အဖြေရှာမတွေ့သည့် ခွဲမထွက်ရေးကိစ္စ

53

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပထမဆုံးအကြိမ် အဆင့်အမြင့်ဆုံးထိပ်သီးခေါင်းဆောင်များတွေ့ဆုံပွဲကို နေပြည်တော်၌ အောက်တိုဘာ ၁၅၊ ၁၆ ရက်များတွင် ပြုလုပ်ခဲ့သည်။ ယင်းအတွင်း ရှေ့ဆက်ရန်လုပ်ငန်းများကို တွန့်ဆုတ်မှုဖြစ်စေခဲ့သည့် ပြည်ထောင်စုမှ ခွဲမထွက်ရဆိုသည့်ကိစ္စ၊ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာတို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး လာမည့်နိုဝင်ဘာလတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထပ်မံညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

ယင်းတွေ့ဆုံမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အစိုးရတာဝန်ရှိသူ၊ တိုင်းရင်းသားခေါင်းဆောင်အချို့၏မှတ်ချက်များထဲမှ တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)
“ခွဲမထွက်ရေးက အရေးကြီးသလို ခွဲထွက်စရာ မလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာအောင် အားလုံးလက်တွဲပြီး အကောင်အထည်ဖော်ဖို့ အင်မတန် အရေးကြီးပါတယ်”
==

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)

“ခွဲမထွက်ရဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းက အချို့အဖွဲ့အစည်းများ ပြောသလို တိုင်းရင်းသားညီအစ်ကို မောင်နှမများကို မယုံကြည်ဖို့ မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် အပြည့်ရှိစေဖို့၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေးလမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာဖြစ်ကြောင်း ပြောကြားလိုပါတယ်”

==
ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း(ဒုတိယဥက္ကဋ္ဌ၊ ချင်းအမျိုးသားတပ်ဦး)

“မနေ့က လက်ကျန်ဖြစ်တဲ့ ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိစ္စ။ အထူးသဖြင့် ခွဲမထွက်ရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အချိန်တော်တော်ကြာကြာဆွေးနွေးတယ်။ ဆွေးနွေးတဲ့ အခါကျတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း တော်တော်များများ က တင်ပြတာက ကျွန်တော်တို့ ခေါင်းဆောင်တွေ တင်ပြတာပေါ့နော်။ ကျွန်တော်တို့ဘက်က တင်ပြတာက ဒီကိစ္စ အင်မတန် မှ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ ထို့အတွက်ကြောင့် ကျွန်တော်တို့ အချိန်ယူပြီးတော့ဆွေးနွေးဖို့ လိုတယ်။ ပြီးတော့ ဒီ ဆယ်ဖွဲ့ ပဲ ရှိတဲ့အပေါ်မှာ တစ်နိုင်ငံလုံး ကိစ္စ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီ ဆယ်ဖွဲ့လောက်နဲ့ ဆွေးနွေးတာမျိုးမ ဟုတ်ဘဲနဲ့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့ ကျွန်တော်တို့ တိုင်ပင်ဖို့ အချိန်ခဏ ပေးပါဆိုပြီးတော့ ကျွန်တော်တို့က မေတ္တာ ရပ်ခံတယ်။ ဆိုတော့ ကျွန်တော်တို့ နိုဝင်ဘာလ မတိုင်ခင်မှာ ကျွန်တော်တို့ ပြန်တွေ့ဖို့ ချိန်းထားပါတယ်။ အဲဒီ့ နိုဝင်ဘာလ မကုန်ခင်မှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း NCA လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့အဖွဲ့နဲ့ လက်မှတ်ရေးထိုးပြီးသား ဆယ်ဖွဲ့တွေ့ဆုံပြီးလို့ရှိရင် ကျွန်တော်တို့ အဲဒီ့မှာ တိကျတဲ့ အဖြေပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားသွားမှာဖြစ်ပါတယ်လို့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက အင်မတန်မှ အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် မနေ့ကတည်းက ဥပမာအားဖြင့် RCSS ဒေသမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်နိုင်တဲ့အပေါ်လူထု တိုင်ပင်မှု မလုပ်ဘဲနဲ့ အဲဒါမျိုးကို သဘောတူဖို့ အခက်အခဲရှိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်က ကျွန်တော်တို့ ကြုံခဲ့ပြီးသားဖြစ်ပါတယ်။ အဲဒီ့အတွက် ဒါတွေအားလုံးကို ခြုံငုံ သုံးသပ်ပြီးတော့ ကျွန်တော်တို့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ရဖို့ အတွက် ဆိုလို့ရှိရင် ဒီလိုပွဲမျိုးက ကောင်းတယ် ဆက်လုပ်မယ်။ နိုဝင်ဘာလ မတိုင်ခင်မှာ ကျွန်တော်တို့ ပြန်ဆုံမယ် ဆိုတဲ့ဟာဖြစ်ပါတယ်။ နောက်ဒီနေ့ ကျွန်တော်တို့ရဲ့ သတင်းကောင်းတစ်ခုကတော့ တပ်မတော်ကိစ္စ ။ တစ်ခုတည်းသော တပ်မတော် ကိစ္စကို ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းဘက်က တိုင်းပြည်တစ်ခုမှာ တစ်ခုတည်းသော တပ်မတော် ရှိရမယ် ဆိုတာ ကျွန်တော်တို့ အပြည့်အ၀ လက်ခံနိုင်တယ်။သို့သော် အဲဒီ့ တပ်မတော်ကို ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး တပ်မတော်ဖြစ်စေရမယ်။ ဘယ်လိုပုံစံမျိုးနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်ရမယ်ဆိုတဲ့ အပိုင်းကျတော့ ကျွန်တော်တို့ ဆက်လက် ညှိနှိုင်းမယ်။ အဲဒီ့ တပ်မတော်ကို တစ်ခုတည်းသော တပ်မတော်ရဲ့ ဖွဲ့စည်းပုံတို့၊ အလုပ်လုပ်ရမယ့် ပုံစံတို့ ဘာတို့ ကို ဆက်ဆွေးနွေးမယ်ဆိုပြီး တော့ ကျွန်တော်တို့ သဘောတူလိုက်ပါတယ်။ ဒီအစိုးရဘက်ကတော့ ဒီနေ့ အဲ့ကိစ္စကို အားလုံး အဆုံးအဖြတ်ပေးစေချင်တာပေါ့နော်။ကျွန်တော်တို့ကလည်း ဒါ ဆုံးဖြတ်ပေးဖို့ မသင့်တော်သေးဘူး။ ခဏစောင့်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့က လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနဲ့လည်း တိုင်ပင်ဖို့လိုတယ်။ ကျွန်တော်တို့ နိုဝင်ဘာလ အလယ်လောက်မှာ ကျွန်တော်တို့ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ နဲ့ စုပေါင်းပြီးတော့ တိုင်းရင်းသား ညီလာခံ တစ်ခုကျင်းပမယ်။ အဲဒါပြီးလို့ရှိရင် ကျွန်တော်တို့ ပိုပြီးတော့ ခိုင်မာတဲ့ ပိုပြီးတော့ ကောင်းမွန်တဲ့ အဖြေပေးနိုင်မှာဖြစ်တဲ့အတွက် စောင့်ပေးပါလို့ ကျွန်တော်တို့ မေတ္တာရပ်ခံတာ အစိုးရဘက်ကလက်ခံပါတယ်။ အစိုးရနောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ JICM ပုံစံမျိုးဖြစ်ပါမယ်”
==

ခွန်မြင့်ထွန်း (ဥက္ကဋ္ဌ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်)

“စကားလုံးအရ ဆိုတာထက်ကို နှစ်ဖက် လက်ခံနိုင်တာ ဖြစ်ရမယ်။ နှစ်ဖက်လိုလားချက်တွေ ပြည့်ဝတာဖြစ်ရမယ်။ အဲဒါညှိမှာပေါ့။ဥပမာအနေနဲ့ ပြောရရင်တော့ အရင်ကတော့ ဒီစကားလုံးကို လုံး၀ မပြင်ဘူးဆိုတဲ့ သဘောထားမျိုးတွေ မဟုတ်တော့ဘူး။ မပြင်ဘူး။ ပြင်မယ်ဆိုတဲ့ သဘောထားတွေ မဟုတ်တော့ဘူး။သူ့ဘက်ကလည်းသဘောထား၊ ခွဲမထွက်နိုင်သော ပြည်ထောင်စုတို့ ဘာတို့ပေ့ါနော်။တစ်နည်းဆိုရရင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောတာဆိုရင် ကျွန်တော်တို့ ခွဲမထွက်ရတဲ့ ပြည်ထောင်စု မဟုတ်ဘဲနဲ့ ခွဲမထွက်ချင်တဲ့ ပြည်ထောင်စုမျိုး စသဖြင့်ပေါ့လေ။ မိမိနဲ့ သက်ဆိုင်ရာ အမြင်တွေ သုံးခုစီကို စုစည်းလာမယ်။နိုဝင်ဘာလ အတောအတွင်းမှာ စုစည်းလာပြီးတော့မှ နောက်တော့ တစ်ခုတည်းရအောင် ပြန်ပြီး ညှိနှိုင်းမယ်ဆိုတဲ့ဟာဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော် ၊ တပ်မတော်ဘက် သူတို့ဘက်ကတော့တော့ သုံးခုပေါ့နော်။ ကျွန်တော်တို့ ဒီဘက် EAOs ဘက်ကတော့ သုံးခုပေါ့နော်။ သူ့ဘက် သုံးခု၊ ကိုယ့်ဘက် သုံးခု ခြောက်ခုဖြစ်မှာပေါ့နော်။ ခြောက်ခုထဲကမှ ပြန်ညှိပြီးတော့ တစ်ခုတည်းဖြစ်အောင် ပေါ့။ အခုကတော့ ဆက်ဆွေးနွေးရမယ်။ ဆက်ဆွေးနွေးဖို့အတွက် အစီအစဉ်ကိုတော့ ကျွန်တော်တို့ ချမှတ်နိုင်တာပေါ့။ အရင်တုန်းကတော့ ခွဲမထွက်ရေးဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဘက်က ဆိုလည်း ခွဲမထွက်ရေးဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ ဆွေးနွေးစရာမလိုတဲ့ ကိစ္စဖြစ်တယ်။ ဆွေးနွေးစရာမလိုတဲ့ အချက်ပေါ့။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က ပြည်ထောင်စု မပြိုကွဲရေးဆိုတာ ကျွန်တော်တို့လက်ခံထားပြီးသားဖြစ်တယ်။ ဒို့တာဝန် အရေးသုံးပါးကို လက်ခံပြီးသား ဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒါဟာ ထပ်ပြီးဆွေးနွေးစရာ မလိုဘူးဆိုတဲ့ အမြင်သဘောထားမျိုးရှိတယ်။ တစ်ဖက်ကလည်း အစိုးရဘက်ကလည်း ကျွန်တော်တို့ ပြည်ထောင်စု ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါတဲ့ စာသားအတိုင်းပေါ့လေ။ လုံး၀ ပြင်ဆင်ပြောင်းလဲမှု မပြုလုပ်ချင်ဘူးဆိုတဲ့ ဒါမျိုးတွေ က ရှိတယ်။ဒီနေ့ အခါမှာတော့ ကျွန်တော်တို့ ပိုပြီး တိုးတက်လာတာကတော့ အဲသလို ဒီကိစ္စကို လုံးဝမဆွေးနွေးဘူးဆိုတာလည်း မဟုတ်တော့ဘူး။ နဂိုစာသား အတိုင်း တစ်လုံးမှ အပြောင်းအလဲ မခံဘူးဆိုတာလည်း မဟုတ်တော့ဘူး။ ဒီ သူ့ဘက် ၊ ကိုယ့်ဘက် option သုံးခု စီ ယူလိုက်။ စုစုပေါင်း အဲဒီ့ ခြောက်ချက်အပေါ်မှာ နှစ်ဖက် ပြန်ညှိပြီးတစ်ချက် တည်း ရအောင် ထုတ်နိုင်ဖို့။ ဒါက ပိုပြီး တိုးတက်သွားတယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒီတိုင်းပြည်တစ်ခုမှာ ပြည်ထောင်စု တစ်ခုမှာ တပ်မတော် ဆိုတာကတော့ ဒါ တစ်ခု တည်းရှိရမယ်ဆိုတာ ဒါ အင်တာနေရှင်နယ် ပရိုက်တစ်ပါ။ ဒါကို ကျွန်တော်တို့ လက်ခံတယ်။ သို့သော် အဲဒီ့ တစ်ခုတည်းသော တပ်မတော် ဆိုရာမှာ ဘယ်လို အချက်အလက်တွေနဲ့ ပြည့်စုံရမလဲ။ ဒါ သူ့အမြင် ကိုယ့် အမြင်တော့ ကျွန်တော်တို့ ဆက်ပြီးဆွေးနွေးကြရမှာဖြစ်ပါတယ်။ NCA မှာ ပြဋ္ဌာန်းထားတာကတော့ တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်သော ပြည်ထောင်စု တပ်မတော်ဆိုတာပေါ့။ အဲဒီ့တော့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ပြည်ထောင်စု တပ်မတော်ဆိုတာ တစ်ခုတည်းသော တပ်မတော် ဖြစ်တယ်။သို့သော် ဘယ်လိုအချက်အလက်တွေနဲ့ ပါဝင်ကြမယ်ဆိုတာက တော့ ဆက်ဆွေးနွေးကြရမှာဖြစ်ပါတယ်။ ခွဲမထွက်ရဆိုတဲ့ စကားရပ်အစား နှစ်ဖက်သဘောတူညီတဲ့ စကားရပ်တစ်မျိုးမျိုး အသုံးပြုဖို့ပါ”

==
ပဒိုစောကွယ်ထူးဝင်း (ဒုတိယဥက္ကဋ္ဌ၊ ကရင်အမျိုးသားအစည်းအရုံး)

“ခွဲမထွက်ရဆိုတဲ့ စကားရပ်က ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ပဲ ဖြစ်ဖြစ်ပေါ့နော်။ တိုင်းရင်းသား အစုအတွင်းမှာ ဖြစ်ဖြစ် မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဒီ ၁၉၄၇ ခုနှစ်က နောက်ပိုင်း ၁၉၆၄ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုက ခွဲထွက်ခွင့်မဟုတ်ဘူး။ ဒီမိုကရေစီ ဖက်ဒရယ်စစ်စစ်ဆိုတဲ့ မူကို ကျွန်တော်တို့ စုပေါင်းပြီးဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ အခုအထိလည်း ဒါကို တောင်းဆိုတယ်။ အခုလက်ရှိ အနေအထားမှာတော့ ဒီလိုအနေအထားမရှိတဲ့အပေါ်မှာ ကျွန်တော်တို့ ဒါကို တောင်းဆိုတာဖြစ်တယ်။ ဒါကိုလည်း ကျွန်တော်တို့ NCA ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့ အညီ ဆိုပြီးတော့ တည်ဆောက်သွားဖို့ကျွန်တော်တို့လည်း ဖော်ပြထားတာရှိတယ်။ အခုက ဒီ ဖက်ဒရယ်ပုံစံတော့ မရသေးဘူး။ သို့သော်လည်း တည်ဆောက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ရရှိထားပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးဆွေးနွေးပွဲအနေနဲ့ ကျင်းပပြီးတော့ အသေအချာ ရယူသွားမှာဖြစ်တယ်”
==

ဦးဇော်ဌေး (ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန)

“တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တက်ခြင်း၊ မတက်ခြင်းမဟုတ်ဘူး။ ထို့အတွက်ကြောင့်မို့လို့ သူပါခြင်း၊ မပါခြင်းက မဟုတ်ပါဘူး။အဓိက နံပတ် တစ် တိုင်းရင်းသား တွေ ဘက်မှာလည်း ဒီ့အတွက် ဒါတွေနဲ့ ပတ်သက်လို့ တိတိကျကျ ပြင်ဆင်ဖို့ အချိန်ကိုလည်းသူတို့က တောင်းတယ်။ အစိုးရ ၊ တပ်မတော် ဘက်ကလည်း ကျွန်တော်တို့ဘက်က proposal တင်တယ်။ အဲဒီ့ proposal ကတော့ နှစ်ဖက် ၊ နှစ်ခု လွှမ်းခြုံနိုင်တဲ့ ဟာမျိုး ပေါ့။ သို့သော်လည်း အဲဒီ့ဟာကို ရဖို့ အတွက်က ခက်ခဲတယ်။ မူအားဖြင့်တော့ လက်ခံတယ်။ ဒါပေမယ့် နှစ်ဖက် လက်ခံနိုင်တဲ့ အတိုင်းအတာ ပေ့ါနော်။ အဲဒီစာသားရဖို့လိုတယ်။ နှစ်ဖက် လက်ခံနိုင်တဲ့ အတိုင်းအတာပေါ့နော်”
==

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်