တရားရေးမဏ္ဍိုင်ကြားရန် ပြည်သူ့အသံ

33

တရားရေးမဏ္ဍိုင်ကြားရန် ပြည်သူ့အသံ

“တရားသူကြီးများ ကျမ်းကိုင်တရားစီရင်ရေး စနစ်ပေါ်ပေါက်ရေး……ဒို့အရေး ဒို့အရေး”ဟူ၍ ကြွေးကြော်သံသည် လမ်းမကြီး တစ်ခုလုံးကို လွှမ်းခြုံနေ၏။

ယင်းသည် အောက်တိုဘာ ၁၆ ရက်၏ မွန်းတည့်ချိန်၌ မော်လမြိုင် အထက်လမ်းမကြီးတွင် အဆက်မပြတ် ကြားနေရသော အသံပင်။

မတရားသည့် တရားစီရင်ရေး စနစ်ပပျောက်ရေးအတွက်ဟုဆိုကာ လူအင်အား ၂၅၀ ကျော် ပါဝင်သော ဆန္ဒပြသူများသည် မော်လမြိုင် သံလွင်ဥယျာဉ်မှ စ၍ ပြည်နယ် တရားလွှတ်တော်အထိ ချီတက် လမ်းလျှောက်စဉ် အဆိုပါ ကြွေးကြွော်သံကိုဟစ်အော်နေခြင်းဖြစ်၏။

ချီတက် ဆန္ဒပြရာ လမ်းကြောင်း တစ်လျှောက်တွင် မတရားသည့် တရားစီရင်မှုစနစ်ပပျောက်ရေး၊ လာဘ်ပေးလာဘ်ယူစနစ်ပပျောက်ရေး၊ ပြည်သူ့ဘဝ လုံခြုံမှုကို အာမခံချက်ပေးနိုင်သည့် တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေး၊ တရားသူကြီးများ ကျမ်းကိုင်တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေး၊ မမှန်မကန်ဆောင်ရွက်သည့် တရားရေးဝန်ထမ်းများ အရေးယူဆောင်ရွက်ရေး စသည့်ကြွေးကြော်သံများက ဟိန်းလျှက်။

ဆန္ဒပြရာတွင် ပါဝင်သူအများစုမှာ ပေါင်မြို့နယ် ဇင်းကျိုက်မြို့ သုဓမ္မဝတီ သီလရှင်စာသင်တိုက်ပြန်လည်ရရှိရေးအတွက် ပြည်နယ်တရားလွှတ်တော်ကို ဆန္ဒဖော်ထုတ်ကြသူများဖြစ်သည်။

ယင်းအပြင် တရားရေးမဏ္ဍိုင်ကို တည့်မတ်လို၍ ဝင်ရောက် ဆန္ဒပြသူ အချို့လည်း ပါဝင်၏။

“တစ်ခါမှလည်း မစစ်ဆေးဘဲနဲ့ ဒီအမှုကို ပလပ်လိုက်တယ်။ ကျွန်တော်တို့ကို ခေါ်ပြီးစစ်ဆေးလို့ ဒါမဟုတ်ပါဘူးဆိုရင် လက်ခံတယ်။ တရားသူကြီး ဖြူလားမဲလားမသိဘူး။ မသိဘဲနဲ့ ဒီလိုပလပ်လိုက်တယ်ဆိုကတည်းက ဒါတစ်ဖက်သတ် စီရင်ဆုံးဖြတ်တာပဲ” ဟုဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ပေါင်မြို့နယ် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းနိုင်က ဆိုသည်။

သာသနာ့နယ်မြေဖြစ်သည့် သုဓမ္မဝတီ သီလရှင်စာသင်တိုက်ပြန်လည်ရရှိရေးအတွက် သထုံခရိုင်တရားရုံးသို့ အလှူရှင်ဒေါ်ခင်စောဝင်းပါ ၃ ဦးက ၂၀၁၇ ခုနှစ်တွင် ဒေါ်သန္တာစိုးပါ ၂ ဦးအား တရားစွဲဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

အမှုကို သထုံခရိုင်တရားရုံးက ဤအဆောက်အဦးနှင့် မြေနေရာသည် အများပြည်သူပိုင်ဆိုင်ပြီး လှူဒါန်းထားခြင်း ဟုတ်မဟုတ်၊ အကယ်၍ လှူဒါန်းထားပါက တရားစွဲဆိုမည့်သူများလာရောက်ကြရန် သတင်းစာတွင် ကြေငြာရမည်ဟု အမိန့်ချလိုက်ခဲ့သဖြင့် ထိုစီရင်ချက်ကို မကျေနပ်သဖြင့် ဒေါ်သန္တာစိုးဘက်မှ ပြည်နယ်တရားလွှတ်တော်သို့ အယူခံဝင်သည်ဟု ၎င်းက ပြောဆိုသည်။

ယင်းနောက် ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော်က အဆိုပါအမှုအား တစ်ကြိမ်တစ်ခါမျှ စစ်ဆေးခြင်းမရှိဘဲ တရားစွဲဆိုပိုင်ခွင့် မရှိဟုဆိုကာပယ်ချလိုက်ကြောင်း ဦးဝင်းနိုင်က ပြောသည်။

မည်သို့ပင်ဖြစ်စေ အဆိုပါ ကိစ္စရပ်ကို မွန်ပြည်နယ် တရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်ကြည်ကြည်စိန်းက ယခုလို မှတ်ချက်ပေးသည်။

“ပယ်ခြင်းဖြစ်တဲ့အတွက်ကြောင့် ဒါနဲ့တင်ပြီးသွားမှာမဟုတ်ဘူး။ ဒီအမိန့်ကို အယူခံပြင်ဆင်ပြီး အများကြီးဆက်တက်လို့ရတယ်။ လိုလားချက်နှင့် ကိုက်ညီတဲ့အဆိုလွှာနှင့်လည်း ထပ်ပြီးတော့ အမှုကို စွဲခွင့်ရှိတယ်။ လုံးဝအဆုံးသတ်တာမဟုတ်ဘူး” ဟူ၍။

အမှုအား ပယ်ချရခြင်းမှာ သုဓမ္မဝတီ သီလရှင်စာသင်တိုက်အမှု၌ တရားလိုများ၏ အဆိုလွှာတွင်ဖော်ပြချက်များသည် တောင်းဆိုသည့်အချက်များရဖို့ရန် အကြောင်းမပေါ်သောကြောင့် အမှုကိုပယ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် အမှုပယ်ချခြင်းကို မေလ ၃၀ တွင် နှစ်ဖက်ရှေ့နေများ ကိုယ်တိုင်လျှောက်လဲသွားပြီး ဤအမှုအကြောင်း ကာယကံရှင်များ မသိဟုဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း ဒေါ်ကြည်ကြည်စိန်းကပြောသည်။

ယင်းဆန္ဒပြပွဲတွင် ပါဝင်လာခဲ့သော မော်လမြိုင်မြို့ မောင်ငံရပ်နေ ကိုဝင်းနိုင်ကမူ “ဖြစ်ပေါ်နေတဲ့အမှုတွေဟာ မတရားတဲ့အမှုတွေချည်းပဲ။ ဘာမှအပြစ်မရှိတဲ့သူတွေကို အပြစ်လုပ်ပြီးတော့ အမိန့်ချနေကြတာဖြစ်တယ်။ အပြစ်ရှိတဲ့သူတွေက လွတ်ကင်းနေတာတွေ့ရတယ်” ဟု ဆိုသည်။

ထို့ပြင် ရုံးတင်၍မရသော စာချုပ်အတုများကို ရုံးအတင်ခံ၍ တရားသူကြီးများက စီရင်ချက်ချနေကြောင်း၊ ငွေရှင် ဓနရှင်များက အပြစ်ရှိသော်လည်း အပြစ်မှလွတ်ကင်းနေသည်ဟု ၎င်းက ဝေဖန်ပြောဆိုသည်။

၎င်းနှင့်အတူ ဆန္ဒပြဦးဆောင်သူ ဦးဝင်းနိုင်က တရားသူကြီးများကျမ်းကိုင်တရားစီရင်ရေးစနစ်ပေါ်ပေါက်ရေး ကြွေးကြော်သံနှင့် ပတ်သက်၍ တရားသူကြီးများသည် ကျမ်းမကျိန်ဘဲ တရားစီရင်သောကြောင့် မမှန်မကန်လုပ်ကြသည်ဟု ပြော၏။

“တကယ်လို့ ကျမ်းကိုင်မယ်ဆိုရင် ဒီကျမ်းမှာ ဘယ်ကုသိုလ်နဲ့မှ ချေဖျက်လို့မရတဲ့ ကျိန်စာဆိုတာရှိတယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က တရားသူကြီးတွေကိုလည်း ကျမ်းကျိန်စေချင်တယ်” ဟု ဆိုသည်။

အဆိုပါကျမ်းများသည် ဗုဒ္ဓနည်းအရ ပါဠိစာများဖြင့်ရေးသားထားပြီး ကျိန်စာအစစ်အမှန်များဖြစ်ကြောင်း၊ တရားသူကြီးက အမှန်တကယ်ကျမ်းကျိန်ပြီး စီရင်ချက်ချမှသာ ယုံကြည်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

တရားသူကြီးများ ကျမ်းကိုင်တရားစီရင်ခြင်းနှင့် ပတ်သက်၍ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ကြည်ကြည်စိန်းက ယခုလို မှတ်ချက်ပြု၏။

တရားသူကြီးများ ကျမ်းကိုင်၍ စီရင်သည့်စနစ်မရှိသေးဟု ထင်မြင်ကြခြင်းမှာ မသိဘဲပြောဆိုနေကြခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှစတင်ပြီး တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အချိန်တွင် အစုအဖွဲ့လိုက်ကျမ်းသစ္စာကျိန်ဆိုရကြောင်း ၎င်းကပြောပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာပါမည်။ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ပန် ဆောင်ရွက်ပါမည်။

ထို့ပြင်တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်သည့် စာသားနည်းတူ သစ္စာဆိုရကြောင်း ၎င်းကပြောသည်။

“စီရင်ချက်မချခင်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့ လိုအပ်တယ်လို့ မထင်ပါဘူး။ တရားသူကြီးအဖြစ် စပြီးတာဝန်ယူကတည်းက ကျမ်းကျိန်ထားပြီးပြီ။ ဥပမာ ဆရာဝန်တွေဆိုရင် တစ်ခါတည်းကျမ်းကျိန်ထားတယ်။ လူနာမကုခင်အချိန်တိုင်းမှာ ထပ်ပြီးသစ္စာဆိုဖို့မလိုဘူး။ အဲဒီအတိုင်းပဲ” ဟု ဒေါ်ကြည်ကြည်စိန်းကပြောသည်။

တရားသူကြီးနှင့် အမှုသည်များ သစ္စာဆိုပုံမှာ ကွာခြားကြောင်း၊ အမှုသည်များ ကျမ်းကျိန်ရသည်မှာ အမှုတစ်ခုတည်းအတွက်ဖြစ်ပြီး တရားသူကြီးများမှာ အမှုတိုင်းအတွက် ကျမ်းကျိန်ထားသည်ဟု ၎င်းကဆိုသည်။

“တရားသူကြီးတွေအနေနဲ့ အဂတိလိုက်စားပြီးတော့ ဆုံးဖြတ်မယ်ဆိုရင် အရေးယူနိုင်တဲ့ အဂတိဥပဒေတွေ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ တရားသူကြီးရဲ့ တာဝန်ဝတ္တရားကိုက အမှုတိုင်းကို မှန်မှန်ကန်ကန်လုပ်ရမယ်ဆိုတာ ကျမ်းသစ္စာဆိုထားတာ” ဟု ၎င်းကပြောသည်။

တရားရုံးများသည် အမှုတွဲတွင် ပေါ်ပေါက်လာသော သက်သေထွက်ဆိုချက်များနှင့် သက်သေခံချက်များအပေါ် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆုံးဖြတ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ထိုသို့ အငြင်းပွာနေမှုများနှင့် စပ်လျဉ်း၍ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက တရားရေး မဏ္ဍိုင်၏ ဆုံးဖြတ်ချက်မှာ မမျှတဖူးဟု ထင်မှတ်ပါက အစိုးရနှင့် လွှတ်တော်သို့ အကူအညီ တောင်းခံနိုင်ကြောင်းနှင့် အပြန်အလှန် ထိန်ကြောင်း ပေးသွားမည်ဖြစ်ကြောင်းပြောသည်။

“လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်မှာ ဆင်ခြင်တုံတရားကြောင့်ဖြစ်စေ၊ တင်ပြလာတဲ့ သက်သေအထောက်အထားမခိုင်လုံလို့ဖြစ်စေ၊ အားနည်းလို့ဖြစ်ဖြစ် အမှားအယွင်း တိမ်းစောင်းဆုံးဖြတ်ခဲ့တာ ရှိကောင်းရှိနိုင်တယ်လို့ ကျွန်တော်တို့က ထင်တယ်”ဟု ၎င်းကဆိုသည်။

ယခုဆန္ဒပြပွဲတွင်ပါဝင်သည့် တရားသူကြီးများကျမ်းကျိန်ရေးတောင်းဆိုမှုအပေါ်တွင်မတော့

“လုပ်ထုံလုပ်နည်းအရတော့ ဆိုင်တာပေါ့။ လက်ရှိ တရားရေးမဏ္ဍိုင်မှာတော့ တရားသူကြီးတွေက သူတို့ရဲ့ အက်ဥပဒေတွေရှိတာပေါ့။ သူတို့ရဲ့ လက်စွဲတွေရှိတာတော့ ဒါတွေက ထည့်သွင်းပြဌားန်သင့်တယ်လို့ထင်ရင် တင်ပြသင့်တယ်။ ပြင်ဆင်သင့်တယ်။ ပြည်ထောင်စုအဆင့်ထိဆွေးနွေးပြီး ကျမ်းကျိန်သင့်ရင်လည်း ကျိန်ပေါ့။ သူတို့ရဲ့လုပ်ထုံလုပ်နည်းရှိတယ်လေ။ လုပ်ခုံလုပ်နည်းကို ပြင်ဖို့တော့ ပြည်ထောင်အဆင့်ကပြင်ပြီတော့ တစ်ပြေးညီသွားရင်တော့ ရနိုင်တာပေါ့။”ဟု ဒေါက်တာ အောင်နိုင်ဦးက မှတ်ချက်ပြု၏။

တရားစီရင်ရေးမဏ္ဍိုင်၏ လက်ရှိအခြေအနေကို အားမရသူတစ်ဦးဖြစ်သည့် မော်လမြိုင်နေ ကိုဝင်းနိုင်ကတော့

“ဒီတရားသူကြီးတွေဟာ အဂတိလိုက်စားနေတယ်ဆိုတာ ထင်ရှားနေတာဖြစ်တယ်။ တရားစီရင်ရေးစနစ်ဟာ အင်မတန်မှ ပျက်စီးချို့ယွင်းနေပါတယ်” ဟူ၍မှတ်ချက်ပြုထားပါသည်။

စန္ဒာဉာဏ်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်