မွန်ပြည်နယ်အတွက် မူးယစ်ဆေးဝါး အချက်ပေး ခေါင်းလောင်း

မူးယစ်ဆေးသုံးစွဲသူများ ၊ရောင်းဝယ်ဖောက်ကားသူများ ကို ပြစ်ဒဏ်ပေးရာ နရသိန်တွင် မူးယစ်ဆေးဝါး ရှာဖွေတွေ့ရှိ သည်ဟူသော အမှု ဖြင့် ဇွန်လ ၂ ရက်နေ့က ဝင်ရောက် စစ်ဆေးခဲ့သည်။

မော်လမြိုင် အကျဉ်းထောင်ကို ရှောင်တခင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တားမြစ် ပစ္စည်းများကိုသာ ဖမ်းဆီးရမိခဲ့ သည်ဟု သတင်းထုတ်ပြန်ထားသည်။
သို့သော် မွန်ပြည်နယ်ရှိ ပြည်သူလူထုကြား မော်လမြိုင် ထောင်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိသည် ဆိုသည့် သတင်းများသည် က လွှမ်းမိုးထားသည်။
နေ့စဉ်နှင့်အမျှ မူးယစ်ဆေးဝါး ဖမ်းမိသည့် သတင်းများ ထွက်ပေါ်နေသော မွန်ပြည်နယ် အတွက် မော်လမြိုင် ထောင်တွင် မူးယစ်ဆေး သတင်းအနံ့ ရရှိ ခဲ့သော ကြောင့် ပို၍ စိုးရိမ် စိတ်များ ပြားလာသည်။

drug

ထို အသံများ ကပင် မွန်ပြည်နယ် အတွက် မူးယစ်ဆေး အချက်ပေးခေါင်းလောင်းထိုးသံလော ။
ထိုအချက်ပေး ခေါင်းလောင်းသံ ကား မွန်ပြည်နယ် ရဲတပ်ဖွဲ့ နှင့် မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့ အတွက် တာဝန်ခံ ဖြေရှင်းရမည့် ပြဿနာ တစ်ရပ် အဖြစ် တာဝန်ရှိလာပေသည်။

Advertisements

မကြာခဏ ဆိုသလို မွန်ပြည်နယ် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးများကို နေ့စဉ် ရာဂဏန်းမှ သောင်း ဂဏန်းအထိ ဖမ်းဆီးရမိနေသည် ။
ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရာတွင် အကိုင်းအဖျားများကိုသာ ဖမ်းဆီး နေခြင်း ဖြစ်ပြီး အဓိကကျသည့် ပင်စည် အရင်းအမြစ်ကိုမူ ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဝေဖန်ကြသည်။

၂၀၁၆ ဇန်နဝါရီလ ၁ရက်နေ့မှ ဇွန်လ ၅ရက်နေ့အထိ စိတ်ကြွဆေးပြား ၁၀၃၆၂ပြား၊ ဆေးခြောက် ဝ.၇၆ဂရမ်၊ ICE ၁၂၅ ဒသမ ၂ ဂရမ် တို့ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိရာတွင် ကျား ၁၁၅ဦး၊ မ ၁၂ဦး စုစုပေါင်း ၁၂၇ ဦးတို့ပါဝင်သည်။

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက မူးယစ်ဆေးဝါး ဖမ်းဆီး ရေးလုပ်ငန်းများကို မွန်ပြည်နယ် ရဲတပ်ဖွဲ့ထံ အပြည့်အဝ တာဝန်ပေးကာ လုပ်ဆောင်ခိုင်းထား ကြောင်း ဆိုသည်။

“အဓိကကတော့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့ဆိုတာရှိတယ်၊ရဲဆိုတာကတော့ ဖမ်းလို့ရတာ အကုန်လိုက်ဖမ်းတယ်၊ တို့ရဲ့လုပ်ငန်းကတော့ မှုခင်းကိုအဓိကထားတယ်၊ သူ့အဖွဲ့နဲ့သူ လှုပ်ရှားကြတယ်၊ မူးယစ်အဖွဲ့ကတော့ အင်အားနည်းတယ်၊ ပြည်နယ်တစ်ခုလုံးအတွက် တတ်နိုင်တဲ့အင်အားမရှိဘူး”ဟု မွန်ပြည် နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး ဝင်းအောင်က ဆိုသည်။

မွန်ပြည်နယ် ရဲတပ်ဖွဲ့ အင်အား လုံလောက်မှုမရှိဟုဆိုသည့် အကြောင်းပြချက်ကို ကြားနေရသည်မှာ ၁၀စုနှစ် တစ်ခုမက ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောဆိုလျက်ရှိသည်။

Advertisements

မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့်လည်း အခက် အခဲများစွာ ရှိနေသည်။

အကြောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲနေသည် ဟူသည့် သတင်းခိုင်ခိုင်မာမာ ရရှိ မှု သတင်းပေး အရင်း အမြစ်ရှားပါးနေခြင်းဖြစ်သည်။

“သတင်းပေးတွေကို ပိုက်ဆံတွေပေးပြီးတော့မေးရတယ်၊ သူတို့က အသက်လည်းပေးရတယ်လေ ၊စရိတ်စက ပေး တယ်၊ထောက်ပံ့ကြေးပေးတယ်၊ ဒီလိုနည်းနဲ့ သူတို့ကိုလိုက်မွေးရတယ်၊ စေတနာပါတဲ့လူတွေပေါ့၊ အခြေအနေတွေကတော့ အများကြီးခက်ခဲတယ်”ဟု မူးယစ် ဆေးဝါးများဖမ်းဆီးနေသော ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။

သတင်းပေးအရင်းအမြစ် ရှားပါးသောကြောင့် ရက်ကွက် တိုင်းတွင် ရဲသတင်းပေးများကို မွေးနိုင်ဖို့အတွက် စည်းရုံးသိမ်းသွင်း ရာတွင် လည်းအချက်အခဲများစွာရှိကြောင်း ရဲမှူးကြီး ဦးဝင်းနိုင်က ဆိုသည်။

“အဲ့လိုပေါ့ သတင်းတစ်ခုရဖို့ဆိုတာ မလွယ်ဘူး၊ဒါက ပြည်သူတွေ လိ်မ္မာပါးနပ်စွာနဲ့သတင်းပေးလို့ရအောင် မူးယစ်တပ်ဖွဲ့တွေ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းသင့်တယ်ဆိုတာလေး ကိုလုပ်ရမှာ ဖြစ်တယ်၊ ပြည်သူတွေက သတင်းပေးတဲ့နေရာမှာ အခက်အခဲတွေရှိတယ်”ဟုဆိုသည်။
မွန်ပြည်နယ်အတွင်းမြို့နယ် ၁၀မြို့နယ်တွင် မော်လမြိုင်မြို့နယ်သည် နှစ်စဉ် မူးယစ်ဆေးဝါးဖမ်းဆီးရမိ မှုအများဆုံးဖြစ်သည်။
မွန်ပြည်နယ် အတွင်းရှိ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြား၊ဆေးခြောက်နှင့်Ice တို့သည် မြဝတီ၊ ကော့ကရိတ်၊ရန်ကုန်နှင့် ရှမ်းပြည်နယ်တို့မှ စီးဆင်းလာသော လမ်းကြောင်းများဖြစ်သည်။

ပထမ အကြိမ် လွှတ်တော် တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း မေးခွန်းနှင့် အဆိုများကို တင်ပြ မေးမြန်းခဲ့သော်လည်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကိုသာ သက်ဆိုင် ရာ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး ကပြောကြားသည်။

“မူးယစ်ဆေးဝါးကအဓိကအားဖြင့် ဝန်ထမ်းတွေ၊သက်ဆိုင်ရာလုံခြုံရေးတွေကိုလည်း သေချာစစ်ဖို့အရေး ကြီးတယ်၊ အဲ့လိုလုပ်ရင်တော့ မူးယစ်ဆေးဝါးကပပျောက်မှာပေါ့၊အရင်းကိုမခုတ်ဘဲနဲ့ အကိုင်းကိုပဲခုတ်နေသလို ဖြစ်နေတယ်၊ ရောင်းဝယ်ဖောက်ကားတဲ့သူနဲ့ သုံးစွဲတဲ့သူတွေလောက်ပဲ ဖမ်းနေတာတွေ့ရတယ်၊ မူးယစ်ဆေးဝါး အရင်း မြစ်ကတော့ လွယ်လွယ်နဲ့ ဘယ်တော့မှမကုန်နိုင်ပါဘူး”ဟု ကျိုက်မရောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် မင်းအောင်မွန်က ထောက်ပြသည်။

လက်ရှိ အစိုးရအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနိုမ်နင်းရေး စီမံချက်များကို တင်းတင်းကျပ်ကျပ် ရေးဆွဲဆောင် ရွက်သင့်ကြောင်း ဆိုသည်။
အစိုးရအနေဖြင့် နယ်စပ် ဂိတ်များကို တိတိကျကျ စစ်ဆေးနိုင်ရန် လိုအပ်ကြောင်းဆိုသည်။
မူးယစ်ဆေးဝါး ဖြန့်ချိ ရောင်းချခြင်းများ သည် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ပတ်သက်နေမူများ လည်းရှိပြီး သက်ဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်ပတ်သက်နေကြောင်း ဆိုသည်။

“နယ်စပ် က ကားအဝင်အထွက်တွေကို ကျွန်တော်တို့ တစ်စီးဝင် တစ်စီးထွက် လိုက်စစ်နေရင် ပြည်သူတွေ အနှောင့်အယှက် ဖြစ်နိုင်တယ်လေ၊ အဲ့ဒါကြောင့် သတင်း ရမှ သာ သွားဖမ်းတာ၊ ပြည်သူတွေအနေနဲ့လည်း သတင်းကို ခိုင်ခိုုင်မာမာပေးဖို့လိုတယ်”ဟု ရဲမှူးကြီး ဝင်းနိုင်ကဆိုသည်။
မော်လမြိုင် လမ်းမများပေါ်တွင် ကားများရပ်ထားကာ ကားထဲတွင် မူးယစ်ဆေးဝါးများကို သုံးစွဲနေသည်ကို တွေ့မြင်နေရကြောင်း လမုတန်းရပ်ကွက်ရှိ် ဆိုင်ကယ် ကယ်ရီသမားများထံမှသိရသည်။

မော်လမြိုင်တက္ကသိ်ုလ်၊တောင်ဝိုင်း၊ ကန်သုံးကန်နှင့် တောင်ရိုးတန်း နေရာများတွင် လူငယ်များမူးယစ်ဆေးဝါး သုံးစွဲနေသည်ကို လည်း မကြာခဏ ဆိုသလို မြင်တွေ့နေရကြောင်း ဆိုသည်။

မော်လမြိုင် တက္ကသိုလ် အနီးတစ်ဝိုက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေ သောကြောင့် ဈေးဆိုင်များကို လာရောက်စစ်ဆေးခြင်းနှင့် သတိပေးတားမြစ်ခြင်းတို့ မှာကြားထားကြောင်း အဆိုပါ တက္ကသိ်ုလ် အနီး ဈေးဆိုင်များမှ သိရသည်။

“ဒီနားမှာတော့ ကြားနေရတာပဲလေ၊ ဒါတွေကိုထိထိရောက်ရောက် အရေးယူပေးနိုင်ရင်တော့ ပျောက်သွားမှာ ပေါ့၊ ဆိုင်တွေကို တော့ သတိပေးထားတာပေါ့၊ အမှန်တော့ကျောင်းသား တွေအထိုင်များတဲ့ ဆိုင်ဖြစ်နေတာ လည်းပါတာပေါ့”ဟု စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
မော်လမြိုင် တက္ကသိုလ်ကျောင်း ပရိဝုဏ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသားများ ကြား တွင် ရှိနေကြောင်း ဆိုင်ကယ် ကယ်ရီ သမား တစ်ဦးကပြောသည်။

မော်လမြိုင်တက္ကသိုလ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသည့် ကျောင်းသားများရှိသည်ဟု သတင်းများထွက် ပေါ်နေသော် လည်း လက်ရှိအချိန်အထိ ဖမ်းဆီးရမိမှု၊တွေ့ရှိမှုများ မရှိသေးကြောင်း အဆိုပါ တက္ကသိုလ် မှ မော်ကွန်းထိန်း ဒေါ်မေမီဇင်က ဆိုသည်။

“မသေချာဘဲနဲ့တော့ ပြောလို့မရဘူး ၊ သက်ဆိုင်ရာကနေပြီးတော့ တရားဝင် အကြောင်းကြားမှ ရမယ်၊ ဆရာမတွေကို လည်း ကျောင်းဝန်းထဲမှာ သူ့ကျောင်းသား သူထိန်းသိမ်းဖို့အတွက်မှာထားပါတယ်။ ရဲတပ်ဖွဲ့စီမံချက်တွေနဲ့ ဟောပြောပွဲ အသိပညာပေးတွေတော့ ပုံမှန်လုပ်နေပါတယ်”ဟုဆိုသည်။
လူငယ်များ အတွက် အန္တရာယ် အကြီးအမားဆုံး နှင့် ဘဝ တိုးတက်မှု ပိတ်ဆို့ ဟန့်တား ထားနိုင်သည့် အဓိက ခြိမ်းခြောက်မှု တစ်ခုကတော့ မူးယစ်ဆေးဝါး စွဲလန်းမှု ပြဿနာပင် ဖြစ်သည်။

ခေတ်ရေစီးကြောင်းတိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ လူငယ်များအတွက် စိတ်ရောကိုယ်ပါ အပန်းဖြေ စရာ နေရာများ၊ ပစ္စည်းများ အလွန် တိုးတက် လာသည်။

“သေချာလုပ်ရမယ်၊ တက္ကသိုလ်ကျောင်းတွေမှာ မူးယစ်ဆေးသုံးတဲ့ကျောင်းသား/သူတွေလည်း ရှိနေတယ်၊ လွှတ်တော်အနေနဲ့က ဒီကိစ္စကိုကိုင်တွယ်တယ်ဆိုပေမယ့်၊ ဒါတွေကိုလည်း လွှတ်တော်အနေနဲ့စနစ်တကျ ကိုင်တွယ်မယ့်အနေအထားမှာရှိနေပါပြီ၊ အကောင်းဆုံးနည်းလမ်းကတော့ လွှတ်တော် ကော်မတီအနေနဲ့ လုပ်တာအကောင်းဆုံးပေါ့” ဟု ကျိုက်ထိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးဇံက ပြောသည်။

မူးယစ်ဆေးဝါးတားဆီးနိုင်ရန် ပြည်နယ် အစိုးရ၊ ပြည်နယ် လွှတ်တော်၊ ပြည်သူလူထု နှင့် ဌာနဆိုင်ရာ အလိုက် ပူးပေါင်း ပါဝင် ဆောင်ရွက် ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဆိုသည်။

တက္ကသိုလ်ကျောင်းသားများအနည်းစုသာလျှင်စိတ်ကြွဆေးသုံးစွဲမှုကြောင့် စိတ်ရောဂါများခံစားရ၍ မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံ မူးယစ်ဆေးစွဲနှင့် စိတ်ပိုင်းဆိုင်ရာ ကုသရေးဌာန သို့လာရောက်ပြသ မှုရှိကြောင်း မူးယစ်ဆေးစွဲနှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ တင်ဝင်းမြင့်က ဆိုသည်။

ကျောင်းသားအနည်းစု ဆေးစွဲရခြင်းမှာ ဆေးရလွယ်သည့်ပတ်ဝန်းကျင်နှင့် ဆေးစွဲသောအပေါင်းအသင်းများ၏ သွေးဆောင်မှုကြောင့် ကျောင်းသားများဆေးစွဲခြင်းဖြစ်ရပါသည်ဟုဆိုသည်။

“ပြင်ပကုသမှုပေးရသော ဆေးစွဲလူနာဦးရေမှာ တစ်လလျှင် ပျမ်းမျှ သုံးဆယ်မှ လေးဆယ်အထိရှိပြီး အတွင်းလူနာ တစ်လလျှင် ၃ဦးမှ ၅ဦးနှင့် စိတ်ကြွရူးသွပ်ဆေးပြားစွဲလူနာများကို လူနာခံစားနေရသော စိတ်ရောဂါလက္ခဏာများအပေါ်မူတည်၍ စိတ်ငြိမ်ဆေး သောက်ဆေးထိုးဆေးများကို ၃လမှ ၆လအထိ အချိန်ပေးကုသပေးနေပါတယ်”ဟု ဆိုသည်။

စိတ်ကြွ ဆေးစွဲလူနာများမှာ အသက် ၁၈နှစ်မှ အသက် ၄၅ နှစ်အရွယ် အထိ သုံးစွဲမှုများပြားကြောင်း ဆိုသည်။ မူးယစ်ဆေး သုံးစွဲမှုများသည် လူငယ်များအကြားရေပန်းစားနေပြီး မိန်းကလေးများပါ သုံးစွဲနေသည် ကို တွေ့မြင်ရသည်။

“ပြည်သူပါဝင်အောင်ဘယ်လိုနည်းနဲ့ လုပ်ရမလဲ၊ကျွန်တော်တို့ဖမ်းလာတာ အတော်ကြာပြီ၊ မြင်ရတာကတော့ မလျော့တဲ့အပြင်ကို တိုးနေသလိုဖြစ်နေတယ်၊ ဒါတွေက ထုတ်လုပ်တဲ့သူရှိသလို ဝယ်တဲ့လူရှိနေတော့ လူတိုင်းကပါဝင်ဆောင်ရွက်မှုရှိမှဖြစ်မယ်”ဟု မူးယစ်တပ်ဖွဲ့စု(၃၈)မော်လမြိုင်မှ ဒုရဲမှူး နိုင်ထန်းမနားကပြောသည်။

မူးယစ်ဆေးဝါး နှိမ်နင်းရာတွင် ဥပဒေဖြင့်အရေးယူတာ တစ်ပိုင်း၊ ပညာပေးအစီစဉ်မျိုး လုပ်ဆောင်သွားမည်ဆို ပါက လူငယ်တွေကြားထဲတွင် အချိန်မီ တားဆီးနိုင်မည် ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

မွန်ပြည်နယ်ရှိ ပြည်သူလူထုကြား မော်လမြိုင် ထောင်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိသည် ဆိုသည့် သတင်းများ ကြောင့် မွန်ပြည်နယ် အတွက် မူးယစ်ဆေး သတိပေးခေါင်းလောင်းသံ ကား ပို၍ ကျယ်လောင် လာသည်။

နေ့စဉ်နှင့် အမျှ မူးယစ်ဆေး ဝါးဖမ်းဆီး ရမိ နေသော မွန်ပြည်နယ် အတွက် ယင်းပြဿနာ က အဓိက ထား ဖြေရှင်း ရမည့် ပြဿနာ တစ်ရပ် အဖြစ် ဦးဆောင်နေလေပြီ ။

ထိုပြဿနာ ကို အစိုးရ အဖွဲ့ အနေနှင့် တိကျ သော စီမံကိန်း များထားရှိရန် လို အပ်နေလေ ပြီ။
ထိုကိစ္စ အမြစ်ပြတ်ချေမှုန်း ရေးအတွက် အစိုးရ နှင့် ရဲ တပ်ဖွဲ့ ကိုမေးခွန်းထုတ်သူမှာ မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးဖြစ်သည်။

“ မူးယစ် နှိမ်နင်းရေးတပ်ဖွဲ့တွေရဲ့ အင်အားတောင့်တင်းခိုင်မာမှု နဲ့သူတို့ကို လုံလောက်တဲ့ ပစ္စည်းတွေ မပံ့ပိုးပေးနိုင်တာက လည်းတစ်ပိုင်းပေါ့နော်၊ တစ်ဖက်ကလည်း သူတို့ကိုယ်တိုင်ကိုက သေသေချာချာ အမြစ်ဖြတ် ခြေမှုန်းချင်တဲ့စိတ်ရော ရှိရဲ့လား ဆိုတာ ဒါကိုလည်း စဉ်းစားဖို့တစ်ချက်ဖြစ်တယ်၊”ဟုသူကဆိုသည်။

Advertisements

Leave a Reply