လူတွေ မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်

သီဟသွေး

ဒီနေ့ ဒီအချိန် ဒီကာလ ကို ဒေါ်အောင်ဆန်းစုကြည် ခေတ်၊ ဒေါ်အောင်ဆန်းစုကြည် ကာလ လို့ ခေါ်ဆိုလို့ ရနိုင်မယ်ထင်ပါတယ်။ ဒါကြောင့် အခုချိန်မှာ အရင် အတိတ်ကာလ ကလို ဒေါ်အောင်ဆန်းစုကြည် ကို တခမ်းတနားအမွှန်းတင်ဖွဲ့ဆိုရေးသားမှုတွေ ရှိသလို လက်ရှိ နိုင်ငံရေး ၊ အုပ်ချုပ်ရေး ပြဿနာတွေ နဲ့ပတ်သက်ပြီး ဝေဖန် ဆန့်ကျင်ရေးသားမှုတွေလည်း ရှိလာခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပတ်သက်ပြီး ကောင်းသည်ကိုပဲရေးရေး ၊ ဆိုးသည်ကိုပဲ ဆိုဆို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အတိတ်ကာလ က ရဲရင့်ပြောင်မြောက်မှု ၊ အနစ်နာခံမှု ၊ အသက်ကိုပင်စွန့်စားဝံ့မှုတို့ကို အခြေခံပြီး ရေးသားကြတာဖြစ်သလို ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ဦးဆောင်နေတဲ့ အချိန်မှာ သူမအနေနဲ့ တိုင်းပြည် အပေါ် စီမံ အုပ်ချုပ်မှုတွေနဲ့ ပတ်သက်ပြီး အားနည်းချို့ယွင်းချက်တွေကို အခြေခံပြီးရေးသားကြလေ့ရှိပါတယ်။ ဒီလို အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကောင်းသည် ဆိုးသည် ဆိုတာထက် ၁၉၈၈ ကနေ ဒီကနေ့ အချိန်အထိ အတူတကွ ဖြတ်သန်းခဲ့တဲ့ ဒီမိုကရေစီ ခရီးကြမ်းမှာ ကျွန်တော် သတိထားမိခဲ့ပေမယ့် အများပြည်သူ အတော်များများ သတိမပြုမိတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ကို ကျွန်တော့ အနေနဲ့လက်လှမ်းမီသ၍ ရေးသားတင်ပြဖို့ စိတ်ကူးရလာပါတယ်။ သို့သော်လည်း အများသူငါ ရေးသားနေခဲ့သလို အမွှန်းတင်ခြင်း ၊ ဝေဖန် ကဲ့ရဲ့ခြင်းမျိုးမဟုတ်ဘဲ သူမ နဲ့ပတ်သက်လို့ စဉ်းစားတွေးခေါ်စရာလေးတွေ ရေးသားထောက်ပြသွားချင်တာဖြစ်ပါတယ် ။

ပထမဆုံးအများစိတ်ဝင်တစားစောင့်ကြည့်ဝေဖန်လေ့ရှိတဲ့ သူမနဲ့ တပ်မတော် အကြားကဆက်ဆံရေး ကို စပြီးပြောချင်ပါတယ်။ သူမအနေနဲ့ နှစ်ပေါင်း ၂၀ ကျော် ကိုင်စွဲလာတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကို စွန့်လွှတ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ချိန်ကစပြီး စစ်တပ်ခေါင်းဆောင်တွေအပေါ် လိုက်လျောညီထွေဖြစ်အောင်ဆက်ဆံခဲ့တာနဲ့ ပတ်သက်လို့ သူမ အပေါ် ယုံကြည်သက်ဝင်မှုရှိကြတဲ့ ထောက်ခံဝန်းရံသူများ နဲ့ အများပြည်သူအကြားမှာအမျိုးမျိုး ကွဲလွဲနေတဲ့ အမြင်သဘောထားတွေ ရှိပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး မူ ကို ကိုင်စွဲပြီး စစ်တပ်ကဗိုလ်ချုပ်တွေ ခင်းခဲ့တဲ့လမ်းကို ရဲရဲတင်းတင်းလျှောက်ခဲ့ပေမယ့် အဲဒီလမ်းပေါ်မှာ အခက်အခဲ အတားအဆီးတွေ ကြုံတိုင်း သူမအနေနဲ့ စစ်ခေါင်းဆောင်တွေ အပေါ်လျှော့တွက်လို့ အခုလို အခက်အခဲတွေ ကြုံကြရတယ် ဆိုတဲ့ မချိတင်ကဲဝေဖန်မှုတွေ ရှိသလို ဒီကနေ့ဒီအချိန်မှာလို ရခိုင်ကိစ္စ၊ မြောက်ပိုင်းတိုက်ပွဲတွေ ကိစ္စတွေ ကိုအကြောင်းပြုပြီး နိုင်ငံတကာရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ခံကြရတဲ့ အချိန်မှာတော့ သူမရဲ့ အမျိုးသားရင်ကြားစေ့ရေးမူကို လက်သည်တရားခံအဖြစ် ထောက်ပြကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူတွေ နဲ့ဆန့်ကျင်သူတွေ ရဲ့ သဘောသဘာဝ ကို ပြောရမယ်ဆိုရင် ထောက်ခံသူတွေ ရဲ့အမြင်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ သူတို့လိုပဲ စစ်တပ် ကို မုန်းတီးသူ ၊ အခြေအနေပေးရင် စစ်တပ်အပေါ်အနိုင်ယူပြမယ့်သူ တစ်ဦး အဖြစ် မြင်ကြပါတယ် ၊ ဆန့်ကျင်သူတွေကတော့ တပ်မတော် ကို အစဉ်အမြဲ ထိုးနှက်တိုက်ခိုက်နေပြီး တပ်မတော်ကို ဖြိုခွဲမယ့်သူ တစ်ဦးအဖြစ်မြင်ထားကြပါတယ် ။ ဒီနေရာမှာ အသေအချာလေ့လာကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံသူတွေ နဲ့ ဆန့်ကျင်သူတွေ ဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ် တပ်မတော် နဲ့ ပတ်သက်ပြီး ရှုမြင်သုံးသပ်ကြပုံချင်း ဟာ တစ်ထပ်တည်းနီးပါးတူညီနေတာကိုတွေ့ရမှာဖြစ်ပါတယ် ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်အပေါ်ထားရှိတဲ့ အမြင် သဘောထားနဲ့ ပတ်သက်ပြီး ဘယ်လိုရှိသလဲဆိုတာ ကို သဘောပေါက်နိုင်တဲ့ ၁၉၈၈ လူထု အုံကြွမှု ပြီးခါစအချိန်လေးက အဖြစ်အပျက်လေးတစ်ခုကို ပြောပြလိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ခါစ စစ်အုပ်ချုပ်ရေး နဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအကြားအပြင်းအထန် ပွတ်တိုက်မှုတွေဖြစ်နေသလို ပြည်သူလူထုရဲ့ ဒီမိုကရေစီရေးတောင်းဆိုမှုတွေအပေါ် အကြမ်းဖက် အင်အားသုံး ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်သားဆိုရင် လူအများက မလိုမုန်းထားမှုတွေ ပြင်းထန်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ၊ လူထုခေါင်းဆောင်အဖြစ် ဒီမိုကရေစီ လှုပ်ရှားမှုတွေ ရဲ့ တပ်ဦးမှာ ထင်ရှားလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ အဲဒီအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမည်နဲ့ ပါတီတစ်ခုကို စစ်တပ်က ခေါင်းဆောင်ဟောင်းတွေ ၊ ဝါရင့်နိုင်ငံရေးသမားတွေ နဲ့ပူးပေါင်းပြီးထူထောင်ထားပြီး စစ်တပ် အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်အာဏာတွေ ဥပဒေတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဖော်ဆောင်နေချိန်လည်းဖြစ်ပါတယ် ။ ရန်ကုန်မြို့လယ်မှာရှိတဲ့ ပါတီရုံးခန်းတစ်ခုရဲ့ အထပ်မြင့်ကနေ မတရားတဲ့ အမိန့်အာဏာဆန့်ကျင်ရေး ဟောပြောပွဲတစ်ခုလုပ်ခဲ့စဉ်က စစ်တပ်ဆန့်ကျင်ရေး သွေးဆူနေတဲ့ အောက်က ရာနဲ့ချီသော လူထု ပရိသတ်ကို သူမ ပြောခဲ့တဲ့စကားတစ်ခွန်း နဲ့ပတ်သက်လို့ ပြန်ပြီးပြောပြချင်ပါတယ်။

မိန့်ခွန်းပြောနေရင်း သူမက ” ဒီကနေ တပ်မတော်သားတွေကို ပညာမတတ်ကြဘူး လို့ပြောကြတာရှိပါတယ် ” လို့ အကြောင်းအရာတစ်ခုအတွက် အစပြုလိုက်ချိန်မှာ အောက်က ပရိသတ် ကတီးတဲ့ လက်ခုပ်သံတွေ ဝေါခနဲလျှံထွက်လာပါတယ် ။ သူမက ချက်ချင်းပဲ ” အခု လက်ခုပ်တီးတဲ့ သူတွေ နဲ့ ကျမ သဘောမတူဘူး ၊ သူတို့ တတ်တဲ့ ပညာရှိတယ် အဲဒါက စစ်ပညာပါ ” လို့ပြောခဲ့ပါတယ် ။ ဒီစကားကို အခုလို ပြန်ပြီး ကိုးကားရတဲ့ အကြောင်းကတော့ ဒေါ်အောင်ဆန်း ဟာ အစကတည်း တပ်မတော် အပေါ် ဆန့်ကျင်မှုပြင်းထန်တဲ့ သဘောတရားမျိုးမရှိခဲ့ဘဲ တပ်မတော်က အာဏာသိမ်းယူပြီး အာဏာပိုင် အစိုးရ ဖြစ်လာလို့သာ နိုင်ငံရေး အရ ထိပ်တိုက်တွေ့ပြီး သူမအနေနဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်အပေါ်ဆန့်ကျင်ဝေဖန်တာတွေ လုပ်ခဲ့ရတာဖြစ်ပါတယ် ။ အဲဒီ အချိန်ကာလတစ်လျှောက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ထောက်လှမ်းရေး က ဗိုလ်ချုပ်ခင်ညွန့်တို့ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တစ်ကြိမ်ဆုံတွေ့ခဲ့ကြတဲ့အခါ ရန်သူလိုဖြစ်နေတဲ့ ဘက်နှစ်ဖက်ဆုံတွေ့ ခဲ့တဲ့အပေါ် အများပြည်သူက အလွန် စိတ်ဝင်စားခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုကနေ ဒေါ်အောင်ဆန်းစုကြည် ခံစားမိတဲ့ တပ်မတော်ခေါင်းဆောင်တွေ အပေါ်ပုဂ္ဂိုလ်ရေး အမြင် နဲ့ ပတ်သက်ပြီး နိင်ငံခြားသတင်းဌာနတစ်ခုနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ သူမရဲ့အမြင်ကို ပြောကြားရာမှာ ” ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တည်ငြိမ်တယ်၊ ဗိုလ်ချုပ်ခင်ညွန့်ကတော့ ဖော်ရွေတယ် ” လို့ပြောခဲ့ပါတယ်။ ဒါကိုကြည့်ရင် သူမအနေနဲ့တပ်မတော်ခေါင်းဆောင်ပိုင်းကို အခွင့်အရေး ရရင်ရသလို ပုဂ္ဂိုလ်ရေး အရထိုးနှက်ဖို့ စိတ်ကူး မရှိဘူးဆိုတဲ့သဘောကိုတွေ့ရပါမယ်။

သူမ ရဲ့ နိုင်ငံရေး ဘဝ အစကိုပြောမယ်ဆိုရင်လည်း ၁၉၈၈ လူထု အုံကြွမှုကြီး အကြားမှာ ထင်ရှားတဲ့ အတိုက်အခံ နိင်ငံရေး ခေါင်းဆောင်တွေ များစွာ နဲ့ဆုံတွေ့ခဲ့ရပေမယ့် သူမ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ် အရပ်သားစစ်စစ်လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုလိုလူမျိုးနဲ့ ပူးပေါင်းဖို့မကြိုးစားခဲ့ဘဲ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦး၊ ဗိုလ်ချုပ်အောင်ကြီးတို့နဲ့ ပူးပေါင်းလို့” အောင်စုတင် “ဆိုပြီး နိုင်ငံရေး ပွဲဦးထွက်ခဲ့တာကို သိမီသူတွေ အမှတ်ရကြဦးမယ်ထင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိပြီး NLD ပါတီ အာဏာ ရရှိခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံခြားရေး ဝန်ကြီး ၊နိုင်ငံတော် ၏ အတိုင်ပင်ခံ အဖြစ် နဲ့ နိုင်ငံတော်ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ နိုင်ငံတော် ကပေးအပ်တဲ့ အဆောင်အယောင် အနေနဲ့ အနီးကပ်လုံခြုံရေးတွေထားရှိပေးခဲ့ပါတယ်။

ဒီလို အနီးကပ်လုံခြုံရေးတွေ ခန့်ထားတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနနဲ့ နှစ်ပေါင်း ၂၀ နီးပါး နေအိမ်အကျဉ်းသား ဘဝ နဲ့နေခဲ့စဉ်က ထိတွေ့ ဆက်ဆံခဲ့ရတဲ့ တပ်မတော် အရာရှိဟောင်းတွေ ၊ သတင်းတပ်ဖွဲ့ က အရာရှိတွေကို တာဝန်ခံတွေ အဖြစ်ခန့်ထားခဲ့တာကိုတွေ့ရပါတယ်။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် နိုင်ငံရေး အရ ၊ လူပုဂ္ဂိုလ်ရေးအရ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံရတဲ့ အချိန်မှာတောင် တပ်မတော်အရာရှိတွေအပေါ် ရန်သူလို မမြင်ဘဲ ပုဂ္ဂိုလ်ရေး အရအမြင်ရှင်းရှင်းထားခဲ့ရုံ မက အဲဒီပုဂ္ဂိုလ်တွေ ရဲ့ အရည်အချင်းကိုလည်းအကဲခတ် နေခဲ့တယ်ဆိုတာတွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီအချက်တွေကို အခုလို ပြောနေတာဟာ သူမရဲ့နောက်မှာ ရပ်တည်ပြီး ထောက်ခံအားပေးနေသူအများစု နဲ့ သူမရဲ့ တပ်မတော်အပေါ်ထားရှိတဲ့ သဘောထားမှာတော့ တစ်ထပ်တည်းမကျဘူးဆိုတာကို မီးမောင်းထိုးပြချင်တာပဲဖြစ်ပါတယ် ။

ဒါကြောင့် သူမကိုထောက်ခံသူတွေ နဲ့ တပ်မတော်ကို ထောက်ခံသူတွေအကြားမှာ သူမရဲ့ စေ့စပ်ရေး ၊ ရင်ကြားစေ့ရေး မူဝါဒ ဟာ အတော်လေးရုန်းကန်နေရတာဖြစ်တယ်ဆိုတာထောက်ပြချင်တာဖြစ်ပါတယ် ။ ပူပူနွေးနွေး သာဓက တစ်ခုကိုပြရရင် ရန်ကုန်တိုင်းဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဦးစီးချုပ် တို့အကြားမှာဖြစ်ပွားခဲ့တဲ့ Protocol ပြဿနာကို ထောက်ပြချင်ပါတယ် ။ ပထမ အစပိုင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ အခုလို ကာကွယ်ရေးဦးစီးချုပ်ဟာ ညွှန်ချုပ် အဆင့်ပဲရှိတယ်” ဆိုပြီး ပြောကြားခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘောထားအမြင်ပဲလို့ ယူဆ ခဲ့ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ရဲ့ ဒီလိုပြောဆိုမှုအတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒီအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ ဝန်ကြီးချုပ်ကို ညွှန်ကြားထားပြီးဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ အဲဒီနောက်မှာ ရန်ကုန် ဝန်ကြီးချုပ်ကလည်း တောင်းပန်စာ ကို ကာကွယ်ရေး ဦးစီးချုပ်ထံ ပေးဖို့ခဲ့ပါတယ် ။

အဲဒီ အဖြစ်အပျက်ကိုကြည့်မယ် ဆိုရင် NLD က အချို့သော တာဝန်ရှိ ပုဂ္ဂိုလ်များ အပါအဝင် ထောက်ခံသူအများနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြားမှာ တပ်မတော်နဲ့ ပတ်သက်ရင် အခြေခံ သဘောထားကွဲလွဲနေမှုရှိတယ်ဆိုတာထင်ရှားပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရအတွင်းကနေ တပ်မတော် ကို ယုံကြည်မှုတည်ဆောက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ပြင်ပနိုင်ငံရေး လောကမှာ ဖြစ်ပေါ်လေ့ရှိတဲ့ တပ်မတော် ဆန့်ကျင်ရေး နဲ့ တပ်မတော် ထောက်ခံရေးအားပြိုင်မှုတွေ ဟာ သူမအနေနဲ့ရေဆန်လှိုင်း ကို ရင်ဆိုင်ကူးရသလို ခက်ခဲပင်ပန်းမှုတွေဖြစ်စေနိုင်တယ်ဆိုတာကို ကျွန်တော့အနေနဲ့ထောက်ပြလိုတာဖြစ်ပါတယ်။

နောက်တစ်ခါ ဆက်ပြီး လူအများ သတိမပြုမိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးအပိုင်းကိုပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အနားမှာ အမှုထမ်းဖူးကြတဲ့သူများလို အနီးကပ် အချိန်အကြာကြီး ထိတွေ့ဆက်ဆံမှု မရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းကိုပြောမယ်ဆိုလို့ တစ်မျိုး မထင်ကြစေချင်ပါဘူး ။ ကျွန်တော် တို့ ငယ်စဉ်ကတည်းကနေ ယနေ့အချိန်အထိ နှစ်ပေါင်း ၃၀ လောက် မျက်ခြည်မပြတ်ရှိခဲ့တဲ့ မြန်မာသိ ကမ္ဘာသိ ခေါင်းဆောင်တစ်ဦးဖြစ်လို့ ကျွန်တော်တို့အားလုံးရှေ့မှောက်က မျက်မြင်သမိုင်းကို အခြေပြုပြီး သုံးသပ်တင်ပြမှာပဲဖြစ်ပါတယ်။

အားလုံးသိကြတဲ့ အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည် ဟာ သမီးဘဝနဲ့နေခဲ့ရတဲ့ မိသားစုဘဝရော ၊ ဇနီး ဘဝ မိခင်ဘဝ နဲ့နေခဲ့ ရတဲ့ မိသားစု ဘဝရော ပျက်စီးသွားခဲ့ရပြီဖြစ်ပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်း စည်းစည်းလုံးလုံးနေရတဲ့ မိသားစု ဘဝ မျိုးကနေ ကိုယ့်ဒူးကိုယ်ချွန် ရုန်းကန်နေထိုင်ရတဲ့ ဘဝ မှာအများဆုံး နေထိုင်ခဲ့ရသူတစ်ဦးလည်းဖြစ်တာကြောင့် နိုင်ငံရေးသမားအဖြစ် ခံယူပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့ မိသားစု ဘဝဟာ ဒုတိယဦးစားပေးနေရာမှာရောက်ရှိနေခဲ့ပြီး ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ် ဆုံးပါးသွားခဲ့ပြီး နောက်မှာတော့ လုံးဝ ပြီးဆုံးသလိုဖြစ်သွားခဲ့ရပါတယ်။ ဒီအကြောင်းကို ထည့်ပြီးပြော ရတဲ့ အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေး ဘဝတစ်လျှောက်လုံး မှာ ဆရာမွေးတပည့်မွေး ၊ လူသူနောက်လိုက် လက်သပ်မွေးတဲ့ အစဉ်အလာမရှိရတဲ့ အကြောင်းကိုပြောလိုတာဖြစ်ပါတယ်။ သူမအနေနဲ့လူပုဂ္ဂိုလ်များစွာကို သူမရဲ့ အနီးကပ်လက်ထောက်အနေနဲ့ပဲဖြစ်ဖြစ် လက်သင့်လို့စားတော်ခေါ်လိုက်တာပဲဖြစ်ဖြစ် အချိန်ကာလ ကြာရှည်သည့်အထိ အသုံးပြုတတ်ပေမယ့် အဲဒီ ပုဂ္ဂိုလ်တွေကို တစ်နေ့တစ်ချိန်မှာ ရည်ရွယ်ချက်ရှိရှိနေရာပေးတာမျိုးတော့မရှိဘူးဆိုတာတွေ့ကြရပါလိမ့်မယ်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အနားက လူပုဂ္ဂိုလ်တွေကို မျှော်မှန်းချက်မထားဘူး၊ ရည်ရွယ်ချက်မထားဘူးလို့လည်း ဆိုလိုခြင်းမဟုတ်ပါဘူး ။ သူမအနေနဲ့ ဖြစ်စေချင်တာတွေရှိလို့ နေရာပေးစေခိုင်းတာမျိုးရှိသလို ၊ လိုအပ်ချက်ရှိလို့ တောင်းဆိုခိုင်းစေတာတွေလည်းရှိပါတယ် ။ သို့သော် ကျွန်တော်အခုထောက်ပြလိုတဲ့အချက်က သူမအနေနဲ့ တစ်ဦးချင်းစီအပေါ် အရည်အချင်းအလိုက် တိကျတဲ့ ရည်ရွယ်ချက်ထားပြီး နေရာပေး မွေးမြူခိုင်းစေလာတဲ့ သဘောမျိုးမတွေ့ရဘူးဆိုတာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အနားက လူတွေ အများကြီးပြောင်းလဲသွားတာ၊ပျောက်ကွယ်သွားတာကိုကြည့်ရင်တွေ့နိုင်ပါတယ်။

အခုနောက်ဆုံး အံ့အားသင့်စရာ မျက်မြင်ကိုယ်တွေ့ အခြေအနေ ကတော့ ယခင် ရန်သူလိုနေခဲ့ကြတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရုံးတစ်ဆူဖြစ်ခဲ့တဲ့ သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရင်းနှီးဆုံး အနီးကပ် မဟာမိတ်တစ်ဦးဖြစ်လာပြီး အတိတ်က မဟာမိတ် တိုင်းရင်းသားအင်အားစုတွေ ဟာ အတိုက်အခံအနေအထား ကို ရောက်ရှိသွားတဲ့ အလှည့်အပြောင်းပဲဖြစ်ပါတယ်။လက်တွေ့မှာ ဒီ အချက်ဟာ ကောင်းကျိုးကို ရော ၊ ဆိုးကျိုးကိုပါ ဖြစ်ပေါ်စေပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် အနားမှာ လူကောင်းတွေ မမြဲနိုင်သလို လူညံ့တွေလည်းရောက်လာနိုင်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် အနားမှာ နေရာရနေသူတွေ ပေါက်ရောက်နေသူတွေ ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ကြည့်ပြီး ဝေဖန်မှုတွေ လုပ်နေတာတွေဟာလည်း ရာနှုန် းပြည့်မမှန်နိုင်ဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ် ။

ကိုယ်မကြိုက်မနှစ်သက်တဲ့ သူတွေ ဒေါ်အောင်ဆန်းစုကြည် အနားကို ရောက်သွားတဲ့ အခါမှာ ကိုယ် မနှစ်သက်တဲ့ အဲဒီ ပုဂ္ဂိုလ် ကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်ပါ အမြင်စောင်းသွားတာမျိုးတွေဖြစ်ပေါ်လာပါတယ် ။ အခုဆိုရင် အစိုးရယန္တရားထဲက ညွှန်မှူး၊ ညွှန်ချုပ်တွေ နဲ့ အလုပ်အတူူတူလုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် လူအများကြားမှာ ဒီလိုသဘောထားတွေအများအပြားခံစားရရှိစေတာကိုတွေ့ကြရပါတယ်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် မှာ ဘက်မရှိတာ ၊ လူမွေးဆရာမွေးသဘောဆန်တဲ့ အုပ်ချုပ်စေခိုင်းမှုမျိုးမရှိတာကို သတိမထားမိကြတာတွေ့ရပါတယ်။ ဒီအချက် အပေါ်မှာ သူမအပေါ် အမြင်မကြည်လင်သူ အချို့က သူမဟာ သူမရဲ့ နိုင်ငံရေး အကျိုးစီးပွား အတွက် အထောက်အကူဖြစ်မယ့်သူတွေကိုသာ ပူးပေါင်းဖို့ ဝန်မလေးတဲ့သဘောဖြစ်တယ်လို့ဝေဖန်ကြပါတယ်။

အထူးသဖြင့် တပ်မတော်နဲ့ရင်ကြားစေ့ရေး ဟာ ဆိုးကျိုးတွေကိုသာပိုပြီးဖြစ်ပေါ်စေတယ်လို့ မြင်ကြပြီး စစ်အစိုးရလက်ထက်မှာ မဟာမိတ်ဖြစ်ခဲ့ပေမယ့် ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်ဆံရေး အေးစက်သွားခဲ့ကြတဲ့ တိုင်းရင်းသား အင်အားစုတွေ နဲ့ အခြားနိုင်ငံရေး အင်အားစုတွေ က အဲဒီလိုမြင်ကြတာဖြစ်ပါတယ် ။ တစ်ဖက်မှာလည်း အဲဒီလို လူယုံလူကောင်းမွေးမြူစုဆောင်းမှု အားနည်းတာကြောင့် ဒီကနေ့ တိုင်းပြည် ရဲ့ အုပ်ချုပ်ရေး ယန္တရားမှာ ကိုယ့်ဘက်ကလူတွေ နည်းနေတာဟာလည်း ပြဿနာတစ်ခုဖြစ်ပါတယ် ။

တစ်ဖက်က အရင်အစိုးရ က ဆယ်စုနှစ် ၃ ခုစာလောက် မွေးမြူထူထောင်ခဲ့တဲ့ ဗျူရိုကရက် အုပ်ချုပ်ရေး ယန္တရားထဲမှာ အခက်အခဲ အဖုအထစ်တွေဖြစ်တိုင်း နောက်ကျောကို ဓားနဲ့ထိုးတယ်ဆိုတဲ့ သံသယတွေဖြစ်ပေါ်စေပါတယ် ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘက်မထား မူဝါဒ ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပါတယ် ။ ကျွန်တော့် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် က အခုလို လူတွေ ကို မျှော်လင့်ချက် နဲ့မွေးမြူ မထားတာ၊ ကိုယ့်နားမှာ အမြဲနေနိုင်လိမ့်မယ်ဆိုတဲ့သဘော နဲ့ အနားမှာနေဖို့ အတင်းဆွဲခေါ်မထားတာဟာ သူမ ရဲ့ ငယ် ဘဝ ကနေဖြတ်သန်းခဲ့တဲ့တစ်လျှောက် ကြုံခဲ့ရတဲ့ ဘဝ အတွေ့အကြုံသင်ခန်းစာတွေကနေ ဆက်စပ်မှုရှိတယ် လို့မြင်ပါတယ် ။

သူမ ဟာ လူပုဂ္ဂိုလ်ချင်း ကိုသာမက နိုင်ငံရေး အရပါ သံယောဇဉ်မထားတတ်တာကို ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဖော်ဆောင်ရေး လှုပ်ရှားမှုကနေ ဒီကနေ့ ၂၀၁၅ ရွေးကောက်ပွဲဖြတ်သန်းမှု အထိတွေ့မြင်ရပါလိမ့်မယ် ။ ဒါကြောင့် အခု သူမရဲ့ နဘေးမှာ တွေ့မြင်နေရသူတွေလည်း အရင်လူတွေလိုပဲ ခရီးဆုံး အထိ အတူရှိနေဖို့ မသေချာသေးဘူးဆိုတာ သတိချပ်စေချင်ပါတယ် ။ ကိုယ့်ဘက် သူ့ဘက် နှစ်ဖက်ထားပြီး မြင်တတ်မှု အားကောင်းနေတဲ့ အားပြိုင်မှုကြီးစိုးနေတဲ့ မြန်မာ့နိုင်ငံရေး မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘက်မထား ရင်ကြားစေ့ရေးမူဟာ ဘယ်လောက်ထိရှေ့ဆက်နိုင်မလဲဆိုတာ ခုကနေစပြီးကြည့်ကြမြင်ကြပါလိမ့်မယ် ။

သေချာတာကတော့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ နိုင်ငံရေးမျိုးဆက်ကတော့ ဒေါ်အောင်ဆန်းစုကြည်မှာ ပဲ ပြီးဆုံးပြီလို့ပြောရမှာဖြစ်ပါတယ် ။ အနာဂတ်နိုင်ငံရေးမှာတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သွေးသားမျိုးဆက်အနေနဲ့ ကျန်ရှိခဲ့ဖို့ အကြောင်းမရှိတော့ဘူးဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမ အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ဘာကိုမှ မစဉ်းစားဘဲ သူမရဲ့ နိုင်ငံရေးမျှော်လင့်ချက် က ခေါ်ဆောင်သရွေ့ အုပ်စုမရွေး ၊ နေရာမရွေး ရွှေ့ပြောင်းနေရာယူ ပေါင်းသင်း လုပ်ကိုင်မြဲ လုပ်ကိုင်နေတာဖြစ်တယ်လို့သုံးသပ်ပါတယ် ။ တစ်နေ့တော့ သမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ခေတ် ဆိုတာပြောစမတ်အဖြစ် သင်ခန်းစာယူစရာတွေအဖြစ် ကျန်ရစ်ခဲ့မှာ အသေအချာဖြစ်ပါတယ် ။

အဲဒီအချိန်ကျရင်တော့ သူမ ရဲ့ သမိုင်းဟာ တိုင်းပြည် နဲ့ ပြည်သူလူထု အတွက် ဘယ်လို သမိုင်းမျိုးဖြစ်မလဲဆိုတာကိုတော့ ကျွန်တော်တို့ အားလုံး စောင့်ကြည့်ကြရပါဦးမယ် ။

သီဟသွေး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.