အချိန်မရွေး နေရာမရွေး ကြုံရနိုင်လာတဲ့ သေနတ်အန္တရာယ်

သတင်းဆောင်းပါး

မော်လမြိုင်၏ တနင်္ဂနွေတစ်နေ့၊ ရက်စွဲမှာ အောက်တိုဘာ ၁၄ ရက်ဖြစ်သည်။ အချိန်က နံနက် ၈ နာရီသာသာ။

မြို့လယ်ခေါင်မဟုတ်သော်လည်း လူသူလေးပါး အသွားအလာထူထပ်သည့်နေရာ၊ မလှမ်းမကမ်းမှာ မော်လမြိုင်တက္ကသိုလ်ရှိသည်၊ လေဆိပ်ရှိသည်။ လူနေစိပ်သည့် မြိုင်သာယာရပ်ကွက်တွင်ဖြစ်သည်။ စစ်မောင်လမ်းနှင့် သဗိန်ဗရမ်း လမ်းဆုံ။

လိုင်စင်မဲ့ယာဉ်တစ်စီးကို ယာဉ်ထိန်းရဲ နှစ်ဦးက ၎င်းတို့စစ်ဆေးရန်တားဆီးသည်ကို ရပ်မပေးသည့်အတွက် ယာဉ်နောက်ကို ဒေါင်းဇရပ်လမ်းဆုံမီးပွိုင့်မှနေ၍ ဆိုင်ကယ်ဖြင့် လိုက်လာရာ ထိုနေရာသို့ ရောက်လာ၏။ သို့ဖြင့် ယာဉ်ရှေ့တွင် ဆိုင်ကယ်အရောက် မော်တော်ယာဉ်မောင်းနှင်သူက ဆိုင်ကယ်နှင့် လမ်းဘေးဓာတ်တိုင်ကို တိုက်ပစ်လိုက်သည်။

“ဒီလိုတိုက်မိတဲ့အချိန်မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က ခင်ဗျားဘယ်လိုလုပ်တာလဲလို့ ပြောတဲ့အချိန်မှာပဲ သေနတ်နဲ့ ထုတ်ပစ်လို့ တပ်ဖွဲ့ဝင်တစ်ဦး၊ အပြစ်မဲ့တဲ့ အရပ်သားတစ်ဦး သေနတ်ထိမှန်ခဲ့ရတယ်” ဟု အမှတ် ၁၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ရဲမှူး ကျော်သူက ပြောသည်။

ဖြစ်စဉ်ကြောင့် ယာဉ်ထိန်း ရဲတပ်ကြပ် မျိုးဇော်ဦး၏ ဝဲဘက်ပါး သေနတ်ကျည် ရှပ်ထိဒဏ်ရာ ရရှိခဲ့သည်။ ယင်းအပြင် တက္ကသိုလ်ဘက်မှ မြိုင်သာယာဘက်သို့ သမိန်ဗရမ်းလမ်းအတိုင်း ဆိုင်ကယ်မောင်းလာသူ အရပ်သား ကိုအေးမင်းခန့်၏ ယာဘက်လက်ခုံကို သေနတ်ကျည် ရှပ်၍ ထိမှန်ခဲ့ပြန်သည်။

ကားမှာ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး သေနတ်ဖြင့်ပစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားသည်။ ယာဉ်ပေါ်တွင် အသက် ၃၂ နှစ်အရွယ် မအေးမွန် ဆိုသူ ကျန်ခဲ့သည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သေနတ်သမားမှာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ဒုဗိုလ် အဆင့်ရှိသူ နိုင်ပိုက်ထွေးဖြစ်ကြောင်းကို ထွက်ဆိုခဲ့သည်ဟု သိရသည်။

ယာဉ်ပေါ်တွင်လည်း နိုင်ပိုက်ထွေး ကိုင်ဆောင်သော မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့(MMFP) ကော့တုံ ဌာနချုပ် တံဆိပ်ပါရှိသော တပ်ဖွဲ့ဝင်ကတ်တစ်ခုကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ အဆိုပါကတ်တွင် နိုင်ပိုက်ထွေး၏ ကိုယ်ပိုင်အမှတ် ၀၀၄၂၊ ရာထူးမှာ ဒုဗိုလ်၊ တာဝန်မှာ ဒေသသတင်း စုဆောင်းရေးဟု ဖော်ပြထားသည်။ ယင်းအပြင် ကတ်တွင်ပါရှိသော နိုင်ပိုက်ထွေး၏ ဓာတ်ပုံမှာ ၎င်းဝတ်ဆင်ထားသော ယူနီဖောင်းမှာ အဆိုပါတပ်ဖွဲ့တံဆိပ်ပါ ယူနီဖောင်းဖြစ်သည်။

MMFP မှာ ၂၀၁၀ အောက်တိုဘာ ၂၆ ရက်နေ့က အလင်းဝင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဟု သိရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယာဉ်ကိုရော ယာဉ်ပေါ်ပါသူကိုပါ ထားကာ တိမ်းရှောင်ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှု ကျူးလွန်ရာတွင် သုံးခဲ့သော သေနတ်ကို အခင်းဖြစ်ပွားရာအနီး ရေမြောင်းတွင် လည်းကောင်း၊ ကျည်ဆန်ခွံ ၄ ခုကို ယင်းနေရာဝန်းကျင်တွင်လည်းကောင်း ရဲတပ်ဖွဲ့က သိမ်းဆည်းမိထားသည်။

32 S&W LONG တံဆိပ်ပါ ကျည်ခွံ ၄ ခု ၊ 32 ဆုံလည် သေနတ် အတို ၁ လက်ဖြစ်သည်။


ထွက်ပြေးသွားသူ နိုင်ပိုက်ထွေးကို သက်ဆိုင်ရာက နေ့ခင်းပိုင်းတွင် ပုဒ်မ ၃၃၃/၃၀၇/၁၁၄ တို့ဖြင့် အမှု ဖွင့်ခဲ့သည်။ ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိ အလိုအလျောက် အပြင်းအထန် နာကျင်စေမှု၊ လူသတ်မှု ကျူးလွန်ရန် အားထုတ်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် သေစေလောက်သော လက်နက် စွဲကိုင်ကာ ပါဝင်ခြင်း ပုဒ်မများ ဖြစ်သည်။

သို့သော် ပုဒ်မများမှာ ထိုမျှနှင့် ရပ်မသွားသေး၊ နောက်ထပ်တစ်ခု တိုးရန် အကြောင်းဖန်လာသည်။ ယင်းည သန်းခေါင်ယံအချိန်တွင် သက်သေခံဖြစ်သည့် ယာဉ်ပေါ် ရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြားပါ အထုတ် ၁၀ ထုတ်မှ ဆေးပြား ၂၀၀၀ တွေ့ရှိခဲ့ခြင်းပင်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့ ကော့တုံဌာနချုပ်မှ အဖွဲ့ခေါင်းဆောင် နိုင်အိုက်ချမ်း၊ စစ်ဦးစီး နိုင်ရောင်နှင့် အဖွဲ့သားအချို့ကို ခေါ်ယူတွေ့ဆုံကာ ပြစ်မှုများ ကျူးလွန် တိမ်းရှောင်နေသူ နိုင်ပိုက်ထွေးကို ၂၄ နာရီအတွင်း ဖမ်းဆီး၍ အပ်နှံပေးရန် ပြော၏။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက “ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်တဲ့ သူတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်။ အလားတူ ကျန်ရှိနေတဲ့ အဖွဲ့တွေလည်း သင်ခန်းစာရစေရမယ်။ နမူနာရစေရမယ်”ဟူ၍ ဟင်္သာသို့ ပြောကြားသည်။

လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မိမိအဖွဲ့ဝင်တို့၏ သေနတ်ကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ မည်သို့ စည်းမျဉ်းစည်းကမ်းချမှတ်ထားသည်ကို မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ နိုင်ရောင် (ခ) ဦးအောင်စိုးက”ကျွန်တော်တို့ ဌာနချုပ်အနီးအနားက လွဲပြီး မြို့ပေါ်တွေမှာ လက်နက်ကိုင်ဆောင်ခွင့် ပြုမထားပါဘူး”ဟု ဟင်္သာသို့ ပြောသည်။

အကယ်၍ အဖွဲ့သားတစ်ဦးဦး ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်မိပါက”ကျွန်တော်တို့ဆီမှာ တရားစီရင်ခွင့်မရှိဘူး။ တည်ဆဲဥပဒေနဲ့ ပြစ်မှုတစ်ခုခုကျူးလွန်လာခဲ့ရင်လည်း နိုင်ငံတော်အစိုးရသတ်မှတ်ထားတဲ့ တရားစီရင်ရေး ဌာနကို လွဲှပြောင်းအပ်နှံပေးပါတယ်” ဟု သူက ဆိုသည်။

 

သို့သော် အခင်းဖြစ်ပွားပြီး သုံးရက်အကြာ အောက်တိုဘာ ၁၇ ရက်တွင် “နိုင်ပိုက်ထွေးဆိုသူကို မြိုင်သာယာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း အ.မ.က ၁ နဲ့ စာတိုက်လမ်းထောင့်ကနေပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ် “ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဌေးက ဟင်္သာသို့ ပြောသည်။ ရဲတပ်ဖွဲ့က လက်ရဖမ်းဆီးခဲ့ခြင်းပင်။

လက်နက်ဖြစ်စဉ်တွေ

ထိုသို့ မူးယစ်ဆေးဝါးနှင့် တွဲယှက်ကာ လက်နက်ခဲယမ်း ဖမ်းမိမှုတို့သည်မွန်ပြည်နယ်တွင် ယင်းတစ်ခုတည်းမဟုတ် ယမန်နှစ်မေလကလည်း ရေးမြို့နယ် ကလော့ကျေးရွာတွင် မူးယစ်ဆေးပြားများနှင့်အတူ ခြောက်လုံးပြူးသေနတ် ဖမ်းဆီးရမိခဲ့ဖူးသည်။

မကြာသေးမီ သြဂုတ် ၁၂ ရက်ကလည်း ကျိုက်မရောမြို့နယ်၊ ဖားပျောက်ကျေးရွာအုပ်စု၊ မြန်မာလှိုင်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၈၀၀) အပြင် တူမီးသေနတ်(၁)လက်၊ ပွိုင့်(၂၂)ကျည် (၁၆)တောင့်နှင့် လက်လုပ်ခါးချိုးပွိုင့်(၂၂)သေနတ်(၁)လက်တို့ကိုပါ ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ သေနတ်ကြောင့်သေဆုံးရသည်အထိဖြစ်မှုတို့လည်းရှိခဲ့၏။ ယခုနှစ် မေလလယ်ကလည်း ရေးမြို့နယ် ကုလားကုတ်ကျွန်း၌ တပ်မတော်အရာရှိတစ်ဦးကသေနတ်ဖြင့် ပစ်သတ်၍ အရပ်သား တစ်ဦး သေဆုံးခဲ့ရမှုရှိခဲ့သည်။

မွန်ပြည်နယ်သာမကသေး…

မန္တလေးတွင် လမ်းမပေါ် သေနတ်နှင့်ပစ်ခတ်မှု၊ ရန်ကုန်တွင် အိမ်ထဲဝင် ပစ်သတ်မှုတို့ မကြာသေးမီကပင် ရှိခဲ့သည်။ ကရင်ပြည်နယ်တွင် ရွှေဆိုင်ထဲဝင် သေနတ်ပြ လုယက်မှု၊အာရှလမ်းမကြီးပေါ် သေနတ်ပစ် ငွေတောင်းခံမှုစသည်တို့လည်း ယခုနှစ်ထဲ ဖြစ်ပွားခဲ့သည်။

အောက်တိုဘာလအတွင်းမှာပင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဇာတ်သဘင် တစ်ဖွဲ့ ဇာတ်တိုက်ရာမှ သေနတ်ကြောင့် ခေါင်းဆောင်မင်းသမီး ကရင်တိုင်းရင်းသူ သေဆုံးသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သလို လှိုင်းဘွဲမြို့နယ် ပိုင်ကျူံမြို့နယ်ခွဲ အပေါင်ကျေးရွာအုပ်စုရှိ နေအိမ်တစ်အိမ်သို့ အမည်မသိ သေနတ်ကိုင်ဆောင်လာသူအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး နေအိမ်ရှိ ဖခင်ဖြစ်သူနှင့် သားဖြစ်သူနှစ်ဦးကိုသေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးခဲ့ရကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက အောက်တိုဘာ ၁၈ ရက်တွင် ဟင်္သာသို့ ပြောထားသည်။

သေနတ်တွေက လူသွားလမ်းပေါ် ထွက်လာသလို လူနေအိမ်ထဲသို့ပင် အချိန်မရွေးဝင်ရောက်လာနိုင်ကြောင်း အထက်ပါ ဖြစ်စဉ်တွေက ညွှန်းဆိုနေကြသည်။

အရပ်သားက ဓားစာခံ

ပြစ်ချက်များစွာကြောင့် ရဲတပ်ဖွဲ့က အလိုရှိနေသူ နိုင်ပိုက်ထွေးကို ဖမ်းဆီးရမိသည့် ယင်းနေ့တွင် ၎င်းလက်ချက်ဖြင့် သေနတ်ကျည်သင့်ခဲ့ရသူ အရပ်သား ကိုအေးမင်းခန့်၏ မိခင်ကို ဟင်္သာက သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ ယင်းတို့နေအိမ်ရှိရာ ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာမှာဖြစ်၏။

“ကျွန်မရဲ့သားက ဘာအပြစ်မှမရှိဘဲ အခုလိုသေနတ်ပစ်ခံထားတာ၊ ဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ဆေးကုသစရိတ်တွေကို တာဝန်ယူပေးသင့်တယ်။ ခုချိန်ထိတော့ ထောက်ပံ့ငွေ လာပေးတာ ၅ သောင်း နှစ်ခါရှိပြီ။ ခုထိဆေးရုံမှာ ဆေးကုသကုန်စရိတ်က ၁ သိန်းကျော်နေပြီ”ဟု သေနတ်ပစ်ခံထိခဲ့သည့် ကိုအေးမင်းခန့်၏ မိခင်ဖြစ်သူက ပြောသည်။

မိမိကိစ္စနှင့်မိမိ လမ်းပေါ်သွားလာရင်း သေနတ်ကျည်သင့်ခဲ့ရသူတစ်ဦး၏ မိခင်အနေဖြင့်ရော နိုင်ငံသားတစ်ဦးအနေဖြင့်ပါ သူမက အစိုးရထံ တိုက်တွန်းလိုကြောင်း ဟင်္သာသို့ ပြောသည်။ ယခုဖြစ်စဉ်အလားတူ နောက်နောင် ဥပဒေမဲ့လုပ်ရပ်တို့ ကျူးလွန်သူများကို ထိရောက်စွာ ကာကွယ်တားဆီးပေးနိုင်ရန်ဟူ၏။

“ကျွန်တော်က ညီမလေးကို တက္ကသိုလ်ကျောင်းပို့ပြီး အိမ်ပြန်လာတဲ့အချိန်မှာ လမ်းမှာ ကားပေါက်ကွဲမှုတစ်ခုခု ဖြစ်တယ်ထင်ပြီး ဆိုင်ကယ်ကို လမ်းဘေးချရပ်လိုက်တဲ့အချိန်မှာ သေနတ်ဖောက်သံတစ်ချက်ကြားပြီး ကျွန်တော်ညာဘက်လက်ကို ကျည်ဆံမှန်ခဲ့တာ” ဟု ကိုအေးမင်းခန့်က ပြောသည်။ သူကလည်း မိခင်နှင့် ဆန္ဒတစ်သဘောတည်း ဖြစ်ကြောင်း မော်လမြိုင်ဆေးရုံကြီး ခွဲစိတ်လူနာဆောင်တွင် သူကိုယ်တိုင် ဟင်္သာသို့ ပြောပြချက်များအရ သိရသည်။

မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက အထက်ပါဖြစ်စဉ်နှင့် ဆက်စပ်၍

“အကောင်းဆုံးဖြေရှင်းနည်းကတော့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေနဲ့ တာဝန်ခံတွေနဲ့ အစိုးရအဖွဲ့အစည်းက ခေါ်ယူပြီးတော့ ဒီလိုကိစ္စတွေထပ်မဖြစ်အောင် ဆွေးနွေးစေချင်တယ်။ ဖြစ်လာမယ်ဆိုရင်လည်း အရေးယူသွားမယ်ဆိုတာတွေကိုလည်း အကျေအလည်ဆွေးနွေးစေချင်တယ်။ နောက်တစ်ခုက ပိုင်ဆိုင်တဲ့ယာဉ်ဟုတ်မဟုတ်၊ အချက်အလက်တွေကို အဖွဲ့အစည်းပိုင်ဟုတ်မဟုတ် သေချာစစ်ဆေးစေချင်တယ်။ တချို့က တပ်ဖွဲ့ပိုင်ကားဆိုပြီး လုပ်စားနေတာတွေရှိတယ်။ နောက်အဖွဲ့အစည်း ဘယ်နှစ်ခုရှိလဲပေါ့။ အဲဒီလိုမျိုးတွေ မဖြစ်ရအောင် အမြန်ဆုံးသေချာစိစစ်သင့်တယ်လို့ ထင်တယ်”ဟု အကြံပြု တိုက်တွန်းစကားဆိုသည်။

ယခုဖြစ်စဉ်ကို အခြေခံ၍ လွှတ်တော်အနေဖြင့် မည်သို့ ဆောင်ရွက်ရန်ရှိသည်ကို လွှတ်တော် ဒု ဥက္ကဋ္ဌက ဟင်္သာသို့ ယခုလို ပြောပြခဲ့သည်။

“ကျွန်တော်တို့ လွှတ်တော်ကတော့ အခြေအနေကြည့်နေတာပါ။ အစိုးရဘက်က ဘယ်လိုဖြေရှင်းမလဲဆိုတာ ကျွန်တော်တို့က စိတ်ဝင်စားတယ်။ အစိုးရဘက်ကလည်း ဒီကိစ္စပေါ်အခြေခံပြီး နောက်မဖြစ်အောင် ဘယ်လိုဖြေရှင်းမလဲပေါ့။ လွှတ်တော်မှာ ဆွေးနွေးမလား။ ကျွန်တော်တို့ ရေးရာကော်မတီတွေနဲ့ ဆွေးနွေးမလားပေါ့။ အစိုးရဘက်ကို အကြံပြုချက်တွေပေးဖို့က ကျွန်တော်တို့က အခြေအနေကို စောင့်ကြည့်နေတာပေါ့”ဟု ဆို၏။

မော်လမြိုင်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်း အဖွဲ့ခေါင်းဆောင် ကိုဘိုဘိုဝင်းကတော့ “ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်အဖွဲ့အစည်းမှာရှိတဲ့ လူတွေကို စိစစ်ပါ။ စိစစ်ပြီးတော့ ပြည်သူလူထုတွေရဲ့ အသက်လုံခြုံမှုနဲ့ အန္တရာယ်ကင်းဖို့အတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်တယ်” ဟု ပြောသည်။

ယင်းနောက် ကိုဘိုဘိုဝင်းက “သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းအနေနဲ့လည်း ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေမှာ လက်နက်ကိုင်ဆောင်ခွင့် ပေးထားမှုနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအချိန် ဘယ်လိုနေရာမျိုးမှာ ကိုင်ဆောင်ခွင့်ပေးထားသလဲ ။ တရားမဝင်လက်နက်ကိုင်ဆောင်တဲ့ သူတွေကို ရှာဖွေဖော်ထုတ် အရေးယူဖို့ အလေးထား စိစစ်ပေးဖို့ လိုမယ်လို့ မြင်မိတယ်”ဟုလည်း သူ့အမြင်ကို အကြံပြုတိုက်တွန်းစကားစွက်၍ ဖွင့်ဆိုသည်။

ရန်ငြိုးမဲ့ အကြောင်းမဲ့စွာ သေနတ်ကျည်သင့်ခဲ့ရသူ ကိုအေးမင်းခန့်ကတော့ သေနတ်သမားအပေါ် သူ့အနေဖြင့် တရားစွဲဆိုရန် အစီအစဉ် မရှိကြောင်း လွန်ခဲ့တဲ့ ၅ ရက်က ရခဲ့သည့် ဒဏ်ရာကို ငုံ့ကြည့်ရင်း ပြောသည်။

“ပြစ်မှုကျူးလွန်တဲ့ သူကို အစိုးရအနေနဲ့ပဲ အရေးယူပေးစေချင်တယ်” ဟု သူက ဆန္ဒပြုသည်။

နောက်ပြီး ယခုဖြစ်စဉ်က သေနတ်သမားကိုရော လက်နက်ရှိနေသူတွေကိုပါ တွေ့ခွင့် ရလျှင် သူက ယခုလို ပြောချင်သည်ဟု ကိုအေးမင်းခန့်က ဆို၏။

“သေနတ်ကို လေးခွတစ်ခုလို သယ်ဆောင်ပြီး လိုက်ပစ်နေတာ ပြည်သူလူထုအတွက် အန္တရာယ်ရှိသလို အနှောင့်အယှက်ဖြစ်တယ်”ဟူ၍။ ။

ခေတ်မင်း

Leave a Reply