ကျိုက်ထီးရိုး၌ ဈေးဆိုင်ခန်း နေရာ သတ်မှတ်ရန် မစီစဉ်ရသေး 

56

မော်လမြိုင်၊ ဇူလိုင် ၂၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဈေးဆိုင်ခန်းများနှင့် ပတ်သက်၍ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရွေးချယ်ပြီးမှသာ မည်သည့်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည်ကို သတ်မှတ်မှာဖြစ်ကြောင်း ကျိုက်ထီးရိုးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးစိုးနောင်ဦးက ဇူလိုင်လ ၂၀ ရက်နေ့က ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

“ဇူလိုင်လကုန်ရင် ဂေါပကအဖွဲ့သစ်ကို ပြန်လည်ရွေးချယ်ဖို့ရှိတယ်ဆိုတော့ နောက်ဂေါပကအသစ်နဲ့ အစိုးရအဖွဲ့နဲ့က စီစဉ်လိမ့်မယ်နဲ့တူတယ် အကိုတို့အနေနဲ့တော့ ပြောဖို့စောသေးတယ်”ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရှိ ဈေးဆိုင်ခန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယခင်လူဟောင်းပေးစနစ်ဖြင့် ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် ဈေးဆိုင်ခန်းအချို့ကိုမူ ပြန်လည်လုပ်ကိုင်ခွင့်မပြုပဲ ပိတ်သိမ်းခဲ့သည်။

ပိတ်သိမ်းခဲ့သည့် ဈေးဆိုင်များတွင် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိသည့် တောရိုင်းတိရစ္ဆာန်များ ရောင်းချသည့်စာသောက်ဆိုင်ခန်းအချို့နှင့် သစ်ပင်တောတောင်များကို ခုတ်ထွင်းရောင်းချနေသည့် ဈေးဆိုင်ခန်းများပါဝင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဈေးဆိုင်ခန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပြုရာတွင် ယခင်နှစ်ပေးသွင်းသည့် ဆိုင်ခန်းခငွေကြေး၏ ၁၀ ရာခိုင်နှုန်းကို ဘုရားရန်ပုံငွေအဖြစ် နှစ်စဉ် တိုးမြှင့် ကောက်ခံလေ့ရှိကြောင်း သိရသည်။

“မနှစ်တုန်းက အခြေအနေပြောရရင်တော့ လူဟောင်းပေးစနစ်နဲ့ပဲ ဖြစ်ပါတယ် အရင်နှစ်တုန်းက ဆိုင်ခန်းတစ်ခုကို ၁၀ သိန်းကျရင် ၁၀ရာခိုင်နှုန်းကို တိုးကောက်တဲ့အတွက် ၁၂ သိန်း ဖြစ်တယ်ပေါ့ ဒီနှစ်အခြေအနေတော့ အစည်းအဝေးမထိုင်ရသေးဘူး”ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအေးမြင့်သိန်းက ပြောဆိုသည်။

Written by သက်ပိုင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်