ကူရာမဲ့နေဆဲ ဈေးခြင်းတောင်းပြဿနာ

မော်လမြိုင်မြို့ သရက်ချောင်ရပ်ကွက်မှ ဆရာမဒေါ်ဌေးဌေးမြင့် အခုတစ်လော အတော်ခေါင်းခဲနေသည်။ တစ်ဆထက် တစ်ဆ မြင့်တက်လာသော ကုန်ဈေးနှုန်းကြောင့် ပင်ဖြစ်၏။

ယခင်က ပိုက်ဆံငါးထောင် လက်ထဲကိုင်ပြီး ဈေးသွားလျှင် တစ်ရက်စာဝယ်နိုင်သည်။ ယခုမူ ထိုသို့သော အခြေအနေမျိုးမဟုတ်တော့ပေ။

“တစ်နေ့ငါးထောင်နဲ့ မလောက်တော့ဘူး။ ခုနစ်ထောင်လောက်ကုန်တယ်။ ကသီသွားတာပေါ့” ဟု သူက ညည်းတွားပါသည်။

သူမ၏ လစာမှာ တစ်လလျှင် ကျပ် ၁၉၀၀၀၀ ခန့် ရ၏။ ထိုလစာမှာ မိသားစု လေး ဦး ရှိသော မိသားစု၏ စားရေးသောက်ရေးကို ဖူလုံမှု မရှိတော့ပါပေ။

ယခင်နှစ်ကစ၍ လစာတိုးခဲ့သော်လည်း ကုန်ကျစရိတ်များကြောင့် စုမိဆောင်းမိ မရှိသေးကြောင်း၊ ယခုလတွင် သမဝါယမမှ အတိုး ၂ ကျပ်ခွဲဖြင့် ငွေ သုံးသိန်းခန့် ချေးယူထားရသည်ဟု ပြော၏။

“အရင်က ခရမ်းသီး တစ်လုံး ၅၀ ကို အခု ၁၅၀ ဖြစ်သွားပြီ။ တောင်ပျံဆန် ၁၂ ပြည် တစ်အိတ် ၂၁၀၀၀ ကနေ ၂ သောင်းခွဲတက်သွားတယ်” ဟု ဆန်ကအစ ဟင်းသီးဟင်းရွက်အဆုံး ဈေးတက်နေပုံကိုပြောပြသည်။

လတ်တလော ကမ္ဘာ့ဈေးကွက်တွင် မြန်မာငွေကြေးတန်ဖိုးကျဆင်းသွားပြီး လောင်စာဆီနှင့် ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့သည့် အချိန်တွင်ကြားရသည့် စကားသံများပင်။

ထိုဂယက်သည် အိမ်ရှင်မများ မဖြစ်မနေ ဝယ်ယူသုံးစွဲနေရသော စားသောက်ကုန်များအပေါ် အပြင်းထန်ဆုံး ရိုက်ခတ်ခဲ့သည်။

“ကန်စွန်းရွက်တစ်စည်း ၅၀ ကနေ ၂၀၀ တက်သွားတယ်။ ငါး ဝယ်ရင်လေးထောင်ဖိုးဝယ်ရတယ်။ ငါးဈေးတွေလည်းတက်တယ်လေ” ဟု နောက်ထပ်အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်မြင့်ကပြောသည်။ ဒေါ်မြင့်မှာ အမှတ် (၁) ဈေးအနီးတွင် ကွမ်းယာရောင်းပြီး မိသားစု ၇ ဦးရှိသည်။

ဆန်ကို အသိဆန်ဆိုင်ထံမှ တစ်အိတ်ကုန်မှ ပိုက်ဆံပေးသည့် အကြွေးစနစ်ဖြင့် ဝယ်စားနေရကြောင်း၊ ကုန်ဈေးနှုန်းတက်၍ ဝင်ငွေနှင့်ထွက်ငွေ မမျှသဖြင့် တစ်ခါတစ်ရံ ချေးငှားရသည်များရှိသည်ဟု ပြော၏။

“ဒီလိုပဲ လုံးလည်ချာလည်လိုက်နေတယ်။ ရသလောက် မလောက်ဘူး” ဟု ၎င်း၏ လတ်တလော အခက်အခဲများကို ရှင်းပြ၏။

ဒေါ်ဌေးဌေးမြင့်နှင့် ဒေါ်မြင့်ကဲ့သို့ အိမ်ရှင်မများထက် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပိုမိုအန်တုခံနေရသော အိမ်ရှင်မများလည်း ရှိသေး၏။

မော်လမြိုင်မြို့ ရွှေမြိုင်သီရိ ၄ လမ်းမှ ဒေါ်သန်းသန်းခိုင်က သူမ၏ အကျပ်အတည်းများကို ယခုလိုရင်ဖွင့်ပြောသည်။

“လက်ထဲမှာ ပိုက်ဆံကိုမရှိတာ။ မြင်လိုက်ပျောက်လိုက်နဲ့။ တစ်ခါတလေကျရင် ဆန်ဖိုး၊ စုမဲဖိုးနဲ့တင် ကုန်သွားရော” ဟု လက်ရှိအခြေအနေများကို ပြောသည်။

အိမ်ငှားခ တစ်လ ငါးသောင်းပေးနိုင်ရန် စုမဲကိုလည်း မဖြစ်မနေစုရကြောင်း ၎င်းကပြောသည်။

ဒေါ်သန်းသန်းခိုင်က တစ်ထည်တစ်ရာနှုန်းဖြင့် ရောင်းထည်အင်္ကျီများချုပ်ပြီး ခင်ပွန်းဖြစ်သူမှာ ကုန်စိမ်းထမ်းသည်။ ကုန်စိမ်းထမ်းသည့် ဈေးထဲမှ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်များ နေ့တိုင်းယူလာသဖြင့် မိသားစု ၅ ဦးအတွက် ဈေးဖိုးသက်သာကြောင်း၊ အသားငါးများ ဈေးကြီးသဖြင့် တစ်ပတ်တွင် တစ်ရက်သာ ဝယ်စားနိုင်တော့ကြောင်းပြောပြ၏။
သူမ နေ့စဉ်ဝယ်ယူနေရသော ဆန်၊ ဆီနှင့် မီးသွေးတို့သည် ဈေးနှုန်းမြင့်တက်လျက်ရှိသည်။

ပုံမှန်မရှိသော နိမ့်ပါးသော ဝင်ငွေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်ဖြေရှင်းနေရသော ဒေါ်သန်းသန်းခိုင်ကဲ့သို့ လက်လုပ်လက်စားများ မွန်ပြည်နယ်တွင်မက တစ်နိုင်ငံလုံး၌များစွာ ရှိနေ၏။

မြန်မာနိုင်ငံတွင် ပစ္စည်းများ မထုတ်လုပ်နိုင်ဘဲ ပြည်ပမှ ဝယ်ယူသုံးစွဲနေရသည့်အတွက် ဒေါ်လာဈေးနှုန်းမြင့်တက်လာပါက ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲခံရသည်။

ပြည်ပမှတင်သွင်းသည့် ပစ္စည်းများသာမက ဆန်အပါအဝင် အခြေခံစားသောက်ကုန်များလည်း ဆက်တိုက်ဈေးနှုန်းမြင့်တက်လာသည်။

ဆန် ဈေးနှုန်းဆိုလျှင် ယမန်နှစ်က ရွှေဘို ပေါ်ဆန်း တစ်အိတ် ကျပ် ၃၈၀၀၀ သာ ရှိခဲ့ရာ ယခုနှစ်တွင်မူ ကျပ် ၅၈၅၀၀ အထိ မြင့်တက်လာခဲ့သည်။ တစ်ဆက်တည်း ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၂၀၀၀ မှ ကျပ် ၅၂၀၀၀ အထိ မြင့်တက်ခဲ့ ပြန်၏။

ထို အခြေအနေကို ဘောဂဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုကတော့ ယခုလိုသုံးသပ်၏။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးလည်ပတ်မှု အလွန်ကြီးထွားနေပြီး အစိုးရမှ မူးယစ်ဆေးဝါးများကို တင်းတင်းကျပ်ကျပ်အရေးယူလာသည့် အခြေအနေတွင် ငွေလည်ပတ်မှုမှားယွင်းစေရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်လုပ်ကိုင်နေသူများရှိနေကြောင်း သူက ယူဆ ထားခြင်းဖြစ်၏။

ထိုသူများသည် ဒေါ်လာနှင့် ရွှေများဝယ်ယူပြီး ဈေးတက်အောင်လုပ်ဆောင်နေကြောင်း၊ ဒေါ်လာဈေးတက်သဖြင့် ကုန်ဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက်လာပြီး ပြည်တွင်းစီးပွားရေးကို ပြဿနာဖြစ်စေကြောင်း ၎င်းက သုံးသပ်သည်။

စီးပွားရေးဆိုင်ရာ သီအိုရီတစ်ခုဖြစ်သည့် ဒိုမီနိုသက်ရောက်မှုအရ တစ်ခုကိုထိလျှင် အကုန်လုံးလဲပြိုသွားသော အနေအထား ဖြစ်နေပြီး ယင်းအခြေအနေသည် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့တွင်ဖြစ်ခဲ့ဖူးကြောင်း၊ လတ်တလောတွင် ထိန်းနေသည့် အနေအထားတွေ့ရကြောင်း ၎င်းကဆက်ပြော၏။

“တကယ်တမ်းထိန်းနိုင် မထိန်းနိုင် ပြောဖို့နည်းနည်းစောသေးတယ်” ဟု ဒေါက်တာခင်မောင်ညိုက သုံးသပ်ပါသည်။

“မမျှတတာ တစ်ခုက ဆင်းရဲသားလူတန်းစားတွေ ခံရတာပေါ့။ အစိုးရက လုပ်နိုင်တာတစ်ခုက ဆင်းရဲသားလူတန်းစားတွေကို ထောက်ပံ့ကြေးပေးမလား။ ဆိုင်တွေကို ထောက်ပံ့ကြေးပေးပြီး ဈေးနှုန်းလျှော့ချရောင်းခိုင်းမလား။ အဲဒါမျိုးပေါ့ ဖြေရှင်းတဲ့နည်းတွေ တစ်ခုခုတော့ လုပ်ရင်ကောင်းမယ်။ မလုပ်လို့တော့မရဘူး။ မြန်မာပြည်မှာ အဲဒါမျိုးတော့ မလုပ်ဖူးသေးဘူး” ဟု ၎င်းကဆက်ပြောသည်။

“နောက်တစ်ခုက မြန်မာပြည်မှာ ပြဿနာရှိတာ ပြည်သူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေပေါ့။ အစိုးရက အချက်အလက်အတိအကျကို နိုင်ငံရေးနှင့် လုံခြုံရေးအတွက်ပဲ လုပ်တာရှိတယ်။ ပြည်သူလူထုရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ အချက်အလက်တွေ မလုပ်ထားတော့ ခုချိန်မှာ အခက်အခဲဖြစ်တာပေါ့” ဟု ၎င်းကပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် မွန်ပြည်နယ်တွင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး GDP မှာ တစ်လလျှင် ၁၄၉၀၄၈ ကျပ် ဖြစ်ကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန်သည့် ဘတ်ဂျက် စာစောင်တွင် ဖော်ပြထား၏။

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံခြင်း၊ သီးနှံစိုက်ခင်းများ အပျက်အစီးများခြင်း စသည့်သဘာဝဘေးအန္တရာယ်ကြောင့် ကုန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လျက်ရှိကြောင်း ဗဟိုစာရင်းအင်းဌာန၏ ၂၀၁၈ ခုနှစ် သြဂုတ်လ အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် သြဂုတ်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၅ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၁၈ ရာခိုင်နှုန်း ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကဲသို့ အခြေအနေများကြောင့် အိမ်ရှင်မ ဒေါ်သန်းသန်းခိုင်က ယခုလို မှတ်ချက်ပြု၏။

“အဲဒါကြောင့် စဉ်းစားနေတာ။ တို့တစ်တွေ ဘယ်လောက်ထိ ဒုက္ခခံပြီး ဒီလိုနေသွားရမလဲမသိဘူး” ဟူ၍။

စန္ဒာဉာဏ်

Leave a Reply