အခွန်ဦးစီးဌာနကတော့ အဆိုပါကြေငြာ လွှာများကို အခွန်ထမ်းဆောင်သူများဆီသို့ အိမ်တိုင်ရာရောက်ပို့ပေးသော ဝန်ဆောင်မှုကို မေလအတွင်းမှပင် စတင်လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူများက ဆိုကြသည်။
ထို့အတူ အခွန်လွတ်ကင်းမှုလျော့နည်းရေးအတွက် ကျေးရွာရပ်ကွက်များသို့ပါ ကွင်းဆင်းဆောင်ရွက်နေကြပြီဟု ဆိုလေသည်။
ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို ဆန်များတင်သွင်းရောင်းချနေသည့် မွန်ပြည်နယ်ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကတော့ အခွန်ဆောင်သူများ၏ အခြေအနေမှန်ကို နားလည်ရန် မြေပြင်သို့ ဆင်းသင့်ကြောင်း ပြောဆိုသည်။
“စားပွဲမှာထိုင်ပြီးတော့ မနေဘဲ မြေပြင်မှာကြည့်သင့်တယ်။အမှန်တိုင်းပြောရင် အခွန်ဆောင်ချင်အောင် နှစ်ဖက်လုံး မျှမျှ တတဖြစ်အောင်လုပ်မှ တိုင်းပြည်တွက်အခွန်ပြည့်ပြည့် ဝဝရမယ်” ဟု ၎င်းကဆိုလေသည်။

ကြည်ကို၊မင်းသူရိန်နိုင်

Advertisements

Leave a Reply