Advertisements

မြိတ် အောက်တိုဘာ

တောင်ငုံးရင်မဲ သို့မဟုတ် တီတူးရင်မဲ (ဒေသအခေါ် ) ငှက်မျိုးစိတ်မှာ မျိုးသုဉ်းလုနီးပါး အခြေအနေရှိနေပြီဖြစ်ကြောင်း သိရသည်။

“ တောင်ငုံးရင်မဲငှက်က ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာသာတွေ့ရတယ်။ အခုဆိုရင် ထိုင်းမှာ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း တနင်္သာရီတောင်ပိုင်းမှာသာ တွေ့ရတယ်”ဟုငှက်မျိုးစိတ်ပညာရှင် ဦးလေးဝင်းက ပြောသည်။

အဆိုပါငှက် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် လေညာ(အဆိုပြု) အမျိုးသားဥယျာဉ်တွင်ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေ ရှင်းလင်းတင်ပြခြင်းနှင့် အကြံဉာဏ်သဘောထား ရယူခြင်း အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၅ ရက်က မြိတ်မြို့ Grand Jade Hotel၌ ပြုလုပ်ကြသည်။

၎င်းငှက်များသည် ၂၀၀၃ မတိုင်မီအထိ ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံ၌ အဖိုအမ(၁၂)စုံ (၂၄)ကောင်သာ ကျန်ရှိနေကြောင်း၊ ၁၉၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပျောက်ကွယ်နေခဲ့ရာ ၂၀၀၃ခုနှစ်တွင်မှတနင်္သာရီ ငဝန်ကြိုးဝိုင်းအတွင်း ၄၂ ကောင်အထိ ပြန်လည်ရှာဖွေတွေ့ရကြောင်း၊ အပြည်ပြည်ဆိုင်ရာ ငှက်ထိန်းသိမ်းရေးအသင်းဖြစ်သည့် Bird life International နှင့် ဇီဝမျိုးစုံ၊ မျိုးကွဲ၊ သဘာဝဝန်းကျင် ထိန်းသိမ်းရေးအသင်း(BANCA)တို့ပူးပေါင်း၍ ယင်းသို့ ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း BANCAမှ ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင်ထံမှသိရသည်။

အရွယ်အစားသေးငယ်ပြီး အရောင်အသွေးစုံလင်သည့် လှပသောငှက်မျိုးစိတ်ဖြစ်ကြောင်း၊မြေနိမ့်မြေပြန့်တောမှာသာ တွေ့ရကြောင်း ဦးလေးဝင်းက ဆိုသည်။

ချစ်စဖွယ် သွင်ပြင်ရှိသည့် ယင်းငှက်မျိုးစိတ်မှာ ၂၀၁၆ခုနှစ်တွင် ထိုင်း နိုင်ငံ သစ်တောများမှလုံးဝပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း၊ ယင်းငှက်မျိုးသုဉ်းမည်ကို စိုးရိမ်ပူပန်နေကြသည့် ပညာရှင်တို့မှာ မြန်မာ့ရေမြေတွင် ၂၀၀၃ ခုနှစ် ဝန်းကျင်၌ ပြန်လည် တွေ့ရှိခဲ့သောကြောင့် မြန်မာနိုင်ငံအပေါ် အာရုံစူးစိုက်လာကြကြောင်း၊ သို့တစေ ယနေ့အချိန်တွင် ငှက်အကောင်ရေမည်မျှကျန်သေးသည်ကို တိကျစွာ အတည်ပြုရန် ခက်ခဲဆဲဖြစ်ကြောင်း၊ ပညာရှင်များက အကောင်ရေ ၅၀၀ နှင့် ၈၀၀ ကြားရှိနိုင်သည်ဟု ခန့်မှန်းကြောင်း ပါရဂူဘွဲ့ယူ စာတမ်းအတွက် တောင်ငုံးရင်မဲငှက်များကို လေ့လာသုတေသနပြုသူ ဦးနေမျိုးရွှေ ထံမှသိရသည်။
သူက FFI တနင်္သာရီဒေသ ထိန်းသိမ်းရေး ပေါင်းစပ်ညှိနှိုင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်နေသူဖြစ်သည်။

“ကမ္ဘာပေါ်မှာ ဒီမှာနောက်ဆုံးပါပဲ့။ ဒါကြောင့် ဒီငှက်ကို အလေးထား ထိန်းသိမ်းဖို့လိုတယ်။ အခုအခါ မျိုးသုန်းအောင် ခြိမ်းခြောက်လာတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာနေပါတယ်။ဒါက ငှက်တွေနေထိုင်နိုင်တဲ့နေရာမှာ ဆီအုန်း စိုက်ခင်းတွေ အဖြစ် ပြောင်းလဲသွားတဲ့အတွက် တောင်ငုံးရင်မဲငှက်တွေ နေထိုင်ရှင်သန်ဖို့အတွက် ပြဿနာ အကြီးအကျယ်ရှိနိုင်တယ်”ဟု ဦးနေမျိုးရွှေက ပြောသည်။
ကော်ဖီပန်းကန်လုံးမျှ အရွယ်အစား ရှိသည့် တောင်ငုံးရင်မဲငှက်ကလးများကို ထိန်းသိမ်းမှု အချိန်မီ မပြုလုပ်နိုင်လျှင် ယင်းတို့မှာ ကမ္ဘာမြေပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားတော့မယ့် အခြေအနေ ကြုံတွေ့နေရပြီဖြစ်ကြောင်း မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဌ ဒေါက်တာသိန်းအောင်ကပြောသည်။

လွန်ခဲ့သည့် နှစ်သန်းပေါင်း ၂၅၀ ခန့်က ကမ္ဘာမြေပေါ်မှ မျိုးသုန်း ပျောက်ကွယ်သွားသည့် ဒိုင်နိုဆာတွေ နည်းတူ တနင်္သာရီဒေသက တောင်ငုံးရင်မဲငှက်မျိုးသည်လည်း တိတ်တဆိတ် ထာဝရ ပျောက်ကွယ် သွားနိုင်ကြောင်း ပညာရှင်များကသုံးသပ်ကြသည်။

ဒေါက်တာသိန်းအောင်က “တောင်ငုံးရင်မဲငှက် နောက်ဆုံးမျိုးဆက်တွေကို ဒီထိန်းသိမ်းတောမှာသာတွေ့နိုင်တယ်။ ကျွန်တော်တို့နိုင်ငံက အစိုးရရော ပြည်သူကပါ ထိန်းသိမ်းဖို့အသိ နည်းတယ်။ ဒီအတိုင်းသာ ဆက်သွာနေရင် မြန်မာမှာလည်း လုံးဝပျောက်ကွယ်သွားနိုင်တယ်”ဟု မှတ်ချက်ပြုပါသည်။

ဖိုးပြုံးချို

Advertisements
<

Leave a Reply