အိုဟောင်းနေသည့် ဥပဒေများ မြန်မာ့တရားစီရင်ရေး၌ မရှိသင့်တော့ဟု နယူးဇီလန်သံအမတ်ပြော

3

 

မော်လမြိုင် အောက်တိုဘာ

မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်သည် တရားစီရင်ရေးစနစ်နှင့် သက်ဆိုင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ် မစ္စတာစတိဗ့်မာရှယ်ကပြောသည်။

အောက်တိုဘာ ၁၇ ရက်နေ့က သံဖြူဇရပ်စစ်သချိုင်းတွင် ကျင်းပခဲ့သော ထိုင်း-မြန်မာသေမင်းတမန်
ရထားလမ်း ဆောက်လုပ်ပြီးစီးမှု ၇၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာစဉ် ဟင်္သာမီဒီယာ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီအသိုင်းအဝိုင်းအတွက် လွန်စွာအရေးပါသည်မှာ ထင်ရှားကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိမီဒီယာအခြေအနေသည် မီဒီယာအရေး တစ်ခုတည်းတင်မဟုတ်ဘဲ တရားစီရင်ရေးစနစ်နှင့် သက်ဆိုင်နေကြောင်း ၎င်းကဆိုသည်။

“မီဒီယာအရေးဟာ ဥပဒေပြုရေးနှင့် အားလုံးသက်ဆိုင်နေတယ်။ အလွန်အမင်း အိုဟောင်းနေပြီး မြန်မာနိုင်ငံရဲ့ တိုးတက်လာတဲ့ အခင်းအကျင်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ဥပဒေတွေဟာ တရားစီရင်ရေးစနစ်မှာ မရှိသင့်တော့ပါဘူး” ဟု ၎င်းကပြောသည်။

ပြောင်းလွယ်ပြင်လွယ်မရှိသော တရားစီရင်ရေးစနစ်ဟောင်းများသည် မီဒီယာလွတ်လပ်ခွင့်အား သက်ရောက်မှုရှိနေသည်ကို တွေ့မြင်ရကြောင်း၊ တချိန်တည်းမှာပင် ဖမ်းဆီးခံသတင်းထောက်များသည် အကျဉ်းချခံသင့်သည်ဟူသော နားလည်မှုမျိုး ရှိနေသည်မှာ မဖြစ်သင့်ကြောင်း ၎င်းကပြောဆိုသည်။

“ဒါဟာ မြန်မာပြည်ရဲ့အရေးကိစ္စဖြစ်တဲ့အတွက် အစိုးရမှာ အဓိကတာဝန်ရှိတယ်ဆိုတာ ပြောစရာမလိုပါဘူး။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ အများကြီးစိုးရိမ်မိပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာ့မီဒီယာအနာဂတ်နှင့် ပတ်သက်၍ ယခုထက်ပိုပြီး အခြေအနေပိုမိုကောင်းမွန်လာမည် ဆိုးရွားသွားမည်ကို မပြောနိုင်ကြောင်း၊ တရားစီရင်ရေးစနစ်ကို မြှင့်တင်ရန် အစိုးရက အားထုတ်နေမည်ဟု မျှော်လင့်ပြီး မမှန်မကန် ထောင်ချခံရသော သတင်းထောက်များ လွတ်မြောက်ရန် ပြန်လည်သုံးသပ်မည့် အစိုးရ၏ ဆုံးဖြတ်ချက်များကို တွေ့မြင်ရဖို့ ဆန္ဒရှိကြောင်း ၎င်းကပြောသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်