မြတ်ဆရာနှင့် သူတော်ဥစ္စာ ၇ ပါး

ငြိမ်းသဇင် (ပညာရေး)

ကမ္ဘာပေါ်တွင်သက်ရှိသတ္တဝါပေါင်း မြောက်မြားစွာ ရှင်သန်နေထိုင်လျက်ရှိရာ အခြားသက်ရှိများထက် လူတို့၏ဘဝယဉ်ကျေးမှုမြင့်မားလာခြင်း၊ လူနေမှုဘဝတိုးတက်လာခြင်း၊ ဉာဏ်ပညာအဆင့်ဆင့်မြင့်မားတိုးတက် လာခြင်းတို့၏ အဓိကအကြောင်းရင်းမှာ လူသားမျိုးနွယ်စုတို့ကို ဆင့်ကဲဆင့်ကဲ သင်ကြားပေးသော ဆရာများကြောင့် ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။

အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်လောင်းများ၊ နောက်လိုက်ကောင်းများ၊ ပညာရှင်လောင်း များ မွေးထုတ်ပေးနေသူများဖြစ်ပါသည်။ ပညာရေးစနစ်၏ ရလဒ်ကောင်းများထွက်ပေါ်လာအောင် အဓိကကြိုး စားရမည့်သူများဖြစ်သည့် ဆရာများတွင် ကလေးများ အားကိုးထိုက်သော စံနမူနာကောင်းများရှိရန် အထူးလို အပ်လှပါသည်။

“ စံ” ဆိုသည်မှာ အကောင်းဆုံးနမူနာ၊ နှိုင်းယှဉ်အပ်သောအရာ၊ ဓမ္မသတ်ကျမ်းဂန်၊ ထုံးဟောင်းစံဟောင်း အထောက်အထားဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဆရာဟူသည် တပည့်များ၏ လောကီ လောကုတ် နှစ်ဖြာသောအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ရမည့်ပုဂ္ဂိုလ် များဖြစ်ပေသည်။

သို့ဖြစ်ပါသောကြောင့် တပည့်များစံထားကိုးကွယ်အပ်သော ဆရာကောင်းဆရာမြတ်များဖြစ်ရန် ဆရာတိုင်းတွင် ရှိအပ်သော စေတနာ၊ ဝါသနာ၊ အနစ်နာ၊ စံနမူနာတည်းဟူသော နာ(၄) နာအပြင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ အကြင်နာစသော ဆရာကောင်းတို့၏ အခြေခံကောင်းများနှင့် ပြည့်စုံရန်လိုအပ်လှပါသည်။ ဖယောင်းလို နုနယ်သောကလေးငယ်၏ စိတ်ကိုလှပယဉ်ကျေးအောင် ပုံသွင်းပြုပြင်ပေးရန်မှာ ဆရာ့တာဝန်ဖြစ်သည်။

ကျောင်းတော်သို့ ရောက်လာသောကလေးငယ်များကို “ စာကိုလည်းသင်၊ လူကိုလည်းပြင်” ဟူသောဆောင် ပုဒ်နှင့်အညီ ဆရာများသည်ကျောင်းသင်ဘာသာရပ်များသင်ကြားပေးရုံသာမက ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပေးရန်လိုအပ်ပါသည်။ စိတ်ဓာတ်နှင့်စည်းကမ်းသည် အတန်းပညာရှေ့မှ သင်ကြားလေ့ကျင့်ပျိုးထောင် ပေးရမည့်အရာဖြစ်ပေသည်။

ကလေးများအားယနေ့ခေတ်၏ စိန်ခေါ်မှု ပြင်းထန်သော ကမ္ဘာကြီးကိုရင်ဆိုင်နိုင်စေရန် ဖြစ်နိုင်သမျှ သော နည်းလမ်းအားလုံးဖြင့် ပုံသွင်းရန်အတွက် ဆရာများ၏စံနမူနာကောင်းများစွာထဲမှ စိတ်ရှည်သည်းခံခြင်း၊ အမြင်ကျယ်ခြင်း၊ ကမ္ဘာ့ဖြစ်ရပ်များကို အမြဲမပြတ် သတိမူခြင်း၊ စေတနာထားခြင်းနှင့်တရားမျှတမှုကိုလိုလား ခြင်းစသောအရည်အသွေးများရှိရမည်ဖြစ်ပေသည်။

ဆရာဟူသည် “ စံနမူနာကောင်း၊ ဆရာဟူသည် အခရာ” ဟူသောစကားလာရှိသည့်အတိုင်းဆရာသည် အရည်အသွေးပြည့်ဝသော ပညာရေးအဆောက်အအုံကြီး တစ်ခုလုံးအတွက် အခြေခံအကျဆုံး ဖြစ်ပေသည်။

“ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည် ဆောက်အံံ့” ဟူသောဆောင်ပုဒ်ကိုလက်ကိုင်ထား၍ အမျိုးသားပညာရည်မြင့်မားရေး အထူးစီမံကိန်းကိုအကောင် အထည်ဖော်နေသောမျက်မှောက်အခါသမယတွင် ဆရာများသည် အရည်အချင်းပြည့်ဝသော၊ အရည်အသွေး တောက်ပြောင်သော စံနမူနာကောင်းများနှင့်ပြည့်စုံသောဆရာဘဝဖြင့်တပည့်များကို ပိုမိုပြုစုပျိုးထောင်ပေးရပေမည်။

ဆရာကောင်းဆရာမြတ်ဟူသည် တပည့်တိုင်း၏ ရှေ့ဆောင်မီးရှူးတန်ဆောင်ဖြစ်ရန် ကျေပွန်ထမ်းရွက်ရ မည်ဖြစ်သလိုလေ့ကျင့်သင်ကြားပေးရမည့်အရာခုနစ်ပါးရှိပါသည်။ ယင်းကားအခြားမဟုတ်။ သူတော်ကောင်းဥစ္စာ(၇)ပါးဟုဆိုအပ်သောသဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပ ဟူ၍တည်း။

သဒ္ဓါ ဟူသည် ယုံကြည်ခြင်းပေတည်း။ ရတနာမြတ်သုံးပါ ၊ ခင်ပွန်းကြီးဆယ်ပါးကိုယုံကြည်ခြင်းအပြင် ကံ၊ ကံ၏ အကျိုးကို ယုံကြည်ခြင်းလည်းပါဝင်ပေသည်။ သီလဟုဆိုရာဝယ် အာဇီဝဋ္ဌ မက သီလတည်းဟူသော သူ့အသက်မသတ်ခြင်း၊ သူ့ဥစ္စာမခိုးဝှက်ခြင်း၊ သူ့အိမ်ယာမမှောက်မှားခြင်း၊ လိမ်ညာမပြောဆိုခြင်းအပြင် သိမ်ဖျင်းသောစကား၊ ကုန်းစကား၊ ဆဲရေးတိုင်းထွာမှုအပါအဝင် ရုန့်ရင်းကြမ်းတမ်းသောစကား၊ အချွတ်အချော် လော်လီလျှပ်ပေါ် စကားတို့ကို ရှောင်ရှားရပေမည်။

ထိုမျှသာမက အဆိပ်သေရည်၊ မူးယစ်ဆေးဝါးလက်နက်ခဲ ယမ်းရောင်းဝယ်ဖောက်ကားခြင်းတို့သည်လည်း အကျူံးဝင်ပေသည်။ သီလသည်လောကီလောကုတ် နှစ်ဖြာသောအကျိုး၏ အခြေခံရင်းမြစ်ဖြစ်သည့်နည်းတူနိဗ္ဗာန် ရောက်ကြောင်းသူတော်ကောင်းတရားတစ်ပါး ပင်ဖြစ်ပေသည်။

သုတဟူသည် အကြားအမြင်ရှိခြင်းပင်ဖြစ်ပေသည်။ အသိပညာ ၊ အတတ်ပညာဝိဇ္ဇာသိပ္ပမချန် ပိဋကတ်တော်တို့ကိုသင်ကြားတတ်မြောက်မှု သိရှိနားလည်မှုများပင်ဖြစ်ပေသည်။ ယင်းတို့ကိုသိရှိနားလည်မှ သာနည်းလမ်းမှန်ကန်စွာကျင့်ကြံအားထုတ်နိုင်ကြမည်ဖြစ်သည်။ ဆရာတို့မချွတ်ဆက်ဆက် ထမ်းရွက်ရမည်ကို အထူးညွှန်းဆိုရန်ပင် လိုအံ့မထင်ပါ။

စာဂဆိုသည်မှာ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းပင်။ ကြွေးဟောင်းဆပ်ခြင်း၊ ကြွေးမြီသစ်ချခြင်းသာဓက အထူးထူးကိုဆောင်လျက် ဆရာကတပည့်တိုင်းအပေါ် သွန်သင်ညွှန်ကြားရန်မှာ မထမ်းမနေ ဆောင်အပ်သော ဝန်တာပေတည်း။ လောကသည်ယူသောလက်တို့ဖြင့် တည်ဆောက်သည်မဟုတ်။ ပေးသောလက်တို့ဖြင့်ထု ဆစ်ဖန်တီးသည် မဟုတ်ပါလော။

ပညာဟူသည်မူ ဟုတ်တိုင်းမှန်စွ သိခြင်းမည်သတည်း။ ဆင်းရဲအမှန်၊ ဆင်းရဲစေကြောင်းအမှန်၊ ဆင်းရဲ ချုပ်ငြိမ်းရာအမှန် စသည်တို့ကိုသိတတ်သောဉာဏ်ပညာပင်။ မကောင်းမှု ဒုစရိုက်ပြုခြင်းကို ရှက်ခြင်း၊ ဟီရိ၊ သြတ္တပ္ပ၊ အဆိုပါ နှစ်ရပ်မှာ လူ့ ယဉ်ကျေးမှု၏အစ အလယ် အဆုံး သုံးနယ်စလုံးတွင် အတွင်ကျယ်ဆုံးရတနာထိုက်သော သိက္ခာဖြစ်ကြောင်း တပည့်တို့ ဂဃနဏ ရေလည်တိကျစွာ နှလုံးအိမ်မှ စိမ့်ကျမတတ် သင်ကြားညွှန်းဆိုရပေမည်။

ဆရာတို့သည် ယင်းဥစ္စာ (၇) ရပ်ကို….မိမိကိုယ်တိုင်စံနမူနာယူထိုက်သူဖြစ်စေသကဲ့သို့တပည့်တိုင်းအ ပေါ် အညွှန်းကိန်းအဆင့်ဆင့်ဖြင့် တွက်ချက်သုံးသပ်တတ်စေရန် သင်္ချာအဆန်ဆုံး အံဝင်ခွင်ကျရှိစေရလိမ့်မည် သာဖြစ်ပေသည်။

ယနေ့ခေတ်သည် “ ပညာဖြင့် မောင်းနှင်သောခေတ်” ကိုရောက်ရှိနေပြီဖြစ်၍ခေတ်စနစ်ပြောင်းလဲလာ သည်နှင့်အမျှ လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာခေတ်မီမှု၊ ဦးနှောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများသည်လည်း လိုက်ပါပြောင်းလဲလာနေပါသည်။

ထိုသို့သောဖွံ့ဖြိုးတိုးတက်မှုများကိုမှန်ကန်သောအသုံးချမှု၊ လူသားတို့အ တွက်အကျိုးပြုမှုများဖြစ်စေရန်အတွက် ကိုယ်ချင်းစာတရား၊ မေတ္တာတရားများနှင့်ထိန်းညှိထားနိုင်ရန်လိုအပ်ပါ သည်။ ထိုအရာများကို နည်းမှန်လမ်းမှန် ညွှန်ပြနိုင်သူများမှာ စံနမူနာကောင်းများ၏ အရှင်သခင်ဆရာများပင် ဖြစ်ပေသည်။ ။

ငြိမ်းသဇင်(ပညာရေး)

Leave a Reply