သေနတ်၊ မူးယစ်ဆေးနှင့် လိုင်စင်မဲ့အရေး အဖြေရှာပေး

အယ်ဒီတာ့ အာဘော်

 

လက်နက်ဆိုသည်မှာ စွဲကိုင်သူအပေါ် မူတည်၍ တန်ဖိုးရော အနှစ်သာရပါ ပြောင်းလဲတတ်မြဲဖြစ်သည်။

လုံခြုံရေးအတွက် အကာအကွယ်ပြုရန် မိတ်ဖက်အဖြစ် လက်နက်ကို အသုံးပြုကြသလို လက်နက်ကပင်လျှင် လုံခြုံရေးကို တဖန် ပြန်လည် ခြိမ်းခြောက်တတ်သော သဘော အပြည့်ဆောင်သည်။ ကိုင်ဆောင်သူ၏ ရည်ရွယ်ချက်နှင့် ရပ်တည်မှုသာ ပဓာနဟု ဆိုရန် အကြောင်းရှိ၏။

မကြာသေးမီ ရက်ပိုင်းက မော်လမြိုင်မြို့ပေါ်မှာ လိုင်စင်မဲ့ယာဉ်၊ သေနတ်၊ မူးယစ်ဆေးဝါးတို့ ဒွန်တွဲရောယှက်နေသော မှုခင်းဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။ ကာယကံရှင်မှာ ငြိမ်းချမ်းရေးအဖွဲ့အစည်းတစ်ရပ်က ဖြစ်နေကြောင်းလည်း သိရ၏။ ယင်းက ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ကို ပစ်ခတ်သလို လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကိုပါ ထိခိုက် ဒဏ်ရာရစေခဲ့သည်။ သက်ပြင်းချရ ကောင်းနိုး သက်မ,ရှိုက်ရကောင်းနိုး ဖြစ်စဉ်တစ်ရပ်ဟုလည်း ဆိုနိုင်ပေ၏။

သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူကို ပုဒ်မတွေ တစ်သီကြီး တပ်၍ အရေးယူကာ ပြစ်ဒဏ်တွေ တစ်တန်းကြီး ချမှတ်လိုက်ပြီဆိုစေဦး၊ အထက်တွင် ဆိုခဲ့သည့် လိုင်စင်မဲ့ယာဉ်၊ သေနတ်၊ မူးယစ်ဆေးဝါးဟူသည့် စကားရပ်တို့က မေးခွန်းများစွာကို ချန်ထားရစ်မည်သာ ဖြစ်သည်။ မကြာခဏ ကြားသိမြင်တွေ့ ဖတ်ရှုခဲ့ရသည့် သတင်းတွေထဲမှာလည်း ယင်းစကားလုံးက ထွေးရောယှက်တင် ပါလာခဲ့ပြီး ဖြစ်၏။

ယခုအခြေအနေမှာ ပြည်သူလူထုအဖို့ (လွန်ခဲ့သော ဆယ်စုနှစ်ကာလက ခေတ်စားခဲ့ဖူးသော ဘာသာပြန်သိုင်းဝတ္ထုစာအုပ်ထဲမှ စကားကို ယူပြောရလျှင်) ‘အန္တရာယ်၏ အငွေ့အသက်ကို ရှုရှိုက်လိုက်ရသည်’ဟု ဆိုရမတတ်ဖြစ်နေ၏။ လွတ်လပ်သော တိုင်းပြည်မှ မလုံခြုံသော ဘဝများဟုမူ ကင်ပွန်းမတပ် မသမုတ်လိုပါချေ။

သို့ဖြစ်ရာ ပြည်သူလူထု၏ လူမှုဘဝနှင့် အသက်အိုးအိမ်စည်းစိမ်အတွက် ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာ အထူးတလည် တာဝန်ရှိသော ပုဂ္ဂိုလ်တို့ထံ အစိုးရမှတဆင့် တင်ပြလိုခြင်း မေးမြန်းတိုက်တွန်းလိုခြင်း အကြောင်းရင်းခံပင်။

တိုင်းပြည်တစ်ပြည်၏ နောင်ကာလ ဖွံ့ဖြိုးရေးအတွက် လက်ရှိကာလ ငြိမ်းချမ်းရေးမှာ အခရာကျသည်ဖြစ်၍ လက်တွေ့ဆန်သောဖြေရှင်းဆောင်ရွက် တားဆီးမှုမျိုး အလျင်အမြန်လိုအပ်နေပြီမဟုတ်ပါလား။

အယ်ဒီတာ

Leave a Reply